News

POST TYPE

YOUTH

အချိန်နှင့် ဝိရောဓိ
28-May-2017 tagged as


အချိန်သည် ဝိရောဓိလော။ ဝိရောဓိဆိုသည်မှာ ဆန့်ကျင်ဘက် သဘောတရားတစ်ခု ဖြစ်ပါသည်။ အချိန်ကို အကျိုးရှိစွာ သုံးရမည်လော၊ အကျိုးမဲ့စွာ သုံးလိုက် မိသလော လူငယ်တို့ကြားတွင် အမြဲ ဝိရောဓိ ဖြစ်နေတတ်သည်။

လူတိုင်း အချိန် ပိုရချင်လိုက်တာဟု ဆန္ဒဖြစ်ကြမည်သာဖြစ်သည်။ အထူးသဖြင့် လူငယ်တို့တွင် ပျော်ချိန် ပိုလိုချင်သည်။ စာမေးပွဲအတွက် ဖြေချိန်တွေ ပိုပြီးလိုကောင်းလိုနိုင်သည်။ လုပ်ချင်တာ လုပ်နိုင်ရန် အချိန်တွေ ပိုလိုပြီး၊ မလုပ်ချင်သည်များကို မလုပ်နိုင်ရန်အတွက် အချိန်တွေ အမြန်ဆုံး ကုန်စေ့ချင်သည်။ ယင်းတို့သည် ဝိရောဓိများ ဖြစ်နေသည်။ အချိန်ဆိုသည့် အတိုင်းအတာမှာ နေ့တစ်နေ့တာ အတူတူသာ ဖြစ်သည်။ ပိုချင်လည်းမရ။ လိုချင်လည်းမရ။ ၂၄ နာရီ ဆိုသည့် သတ်မှတ်ချက် အတိုင်းသာ ရမည်ဖြစ်သည်။

ပြဿနာက အချိန်နည်းခြင်းများခြင်းမဟုတ်။ အချိန်ကို မည်သို့ အသုံးချသည်ဆိုခြင်းသာ ပြဿနာ ဖြစ်သည်။ အကျိုးရှိသော အလုပ်များအတွက် အချိန်တွေ အများကြီး သုံးသင့်ပြီး အကျိုးမဲ့သော အလုပ်များအတွက် အချိန်ကို နည်းနည်းလေး သုံးနိုင်အောင် ကြိုးစားသင့်သည်။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်းဖြင့် ဝိရောဓိကို နည်းသွားစေနိုင်သည်။

တစ်ခါတစ်ရံ အမှုမဲ့ အမှတ်မဲ့ အကျိုးမဲ့သည့် အလုပ်ကို ရွေးချယ်လိုက်မိသည်များ ရှိပါသည်။ အလေ့အကျင့်များကြောင့် ဖြစ်သည်။ ရွေးချယ်ခြင်းများ ရှိလာလျှင် စိတ်အလိုမလိုက်မိရန် ထိန်းချုပ်နိုင်ရမည်။ ကောင်းသည့်အလုပ်ကို လုပ်မလား၊ မကောင်းသည့် အလုပ်ကို လုပ်မည်လားဟု ဝေခွဲမရဖြစ်နေလျှင် အလေ့အကျင့်က မကောင်းသည့်လမ်းကို တွန်းပို့နေတတ်သည်။ အရက်သောက်လေ့ရှိသူတစ်ဦးက အရက် မသောက်ရ မနေနိုင်ဖြစ်လျှင် ဝိရောဓိဖြစ်လာခြင်းအား အရှုံးပေးသွားတတ်သည်သာ ဖြစ်သည်။

အလေ့အကျင့် ဆိုသည်မှာ ကိုယ်တိုင်က လုပ်ယူထားရသည့် အစွဲအလမ်းတစ်ခု ဖြစ်သည်။ မကြာခဏ လုပ်ဆောင်လျှင် အလေ့အကျင့် ဖြစ်သွားတတ်သည်။ ကောင်းသော အလေ့အကျင့်ကိုလည်း မကြာခဏ လုပ်ဆောင်ခြင်းဖြင့် ပိုပြီး ထူးချွန်ထက်မြက်သွားနိုင်ပါသည်။ သို့သော် ဆိုးသည့် အလေ့အကျင့်များကို မကြာခဏ လုပ်ဆောင်လျှင် ဘေးတွေ့မည်သာဖြစ်သည်။ အကောင်းနှင့် အဆိုးကလည်း ဝိရောဓိဖြစ်သည်။ အကောင်းနှင့် အဆိုးကို ဝေခွဲနိုင်သော်လည်း အလေ့အကျင့်က ဆွဲခေါ်နေလျှင် မကောင်းမှုဘက်ကိုသာ ရောက်သွားနိုင်သည်။

အလေ့အကျင့် တစ်ခုသည် ကောင်းသည် ဆိုးသည်ဆိုခြင်းကို ပတ်ဝန်းကျင်က လက်ခံနိုင်သည်၊ လက်မခံနိုင်ဆိုသည့်စံဖြင့်လည်း တိုင်းတာနိုင်ရမည်။ ကိုယ်ကောင်းသည်ထင်သည့် စံတစ်ခုမှာ ပတ်ဝန်းကျင်က လက်ခံနိုင်သည့် စံတစ်ခု မဟုတ်လျှင် ဝိရောဓိဖြစ်မည်။ လူဆိုသည်က ပတ်ဝန်းကျင်နှင့် နေထိုင်ရသူများ ဖြစ်သောကြောင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ဝိရောဓိဖြစ်စေရန် နေထိုင်၍မရပေ။

လူတစ်ဦးတွင် အကောင်းမြင်စိတ် တစ်ခုကို ပြောင်းလဲရန် ချက်ချင်း မလွယ်ပေ။ အကောင်းနှင့် အဆိုးကလည်း ဝိရောဓိ ဖြစ်နေသောကြောင့် အဆိုးထဲ နစ်နေသူတစ်ဦးမှာ အကောင်းပြန်ဖြစ်ရန် အချိန်ပေးရသည်။ အကောင်းမြင်စိတ်ကို ပြုပြင်ရန် ကိုယ်တိုင်သာ ပြုလုပ်နိုင်သည်။ ပြောင်းလဲလိုစိတ်ရှိမှ ပြောင်းလဲနိုင်သည်။ ဝိရောဓိဆိုသည်မှာ ကိုယ်နှင့် ပတ်ဝန်းကျင်အတွင်းလည်း ဖြစ်နိုင်သည်။ ကိုယ့်ကိုယ်ထဲ၌လည်း ဝိရောဓိ ဖြစ်နိုင်သည်။ ဝိရောဓိကို ကိုယ်တိုင်ကလွဲပြီး မည်သူမှ မကုစားနိုင်ပေ။

လူငယ်တို့ဘဝတွင် ဝိရောဓိများဖြင့် နေ့တိုင်း ရင်ဆိုင်နေရသည်။ နေ့စဉ် ဝိရောဓိတွေက စိန်ခေါ်နေသည်။ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ဝိရောဓိ ဖြစ်လာမှုများကို မည်သို့ ကျော်လွှား အနိုင်ယူခဲ့နိုင်သည်ဆိုခြင်းမှာ အရေးကြီးသည်။

တစ်ရက်လျှင် ၂၄ နာရီသာ ရှိသည်။ ထိုကာလအတွင်း အကောင်းနှင့် အဆိုးဆိုသည့် ဝိရောဓိနှစ်မျိုးတွင် သင်မည်သည့်ထဲတွင် အချိန်မည်မျှကြာကြာ နေထိုင်ခဲ့သည်ဆိုခြင်းမှာ သင့် အဆုံးအဖြတ်အပေါ် မူတည်သည်။

E-01 
(Time is a Paradox)

  • TAGS