News

POST TYPE

YOUTH

အောင်မြင်ခြင်းဆိုတာ ခရီးတစ်ခုပါ
07-May-2017 tagged as လူငယ်ရေးရာ

‘Success is a journey, not a destination’

‘အောင်မြင်ခြင်း ဆိုသည်မှာ ခရီးတစ်ခုဖြစ်ပြီး ပန်းတိုင်မဟုတ်ပါ’ အလွန်မှတ်သားစရာကောင်းသည့် စကားလေးတစ်ခွန်း ဖြစ်ပါသည်။ ထိုစကားကို ပြောသွားသူမှာ Artur Ashe ဖြစ်သည်။ သူက ဘာလုပ်လုပ် ရလဒ်ထက် လုပ်ရပ်က ပိုပြီးအရေးကြီးကြောင်း ဆိုလိုခြင်း ဖြစ်သည်။ 

လူတိုင်းကို ‘အောင်မြင်ချင်သလား’ ဟု မေးကြည့်ပါ။ ‘မအောင်မြင်ချင်တဲ့သူ ဘယ်မှာရှိမလဲ’ ဟု ပြန်ဖြေမည်သာ ဖြစ်သည်။ သို့သော် ‘အောင်မြင်မှုဆိုတာ ဘာလဲ’ ဟုမေးလိုက်လျှင် ဖြေချင်မှ ဖြေနိုင်ကြပေလိမ့်မည်။ 

အောင်မြင်မှုဆိုသည်မှာ မိမိရည်ရွယ်ထားသည့် ကိစ္စတစ်ခုခုကို ပြီးမြောက်အောင်မြင်စေရန် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အောင်မြင်လိုက်လျှင် ပန်းတိုင်ရောက်သွားပြီဟု မဆိုနိုင်ပါ။ အောင်မြင်လိုက်လျှင် အောင်မြင်ခြင်းကို ဆက်ပြီးလျှောက်နိုင်ရန် ခရီးတစ်ခုအနေနှင့် စတင်ရတော့မည်ကို ရှုမြင်တတ်ရန် လိုပါသည်။

အောင်မြင်ခြင်း ဆိုသည်မှာ မိမိတို့ စိတ်ကူးယဉ်ထားသည်ကို အကောင်အထည်ဖော်နိုင်ခြင်း ဟူ၍လည်း ဆိုကြသည်။ အချို့ကလည်း ငွေ၊ အာဏာ၊ အတ္တ၊ လူမှုရေး စသည့် ကိစ္စများတွင် အောင်မြင်မှု တစ်ခုခု ရလိုက်သည်ကို အောင်မြင်ခြင်းဟု မှတ်ယူကြခြင်းများလည်း ရှိပါသည်။

လူသားများသည် စိတ်ကူးအိပ်မက်များအတွက် တိုက်ပွဲဝင်နေကြသူများ ဖြစ်သည်။ နေ့စဉ် အိပ်မက်တွေ မက်နေသည်။ စိတ်ကူးတိုင်း ဖြစ်လာသည်လည်း ရှိသည်။ မဖြစ်လာသည်လည်း ရှိနိုင်သည်။ အကောင်အထည်ဖော်နိုင်သည်လည်း ရှိမည်၊ မဖော်နိုင်သည်လည်း ရှိမည်။ အိပ်မက်တိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သည်တော့ မဟုတ်။ သို့သော် စိတ်ပျက်လက်လျှော့ခြင်း မရှိ။ ဆက်ပြီးတွေးသည်၊ ဆက်ပြီး စိတ်ကူးယဉ်နေကြသည်သာ ဖြစ်သည်။ 

ကလေးဘဝက မတ်တတ်ရပ်ပြီးလျှင် လမ်းလျှောက်သင်မည်။ အကြိမ်ကြိမ် လဲကျပြီးမှ လျှောက်တတ်ကြသည်ပင်။ ထိုအချိန်ကတည်းက လဲကျ၍ စိတ်ဓာတ်ကျပြီး လမ်းမလျှောက်ချင်ဟူ၍ လုပ်ခွင့်မရှိ။ လမ်းလျှောက်သင်ရင်းက ဘဝထဲကို တိုးဝှေ့ဝင်လာခဲ့ကြရသည်။ ထို့ကြောင့် ဘဝလမ်းတွင် အကြိမ်ကြိမ် လဲကျသည်ရှိသော် စိတ်ပျက်အားလျှော့ခြင်း မဖြစ်သင့်။ အောင်မြင်သည့်တိုင် လျှောက်လှမ်းနိုင်စေရန် ကြိုးစားနေရမည်သာ ဖြစ်သည်။ 

‘ဆုံးရှုံးမှုများသည် အောင်မြင်ခြင်း၏ အုတ်မြစ်များဖြစ်သည်’ ထိုစကားလေးကလည်း အလွန်သဘောကျစရာ ကောင်းလှပါသည်။ ဆုံးရှုံးမှုတိုင်းသည် အချည်းနှီး မဟုတ်ပါ။ ပြန်လည်စတင်ခွင့် အကြိမ်ကြိမ် ရရှိခြင်းဟု ယူဆထားသင့်ပါသည်။ ဆုံးရှုံးမှုသည် နောက်တစ်လှမ်း ဆုတ်လိုက်သည့် တွန်းအားတစ်ခုလည်း ဖြစ်သည်။ ဆုံးရှုံးမှုတစ်ခုခု ဖြစ်လိုက်လျှင် မိမိဘဝကြီး တစ်ခုလုံး ဆုံးရှုံးသွားပြီဟု မထင်သင့်။ အလှည့်အပြောင်းတစ်ခုကို ရင်ဆိုင်လိုက်ရခြင်း သို့မဟုတ် ဖြစ်တတ်သည့် သဘောတစ်ခု အနေနှင့် ဆင်ခြင်ကြည့်တတ်ရန် လို သည်။ ကံကောင်း၍ ဆုံးရှုံးမှုကို ကြုံတွေ့လိုက်ရကြောင်း မြင်ကြည့်လိုက်ပါက ရှေ့ဆက်တွန်းအားများ ဖြစ်သွားနိုင်ပါလိမ့်မည်။ 
ပိုကောင်းစေနိုင်သည့်၊ ပိုပြီးအောင်မြင် စနိုင်သည့် အခိုက်အတန့် အလှည့်အပြောင်းတစ်ခုကို ကံကောင်းသောကြောင့် ရလိုက်သည်ဟု ခံယူလိုက်လျှင် ပုံကျလဲသွားစရာ အကြောင်း မရှိနိုင်ပါ။

ဘဝတွင် အောင်မြင်မှုတစ်ခုကို ရယူလိုလျှင် အောင်မြင်မှုဆိုသည့် သဘောတရားကို ကောင်းစွာ ရှုမြင်နိုင်ရမည်။

ပထမဆုံး သိထားသင့်သည်က အတိုင်းအဆ ပမာဏကို ရှုမြင်တတ်ခြင်း ဖြစ်သည်။ ဘဝတွင် အလွန်အကျွံဆိုခြင်းမှာ မကောင်း။ အကန့်အသတ်၊ အထိန်းအချုပ်၊ ပမာဏ တစ်ခုခုကို ပိုင်းဖြတ်နိုင်ရန် အရေးကြီ သည်။ ဥပမာ-ကိုယ်က မျက်စိအမြင် ချွတ်ယွင်းနေသည်။ ကားမမောင်းနိုင်။ ကားမမောင်းနိုင်ခြင်းကြောင့် ဘဝတွင် ဒုက္ခရောက်နေပြီဟု မရှုမြင်သင့်။ ကားမမောင်းနိုင်ခြင်းသည် မိမိဘဝတွင် အခက်အခဲ အတားအဆီးတစ်ခု ဖြစ်နေသည်ဟုလည်း မရှုမြင်သင့်ပေ။ ကိုယ်လုပ်နိုင်သည့် နေရာက လုပ်မည်၊ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်မည်။ မဖြစ်နိုင်တာကို တွေးနေမည့်အစား အဖြစ်နိုင်ဆုံးကို အကောင်းဆုံးနှင့် အအောင်မြင်ဆုံး လုပ်မည်ဆိုသည့် စိတ်ဓာတ်က ပိုပြီး အရေးကြီးသည်။ မျက်စိမမြင်၊ ကားမမောင်းနိုင်သောကြောင့် ဘဝတွင် အောင်မြင်မှုမရနိုင်ဟု ထင်ကာ လက်လျှော့ပြီး ထိုင်နေလျှင် ဘာမှဖြစ်လာမည် မထင်။ ထို့ကြောင့် ကိုယ့်အကန့်၊ ကိုယ့်ပမာဏ၊ ကိုယ့်အတိုင်းအတာကို ပထမဆုံး မြင်အောင် ကြည့်နိုင်ရမည်။

ဒုတိယအချက်မှာ ကြိုတင်တွေးမြင်နိုင်ခြင်း ဖြစ်သည်။ အခက်အခဲ၊ အတားအဆီးတွေ အများကြီး ရင်ဆိုင်လာနိုင်ကြောင်း ကြိုတင်မြင်ပြီး ပြင်ဆင်ထားနိုင်ခြင်းမှာ ပညာဖြစ်သည်။ ပညာဖြင့် မြင်အောင် ကြည့်နိုင်ရမည်။ ပညာဖြင့် မြင်တတ်အောင် ရှုတတ်သူများ ဖြစ်အောင် ကြံဆောင်နေရမည်။

အခက်အခဲဒုက္ခများ ဖြစ်လာပါက မည်သို့ကျော်ဖြတ်မည်နည်း။ မပြင်ဆင်ထားသောကြောင့် ရှုံးနိမ့်လိုက်ရပြီး ရှေ့ဆက်ဘာလုပ်ရမှန်းမသိ ဖြစ်နေသူများထက်၊ ပြင်ဆင်ထားသူများက ပိုပြီး ရှေ့ဆက်နိုင်ရန် အချိန်ရနိုင်သည်။ မည်မျှအတိုင်းအတာအထိ ပြင်ဆင်ထားနိုင်သနည်း ဆိုခြင်းမှာ မိမိထံတွင် ရှိနေသည် တွေးခေါ်နိုင်စွမ်းနှင့် စိတ်ဓာတ်များအပေါ်တွင်လည်း မူတည်သည်။ 
အခက်အခဲကို ရင်ဆိုင်ရန် ပြင်ဆင်ထားလိုက်ခြင်းကပင် အဆင့်တစ်ဆင့်ကို တက်ထားလိုက်ခြင်း ဖြစ်သည်။ 

မိမိကိုယ်မိမိ ယုံကြည်ကိုးစားစိတ် ဦးစွာထားရန် အရေးကြီးသည်။ ကလေးတစ်ယောက်ဘဝတွင် လမ်းလျှောက်သင်ခဲ့ရသလိုပင်။ ကိုယ်ကို ခိုင်မာစွာ ရပ်ပြီးမှ တစ်လှမ်းကို စလှမ်းမည်။ လဲကျသွားလည်း ပျော်ရွှင်စွာ ပြန်ထလိုက်ရုံသာ ဖြစ်သည်။

‘အောင်မြင်ခြင်း ဆိုသည်မှာ ခရီးတစ်ခုဖြစ်ပြီး၊ ပန်းတိုင်မဟုတ်ပါ’
ခရီးနှင့် ပန်းတိုင် ကွာခြားသည်ကို သတိပြုပါ။ အောင်မြင်ခြင်း တစ်ခုခုကို ရလိုက်သည်နှင့် ပန်းတိုင်ကို ရောက်သွားပြီဟုထင်လျှင် ကျဆုံးသွားလိမ့်မည်။ 

ဘဝအောင်မြင်ခြင်း ဆိုသည်မှာ ပန်းတိုင်မရှိပါ။ လူသည် မသေမချင်း အောင်မြင်မှုနောက်ကို လိုက်နေကြမည်သာ ဖြစ်သည်။ ထို့ကြောင့် မဆုံးနိုင်သည့် ခရီးသွားများသာ ဖြစ်သည်။ ဆက်ပြီးလျှောက်နေကြရမည်သာ ဖြစ်သည်။                                      

E01