News

POST TYPE

YOUTH

ယနေ့လူငယ်များ ရင်ဆိုင်နေရသည့် ပြဿနာ
18-Jun-2017 tagged as


ခေတ်ကာလ သားသမီးများ ကံကောင်းကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ယခင်လူငယ်များထက် ပျော်စရာ ဖျော်ဖြေမှုများ၊ နည်းပညာ သုံးစွဲနိုင်မှုများ ပိုပြီး အားသာနေသောကြောင့်ဖြစ်သည်။ သို့သော် သူတို့ အမှန်တကယ် ကံကောင်းသူများလားဟု ဆန်းစစ်ရန်လိုပါသည်။

ခေတ်လူငယ်များသည် အမှန်တော့ ပတ်ဝန်းကျင်တွင် အန္တရာယ်ပတ်လည်ဝိုင်းခြင်း ခံနေရသူများဖြစ်သည်။ စိတ်ဖိစီးမှုများကို ကြုံတွေ့နေရသည်။ ထိုဒဏ်များကို မခံနိုင်သည့်အခါတွင် ပုန်ကန်သူတွေ ဖြစ်လာသည်။ စိတ်ပျက်စရာ ကောင်းသည့် လူ့ဘောင်အဖွဲ့အစည်းက လူငယ်တွေကို အထီးကျန်စေသည်။ ထို့ကြောင့် အရာရာသည် သူတို့ကို ဖိနှိပ်နေသည်ထင်ပြီး လွတ်လပ်ခွင့်များကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် တောင်းဆိုနေတတ်သည်များလည်းရှိသည်။ အလိုမကျသောကြောင့် အားလုံးကို ခွတိုက်ပြီး ရန်လိုသလို ဖြစ်နေသူများလည်း ရှိနိုင်သည်။ 

အမှန်တော့ လူငယ်ဆိုသည်မှာ လူ့ဘောင် အဖွဲ့အစည်းတစ်ခု၏ ဒေါက်တိုင်များ ဖြစ်သည်။ နိုင်ငံစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လူငယ်တို့၏အင်အား လွန်စွာ အရေးပါသည်။ သူတို့၏ လုပ်ဆောင်နိုင်စွမ်းများ၊ အသိဉာဏ်များ၊ ခွန်အားများ၊ တက်ကြွမှုများဖြင့် တိုင်းပြည်ကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်သည်။ သို့သော် လူငယ်များတွင် စိန်ခေါ်မှုတွေ များစွာ ရှိနေသည်။ သူတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လေ့လာကြည့်လျှင်

မိမစုံ ဖကွဲများလာ

မိဘများကို အမိုးတစ်ခုအောက်ထဲတွင် မရှိ။ အမိုးကွဲအောက်တွင် တစ်ယောက်တစ်နေရာ နေထိုင်နေကြသည်။ ငယ်ရွယ်စဉ်ကတည်းက သူတို့စိတ်ထဲတွင် နာကျင်သော ခံစားရချက်များနှင့် ပြည့်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်ကတည်းက မိခင်နှင့်သာ နေထိုင်ရသော သားသမီးများ၊ ဖခင်နှင့်သာ နေထိုင်ရသော သားသမီး အရေအတွက်တွေက ပိုများလာသည်။ စိုးရိမ်စရာ ကောင်းသည့် အဖွဲ့အစည်းများ မသိမသာ နေရာယူလာကြသည်။ မောင်နှမချင်းပင် ကွဲကွာနေရမှုများ ရှိလာသည်။ အဖေ့မေတ္တာကိုမရ၊ အမေ့လက်ထဲတွင် ကြီးပြင်းလာရသူတွေ၊ အမေ့မေတ္တာကိုမရ အဖေ့လက်ပေါ်တွင် ကြီးပြင်းလာရသူများဘဝက အခြား မိစုံဖစုံတို့ထက် စိတ်ဓာတ်ပိုင်းတွင် အားနည်းတတ်သည်။ အရက်သောက်၊ မူးယစ်ဆေးသုံး၊ ကျောင်းထွက်၊ အရွယ် မရောက်မီ ကိုယ်ဝန်ဆောင်မှု အများစုမှာ မိကွဲဖခွဲနေရသူများနှင့် အများဆုံး ဆက်စပ်နေတတ်သည်။

အလွဲသုံး

“စီးကရက်ကို လက်ထဲ ထည့်ထားလိုက်ရင် ကျွန်တော့်ကိုယ်ကျွန်တော် လူကြီးတစ်ယောက်လို ထင်သွားတယ်” ဆေးလိပ်ကို ရုပ်ရှင်များထဲတွင် စတိုင်နှင့် သောက်ပြနေသည်။ စိတ်ညစ်လျှင် ဆေးလိပ် ကောက်ဖွာပြနေကြသည်။ လူငယ်တို့တွင် ရွေးစရာ သိပ်မရှိ။ စိတ်ညစ်သည်ဆိုပြီး ဖွာကြည့်လိုက်ရန်သာ ရှိသည်။ စီးကရက်ဆိုင်တွေကလည်း နေရာအနှံ့ မှိုလို ပေါက်နေသည်။ အရွယ်မရွေး ဝယ်ယူသောက်သုံးနိုင်သည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု စာတန်းထိုးလျှင် တာဝန်ကျေပြီဟု ယူဆနေသော လူ့ဘောင်တွင် လူငယ်တွေ လူဖြစ်နေရသည်။ သူတို့ဝန်းကျင်တွင် စမ်းသပ်စရာတွေ များလှသည်။ ဘီယာဆိုင်တွေ၊ အရက်ဆိုင်တွေက လက်ဖက်ရည်ဆိုင်ထက်ပေါသည်။ မူးယစ်ဆေးကို စမ်းသပ်ချင်သည် ဆိုလျှင်လည်း အချိန်မရွေး ရနိုင်သည့် ပတ်ဝန်းကျင်က ရှိနေသည်။ ပညာပေးတာက နည်းနည်း၊ မက်လုံးပေး ဖျက်ဆီးနေသည်ကများသော လူ့ဘောင်ထဲတွင် သူတို့ နေထိုင်နေကြရသည်။

အရွယ်ရောက်စော

ယခင်ခေတ် လူငယ်တွေက လူငယ်ဆိုသည့် အရသာကို ကောင်းစွာ ခံစားနိုင်ကြသည်။ ခေတ်သစ် လူငယ်တွေက အင်တာနက်ခေတ်၊ ဂြိုဟ်တုခေတ်၊ ရုပ်မြင်သံကြားခေတ်နှင့် ဆိုရှယ်မီဒီယာခေတ်ကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ကြရသည်။ သူတို့တွင် သတင်းအချက်အလက်တွေက အချိန်ပြည့်ရယူနိုင်သည့် အနေအထားတွင် ရှိနေသည်။ လူကြီးတွေသာ သိသင့်သည့်ကိစ္စကို လူငယ်တွေကလည်း အချိန်မရွေးသိနိုင်သည်။ သူတို့ သိချင်တာကို အချိန်မရွေး သိနိုင်သောကြောင့် အရွယ်ရောက်လည်း စောကြသည်။

ကျောင်းမှာ အကြမ်းဖက်မှုများလာ

ကျောင်းကို ကလေးများအား လွှတ်ရသည်မှာ လုံခြုံစိတ်ချရမှု ရှိပြီလားဟု ဆန်းစစ်စိုးရိမ်စရာတွေ များလာသည်။ ကျောင်းဆိုသည်က စာသင်ကြားရန်သာ အာရုံစိုက်လာကြသည်။ စာကျက်၊ စာမေးပွဲအောင်၊ အတန်းတက်လောက်ကိုသာ အာရုံပြု သင်ကြားလာသည့်ကျောင်းများတွင် ပြည်သူ့နီတိ သဘောတရားများ၊ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားဆိုင်ရာ အပြုအမူများ အားနည်းလာသည်။ ကျောင်းတွင်း ပြစ်မှုများ ကျူးလွန်လာမှုတွေကလည်း များလာသည်။ ကျောင်းသားအချင်းချင်း ရန်ဖြစ်၊ အနိုင်ကျင့်၊ ဓားနှင့်ထိုး စသည့် ပြဿနာများမှာ ကျောင်းများနှင့် ကျောင်းသားများကို ခြိမ်းခြောက်လာသည်။

အလှအပ ပဓာန

လူ့ဘောင်က အလှအပကို စိတ်ဝင်စား ဦးစားပေးလာသည်။ အလှကုန်ပစ္စည်း ကြော်ငြာ၊ ကိုရီးယား ဖက်ရှင်တွေက လူငယ်တွေစိတ်ကို လွှမ်းမိုးလာသည်။ အတွေးအခေါ် စဉ်းစားဆင်ခြင်ဉာဏ်ကိုလည်း ကျောင်းက သင်မပေးနိုင်၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ စတိတ်ရှိုးတွေက အတုယူစရာတွေက သူတို့ကို နေ့စဉ် ဆန္ဒတွေကို ဖြစ်ပေါ်နေစေသည်။ တစ်နည်းအားဖြင့် ရုပ်ဝတ္ထုကို အဓိကထားပြီး ချမ်းသာအောင်လုပ်မည်ဆိုသည့် စိတ်ဓာတ် နောက်ကွယ်တွင် ကိုယ်ကျင့်တရားသည် အလေးထားစရာ မလိုဆိုသည့် စံနမူနာတွေက သူ့တို့ဝန်းကျင်တွင် ပြည့်နေသည်။ လှချင်လွန်းသောကြောင့် မည်သည့်နည်းနှင့်မဆို ငွေရလျှင်ပြီးရော စိတ်ဓာတ်များ ဝင်လာခြင်းမှာ ယနေ့လူငယ်များအတွက် စိုးရိမ်စရာ ဖြစ်လာသည်။

အဝလွန်

အိန္ဒိယနိုင်ငံတွင် လူငယ် ၂၅ ရာခိုင်နှုန်းသည် အဝလွန်နေသူများဖြစ်ကြောင်း ရုပ်သံသတင်းတစ်ပုဒ်တွင် ကြားလိုက်ရပါသည်။ ဗီဒီယိုဂိမ်း၊ တီဗီ၊ အင်တာနက်နှင့် အသင့်စားသုံးနိုင်သော အစားအစာများက လူငယ်တွေကို ထိုင်ရာမထ ရောဂါစွဲစေပြီး အဝလွန်သူများ ဖြစ်လာစေသည်။ ခေတ်သစ် လူ့ဘောင်သည် အိမ်နှင့်ကျောင်း၊ ကျောင်းနှင့်ကျူရှင် ကလေးများကို မလှုပ်နိုင်အောင် တုပ်နှောင်ထားသည်။ အိမ်တွင် အနားယူချိန်လည်း ဂိမ်းကစားရာက မထတော့။ အဝလွန်သည့် နောက်ကွယ်တွင် သွေးတိုး၊ နှလုံးများအပြင် စိတ်ကျရောဂါများကလည်း ဖိစီးလာသည်။

ပညာရေး ကွာဟချက်များ

ပညာရေးဆိုသည်မှာ လူတိုင်းအတွက် သင်ယူပိုင်ခွင့်ရှိသော မွေးရာပါ အခွင့်အရေး ဖြစ်သည်။ သို့သော် လူငယ်တိုင်း ပညာသင်ချင်တိုင်း သင်ခွင့်ရှိကြပါသလား။ ပညာရေးဆိုသည်မှာ ဘာဖြစ်သည်၊ ညာဖြစ်သည်ဆိုကာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်နေကြသော်လည်း ပညာရေးနှင့် အရွယ်မတိုင်မီ ဝေးနေကြရသော လူငယ်ပေါင်း များစွာရှိနေသည်။ ပညာကို သင်ခွင့်ရပြီဆိုသည့်တိုင် အရည်အသွေးပြည့် ပညာရေးကို အားလုံးသော လူငယ်များ တန်းတူညီမျှ သင်နိုင်ကြပြီလား။ ချမ်းသာသူတွေက ကျောင်းကောင်းကောင်း နေနိုင်သည်။ ကျူရှင်ကောင်းကောင်းယူနိုင်သည်။ ဂုဏ်ထူး အများကြီး ထွက်ပြီး ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်းတွေ လိုက်နေကြသည်။ ကျူရှင်မပြောနှင့် အလကားရသည့်ကျောင်းသို့ပင် လာမတက်နိုင်သည့် အရွယ်မတိုင်မီ အလုပ်သမားတွေ ဖြစ်နေကြရသည့် ကလေးလူငယ်ပေါင်း များစွာ ရှိနေကြသည်။

အလုပ်အကိုင် အခွင့်အလမ်း မမျှတ

ခေတ်ဟောင်းက လူငယ်တိုင်း ပညာသင်ကြားခွင့်ရရေးအတွက် အလွန်အခွင့်အရေး နည်းလှသည်။ ပညာနောက်ကို သဲကြီးမဲကြီး လိုက်နိုင်မှ ပညာတတ်သည်။ ယနေ့ခေတ်သည် ပညာရေး မဝေးသည့်ခေတ်ဖြစ်သည်။ ဘွဲ့ရဖို့လည်း မခက်၊ ကျောင်းတက်ချင်လည်း အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါလျက် မတက်နိုင်။ ကျောင်းပြီးတော့လည်း ရသည်ဘွဲ့နှင့် ရသည့်အလုပ်ကလည်း ကိုက်ညီချင်မှ ကိုက်ညီသည်။ ရချင်ရာရ၊ လုပ်ချင်ရာ ဝင်လုပ်ကြသည်။ ဘွဲ့ ဒီဂရီတွေ တစ်ထပ်ကြီး ကိုင်ထားသော်လည်း အလုပ်ရချင်မှရသည်။ ရသည့်ဘွဲ့က ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်မလာသည့်အခါ လုပ်ငန်းခွင်များအတွင်း ခွဲခြားကွဲပြားမှုများ ဖြစ်လာစေသည်။

ဆင်းရဲခြင်း

ဆင်းရဲတွင်း နက်သည်ထက် နက်နေသည့် နိုင်ငံတွေ များစွာ ရှိနေသလို၊ ချမ်းသာသည့် နိုင်ငံများတွင်လည်း ဆင်းရဲသူတွေ များစွာ ရှိနေသေးသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံဆိုသည်တွေကလည်း ဖွံ့ဖြိုးသည့်နိုင်ငံ အဆင့်ကို မရောက်နိုင်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နိမ့်ကျမှုများ အားလုံး၏ တရားခံသည် ဆင်းရဲခြင်း ဖြစ်သည်ဆိုသော်လည်း ကူညီကယ်မနိုင်သူတွေ မရှိ။ မရှိလို့ဆင်းရဲ၊ ဆင်းရဲလို့မရှိ လုံးလည်ချာလည် လိုက်နေကြရသည်။ ဆင်းရဲခြင်းက လူငယ်တွေကို သတ်နေသည်။ ဆင်းရဲခြင်းကြောင့် မဖြစ်သင့်တာတွေဖြစ်၊ မလုပ်သင့်တာတွေ လုပ်နေကြရသည်။

ဆိုးသွမ်းလူငယ် အရိပ်တစ္ဆေ

လူငယ်ဆိုသည်မှာ ပြဿနာ အရှာဆုံး ဒုက္ခ အပေးနိုင်ဆုံးဟု လူကြီးတွေ ကိုယ်တိုင်က အမြင်စောင်းနေခြင်းကို ဦးစွာကုစားရန်လိုသည်။ လက်နက်ကိုင် ခြိမ်းခြောက်မှု၊ မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ် ဖောက်ကားမှု၊ မုဒိမ်းမှု စသည့် ကိစ္စအများတွင် လူငယ်တွေ ကျူးလွန်လာခြင်း၏ အကြောင်းရင်း ဇာစ်မြစ်ကို ရှာဖွေသင့်သည်။ အရာရာသည် လုပ်ချင်၍ လုပ်နေသည်မဟုတ်။ ဖြစ်ချင်၍ ဖြစ်နေသည်မဟုတ်။ မဖြစ်သင့်ဘဲ ဖြစ်နေရ၊ မလုပ်ချင်ဘဲ လုပ်နေကြရသည့်ကိစ္စ အများအပြားရှိသည်။ သူတို့အဘယ်ကြောင့် ဆိုးသွမ်းနေရသနည်း ဆိုသည့် ပြဿနာကို မရှာဘဲ သူတို့ကို ပစ်ပယ်ထားပြီး အရေးယူရန် မျက်စိဒေါက်ထောက်ကြည့်နေခြင်းမှာ မျှတမှန်ကန်မှု ရှိပါ၏လောဟု စဉ်းစားကြရန်ဖြစ်သည်။

E-01

  • TAGS