News

POST TYPE

YOUTH

ကမ္ဘာကို ပြောင်းလဲမည့် ဆိုရှယ်မီဒီယာများ
30-Apr-2017 tagged as


ကမ္ဘာတစ်ဝန်းလုံးတွင် လူတိုင်းလိုလို ဆိုရှယ် မီဒီယာများနှင့် မကင်းနိုင်ဖြစ်လာကြသည်။ လူတိုင်းသုံး၊ နေ့တိုင်းသုံး တိုးပွားပြီးရင်း တိုးပွားနေသော လုပ်ငန်းကြီးတစ်ခု ဖြစ်လာသည်။ လာမည့် ၂၀၁၈ ခုနှစ်တွင် ဆိုရှယ်ကွန်ရက်ကို အသုံးပြုမည့်သူပေါင်း ၂ ဒသမ ၄၄ ဘီလီယံခန့် ရှိလာလိမ့်မည်ဟု ခန့်မှန်းထားသည်။

ဆိုရှယ်မီဒီယာကို လူတိုင်း၏ ဘဝတိုင်းတွင် အသုံးပြုလာကြသည်။ ကိုယ်ရေး ကိုယ်တာအရ ဆက်သွယ်ရန်၊ ဖျော်ဖြေရေးအတွက် ကြည့်ရှုရန်၊ လုပ်ငန်းအတွက်၊ ပညာရေးအတွက် နည်းမျိုးစုံဖြင့် မိမိတို့ လိုအပ်သလို သုံးစွဲလာကြခြင်း ဖြစ်သည်။ Facebook ဆိုသည့် ဆိုရှယ်မီဒီယာပေါ်တွင် မိနစ်တိုင်း Message ပေါင်းသန်း ၃၀ ကျော် အပြန်အလှန် ပို့နေကြသည်။ အပြန်အလှန် စာရိုက်ပြီး တုံ့ပြန် ဆက်သွယ်နေသူပေါင်း မိနစ်တိုင်းတွင် ၃၅၀,ဝ၀ဝ ဦးရှိသည်။ 

ခေတ်သစ်တွင် မဖြစ်မနေ သိထား၊ သတိပြုထားရမည့် အချက်များကို ပြောချင်ပါသည်။

- လူတိုင်း သွားပွတ်တံထက် မိုဘိုင်းလ်ဖုန်းများကို ပိုင်ဆိုင်လာကြသည်။

- Facebook သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော တိုင်းပြည်ကြီးတစ်ခုဖြစ်လာသည်။

- Twitter သည် အဘိုး အဘွားတို့ အများဆုံး အသုံးပြုနေသော ဆိုရှယ်မီဒီယာဖြစ်သည်။

ဆိုရှယ်မီဒီယာအပေါ် လူတိုင်းမြတ်နိုး ချစ်ခင်လာခြင်းသည် ဆက်သွယ်မှုပုံစံကို ပြောင်းလဲလာနိုင်ရုံမက စီးပွားရေး လုပ်ငန်းပုံစံများလည်း ပြောင်းလဲလာစေသည်။ ထို့ပြင် ဆိုရှယ် မီဒီယာနှင့် ဆက်စပ်ပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ပုံစံတွေလည်း လိုက် ပြောင်းလာရသည်။ ဆိုရှယ်မီဒီယာက ဘာတွေ ပြောင်းလဲမည်နည်း။\

စီးပွားရေး လုပ်ငန်းပုံစံကို ပြောင်းလဲခြင်း

ဒစ်ဂျစ်တယ် ဂျာနယ်လစ် တစ်ဦးဖြစ်သူ ကလဲရီ ဝါဒဲလ်က-

“နောက်လာမည့် ၇ နှစ်တွင် သတင်းမီဒီယာ လောကကို ဆိုရှယ်မီဒီယာများက အမြစ်ဖြုတ် သုတ်သင်တော့မယ်။ ဘာကြောင့်လဲဆိုတော့ ဆိုရှယ်မီဒီယာအဖွဲ့က လူသိပ်မလိုဘဲ သတင်းတွေကို ထုတ်ပြန်နေလို့ ရတယ်။ လူတိုင်း ဆိုရှယ်မီဒီယာတွေပေါ်ကို ရောက်နေချိန်မှာ သတင်းမီဒီယာ လောကပုံစံကို မပြောင်းလို့ကို မရတော့ဘူး”ဟု သတိပေး ပြောကြားသွားသည်။ သတင်းမီဒီယာ လောကတွင် လုပ်ကိုင်လိုသည့် လူငယ်များအနေနှင့် လမ်းကြောင်းသစ် တစ်ခုကို တီထွင်ဖောက်ထွက်နိုင်ရန် သတိပေးသွားခြင်း ဖြစ်သည်။

သတင်းမီဒီယာ လောကတွင် ဒစ်ဂျစ်တယ် မားကက်တင်းဆိုသည့် ပုံစံသစ်တစ်ခု ပေါ်ပေါက်လာလိမ့်မည်။ အထူးသဖြင့် မိမိဖောက်သည်ကို ဝန်ဆောင်မှုပေးမည့် ဆက်သွယ်မှု ပုံစံသစ်တစ်ခုကို ဖော်ထုတ်နိုင်မှသာ ရလိမ့်မည်။ ကိုယ့်ဖောက်သည်က ဘာသတင်းတွေကို သိချင်သနည်း၊ ဘာတွေ တောင်းဆိုနေသနည်း၊ ဘာတွေကို ဖြည့်ဆည်းပေးရမည်နည်းဆိုသည့် လိုင်း (Channels) များကို မဖော်ဆောင် မဆက်သွယ်၊ ဝန်ဆောင်မှု မပေးနိုင်လျှင် နောက်ကျကျန်ခဲ့မည်သာဖြစ်သည်။ 

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဆိုသည့် ပုံနှိပ် မီဒီယာများအနေနှင့် ဆိုရှယ်မီဒီယာလိုင်းများကို ကောင်းစွာ အသုံးမချနိုင်ပါက ထိုးနှက် ချေဖျက်ခြင်းကို ခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် သတင်းမီဒီယာကို စိတ်ဝင်စားသော လူငယ်များအနေနှင့် ဖွံ့ဖြိုးတိုးတက်နေသည့် ဆိုရှယ်မီဒီယာများကို အသုံးချပြီး မီဒီယာ ထုတ်လွှင့်နိုင်မှုကို လေ့လာထားကြရန် လိုသည်။ နည်းပညာ ကျွမ်းကျင်မှုများ အသုံးချကာ မည်သို့ အကျိုးအမြတ် ရှာမည်နည်း ဆိုသည့်လမ်းကြောင်းပေါ်ကို ကူးပြောင်းသင့်ပြီဖြစ်သည်။

ဆိုရှယ်မီဒီယာသည် အနာဂတ်ဘဏ်

လူငယ်များ မျက်ခြည်မပြတ်သင့်သည့်အချက်မှာ ဆိုရှယ်မီဒီယာများသည် လုပ်ငန်းတိုင်းတွင် ငွေပေးငွေယူများကို လုပ်ဆောင်လာနိုင်သည့် နေရာများ ဖြစ်သည်ဆိုခြင်းပင်။ ထိုကာလသည် မဝေးသော အချိန်မှာပင် ရောက်လာပေတော့မည်။ Lenddo ကုမ္ပဏီမှ ရစ်ချတ် အဲလ်ဒရစ်က-

“ဆိုရှယ်မီဒီယာနဲ့ ဘဏ်တွေ ချိတ်ဆက်ပြီးတော့ ဆိုရှယ်မီဒီယာတွေ ကိုယ်တိုင်က ဘဏ်တွေဖြစ်လာတဲ့ ကာလတစ်ခုကို ရောက်လာတော့မယ်။ လူတိုင်းက ငွေပေးငွေယူ ကိစ္စတွေကို ဆိုရှယ်မီဒီယာတွေကနေ အလွယ်ပဲ လွှဲပြောင်းလာကြလိမ့်မယ်။ ဘဏ်တွေ အနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်လာတဲ့ ဆိုရှယ်မီဒီယာတွေကို ချိတ်ဆက်မထားနိုင်ရင် လုပ်ငန်းမတွင် ဖြစ်လာလိမ့်မယ်။ ဘဏ်က ငွေစာရင်းတွေနဲ့ ဆိုရှယ်မီဒီယာကို ချိတ်ဆက်တာတွေ၊ ဆိုရှယ်မီဒီယာကတစ်ဆင့် ငွေချေးတယ် ဆိုတာတွေဟာ မလွှဲမရှောင်သာ ဖြစ်ကိုဖြစ်လာတော့မှာ”ဟု ဆိုခဲ့သည်။ သူကဆက်ပြီး

“အကြီးမားဆုံးသော စိန်ခေါ်မှုကတော့ လုံခြုံရေးအဆင့် တည်ဆောက်ခြင်းပဲ။ သုံးစွဲသူတွေရဲ့ အချက်အလက်တွေနဲ့ ဒေတာတွေကို အဲဒီ ဆိုရှယ်မီဒီယာတွေကလည်း ဘယ်လောက်အထိ လုံခြုံအောင် ထိန်းသိမ်းပေးနိုင်မလဲ ဆိုတာတွေလည်း ဖြစ်လာလိမ့်မယ်။ ဘဏ်နဲ့ ဆိုရှယ်မီဒီယာတွေ ချိတ်ဆက်လုပ်နိုင်မယ် ပေါ်လစီတွေ၊ ဥပဒေတွေ ပေါ်ထွက်လာနိုင်စရာ အကြောင်းတွေရှိတယ်”

ကျန်းမာရေးနဲ့ ဆိုရှယ်မီဒီယာ ချိတ်ဆက်လာ

ကျန်းမာရေး ဌာနများ အနေနှင့်လည်း ဆိုရှယ် မီဒီယာအား မဖြစ်မနေ ချိတ်ဆက် လုပ်ဆောင်လာရမည့်ခေတ်ကို ရောက်လာပေတော့မည်။ Skype ပေါ်တွင် အတိုင်ပင်ခံ၊ အကြံပေး ဒေါက်တာတွေ ရောက်လာပြီဖြစ်သည်။ အွန်လိုင်းပေါ်က ဆရာဝန်တွေကလည်း ဘယ်လောက်ဝေးဝေး ခေါ်ယူ ဆွေးနွေးနိုင်ရန် အဖွဲ့အစည်းများ ဖွဲ့ပေးထားကြသည်။ မိမိနှစ်သက်ရာ ဆရာဝန်နှင့် အွန်လိုင်းပေါ်ကတစ်ဆင့် တိုက်ရိုက် ဆွေးနွေးနိုင်သည့် ခေတ် ဖြစ်လာသည်။

အွန်လိုင်းကတစ်ဆင့် ဆရာဝန်တွေ အချင်းချင်းလည်း ဆွေးနွေးနိုင်သည်။ ကိုယ်မကျွမ်းကျင်သည့် အရာကို လွှဲပြောင်းပေးနိုင်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာကွန်ရက် ကျန်းမာရေး စင်တာကို ထူထောင်ထားသည့် ရှန်နွန် ဒို့စ်မာဂင်က -

“ဆိုရှယ်မီဒီယာက လူတစ်ဦးချင်းကိုရော၊ အဖွဲ့အစည်းကိုပါ ကျန်းမာရေးနဲ့ပတ်သက်ပြီး အများကြီး ပြောင်းလဲလိုက်တယ်။ အဓိက အချက်ကတော့ သတင်း အချက်အလက်တွေကို ချက်ချင်း လွှဲပြောင်း ရယူနိုင်အောင် လုပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်”ဟု ဆိုသည်။

ဆိုရှယ်မီဒီယာကတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရှန်နွန်က-

“ဆိုရှယ်မီဒီယာဆိုတာ လမ်းနှစ်သွယ် ရွေးချယ်စရာလို ဖြစ်လာတယ်။ ကျန်းမာရေး အေဂျင်စီဆိုပြီး ထူထောင်ထားတဲ့ ဆိုရှယ်မီဒီယာတွေလည်း ရှိလာနိုင်တယ်။ အဲဒီနေရာတွေက လူတွေ သတင်းမှားတွေ အကြံပေး အမှားတွေ ရနိုင်တယ်။ ဒါကြောင့် ကိုယ်ရလာတဲ့ ကုသချက်တွေ အကြံပြုချက်တွေဟာ ဘယ်လောက်အထိ တိကျမှန်ကန်မှု ရှိသလဲဆိုတာကို တန်ပြန် အတည်ပြုပေးမယ့် နေရာတွေ လိုလာလိမ့်မယ်”ဟု ဆိုသည်။ သူပြောချင်သည်က တတိယ အဖွဲ့အစည်းတစ်ခု လိုအပ်လာမည်ဆိုသည့်သဘော ဖြစ်သည်။

အုပ်ချုပ်ရေးတွင် စွက်ဖက်လာနိုင်ခြင်း

နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူပြည်သားများ အပြည့်အဝ ပါဝင်ခွင့်ရရေး ဆိုသည်မှာ ဆိုရှယ်မီဒီယာများကိုပါ အလေးထား စောင့်ကြည့်မှ ရနိုင်မည့် ခေတ်ကာလကို ရောက်လာပြီဖြစ်သည်။ ပြည်သူ့အသံ အနေနှင့် ဆိုရှယ်မီဒီယာများကို သတိပြုနေကြရပြီ။ Impassion Media မှ အီလင်းဂေါင်က -

“ဆိုရှယ်မီဒီယာတွေက နိုင်ငံသားတွေကို စိတ်ကူးတွေ ထုတ်ပေးတဲ့နေရာတွေ ဖြစ်လာပြီ။ အဲဒီအပေါ်မှာ စိတ်ကူးကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေကို ယူတတ်ရင် ရနိုင်တဲ့ အနေအထားတွေ ဖြစ်လာတယ်”ဟု ဆိုသည်။

အနာဂတ်တွင် အစိုးရအနေနှင့် မိမိတို့သည် မည်မျှအထိ ပွင့်လင်းပြီး ထင်သာမြင်သာရှိစွာ အုပ်ချုပ်နေကြောင်းကို ဆိုရှယ်မီဒီယာများ အသုံးပြုပြီး ပြည်သူကို အမြန်ဆုံး ချပြရန်ကလွဲ၍ အခြားနည်းလမ်း မရှိ ဖြစ်လာလိမ့်မည်။ သတင်းစာသည် လူတိုင်းမဖတ်၊ နေရာတိုင်း ရောက်ချင်မှ ရောက်မည်။ ရောက်လျှင်လည်း အချိန်ကာလ ကွာသွားနိုင်သည်။ လူတိုင်းလက်ထဲတွင် ကိုင်ထားသည့် ဖုန်းတစ်လုံးပေါ်ကို အစိုးရက ဘာတွေ လုပ်နေပါသည်ဟု ချက်ချင်း ထုတ်ဖော်သတင်း ပို့နိုင်သည်။ မိမိမဲဆန္ဒရှင် ပြည်သူများနှင့် အကောင်းဆုံး၊ အမြန်ဆုံး အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်မည့်နည်းမှာ ဆိုရှယ်မီဒီယာကလွဲပြီး အခြားနည်း မရှိဖြစ်လာလိမ့်မည်။

“နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ တစ်လ ဘယ်နှကြိမ် တွေ့နိုင်မှာလဲ။ နိုင်ငံ့ခေါင်းဆောင်တွေလည်း ဘယ်လောက် တွေ့ဆုံနိုင်ကြမှာလဲ။ အွန်လိုင်း မြို့တော် ခန်းမကြီးထဲမှာ ပြည်သူတွေကို နေ့တိုင်း ဆက်သွယ်လို့ရတယ်။ ပြည်သူနဲ့ နေ့တိုင်း စကားပြောလို့ရတယ်။ အစိုးရ ဘာပြောချင်သလဲ၊ ဘာဖြစ်ချင်သလဲ ချက်ချင်း ထုတ်ပြောလိုက်လို့ ရတယ်”ဟု အီလင်းက ဆိုသည်။

အစိုးရသည် အွန်လိုင်းမီဒီယာ၊ ဆိုရှယ်မီဒီယာကို မသုံးသေးလျှင် သို့မဟုတ် ပစ်ပယ်လျှင် ဘာဖြစ်သွားနိုင်သနည်း။ ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်မှ တေလာ အိုဝင်က -

“ဒစ်ဂျစ်တယ် နည်းပညာဆိုတာက ဆန်းသစ် တော်လှန်တဲ့ စနစ်ကြီးတစ်ခု ဖြစ်လာပြီး လူတိုင်းကို လွှမ်းမိုးလာတယ်။ ကမ္ဘာပေါ်မှာ ဒီဖွံ့ဖြိုးတိုးတက်လာမှုကို စိန်ခေါ်ပြိုင်ဆိုင်နိုင်တာမျိုး မရှိသေးဘူး။ ဒါကြောင့် နိုင်ငံတကာမှာ အဓိကကျတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်သရုပ်ဆောင်နေရတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း ဒစ်ဂျစ်တယ်ဖြစ်အောင် လုပ်မှရတော့မယ်။ နိုင်ငံအုပ်ချုပ်ရေးကို စိန်ခေါ်နေတဲ့ ဆိုရှယ်မီဒီယာတွေကို သတိထားမှ ရတော့မယ်”ဟု ဆိုသည်။ 

သဘာဝဘေးကို ကူညီပေး

Facebook ပေါ်တွင် Safety Check ဆိုသည့် အစီအစဉ်တစ်ခု ထည့်သွင်းထားသည်။ သဘာဝဘေး ကျရောက်နေသည့် ဒေသများတွင် အန္တရာယ်ကင်း ဘေးရှင်းခြင်း ရှိ၊ မရှိ အမြန်ဆုံး ဆက်သွယ်နိုင်စေရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။ CrisisMappers Network ကလည်း ဆိုရှယ်မီဒီယာနှင့် ဒစ်ဂျစ်တယ် ချိတ်ဆက်ပြီး သဘာဝဘေး ကျရောက်နေသည့် နေရာများတွင် အမြန်ဆန်ဆုံး ဆက်သွယ်နိုင်ရေးတို့ကို အကူအညီ ပေးနေသည်။

ဆိုရှယ်မီဒီယာများတွင် သဘာဝဘေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်စပ်လာရခြင်းကို Qatar Computing Research Institute မှ ဟီသာလီဆန်က -

“ဒစ်ဂျစ်တယ် တုံ့ပြန်မှုတွေက ရုတ်တရက် ဘေးကို ချက်ချင်း ဆောင်ရွက်နိုင်စွမ်းတွေ ရှိလာတယ်။ ချက်ချင်းပဲ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေ၊ စေတနာ့ ဝန်ထမ်းတွေ ဆက်သွယ် ခေါ်ယူပြီး စုရုံးလိုက်ကာ အခင်းဖြစ်တဲ့နေရာကို ချက်ချင်း ရောက်သွားအောင် စွမ်းဆောင်နိုင်တယ်။ လူတစ်ဦးချင်းကနေ အဖွဲ့အစည်းတွေဆီကို တိုက်ရိုက် ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်တဲ့ အကောင်းဆုံး၊ အမြန်ဆုံးနည်းပဲ”ဟု ဆိုသည်။ 

ဒစ်ဂျစ်တယ် လူသားအချင်းချင်း စာနာထောက်ထားမှုက ချက်ချင်းထိရောက်နိုင်စွမ်းရှိပုံကို ဖော်ကျူးခြင်း ဖြစ်ပါသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုကို အကာအကွယ်ပေး

အာရပ်နွေဦးသည် ဆိုရှယ်မီဒီယာ၏ အစွမ်းကို အကောင်းဆုံး ဖော်ကျူးပြသွားနိုင်သည့် အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဆိုရှယ်မီဒီယာက ကမ္ဘာကြီးကို ပြောင်းလဲနိုင်ကြောင်း သက်သေပြသွားခြင်းပင်ဖြစ်သည်။ ဆိုရှယ်မီဒီယာကတစ်ဆင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ချက်ချင်း ဆက်သွယ်ပေါင်းစည်းနိုင်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ မည်သည့်နေရာတွင် ဖြစ်နေပြီဆိုခြင်းကိုလည်း အမြန်ဆုံး ဖော်ထုတ်ကာ တင်ပြနိုင်စွမ်း ရှိလာသည်။ 

ဆိုရှယ်မီဒီယာ၏ နာရီပိုင်းအတွင်း ဖော်ထုတ်နိုင်စွမ်းများကြောင့် ကမ္ဘာ့မည်သည့်နေရာကမဆို အဖိနှိပ်ခံ အနှိမ်ခံများ ဘဝကို လူသားတို့ စာနာထောက်ထားပြီး ကယ်တင်နိုင်သည်။ သူတို့ဘက်က ရပ်တည်ပေးနိုင်သည်။ တရားဥပဒေအတိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သော အထောက်အထား များစွာ ရှိပါသည်။
 
ဆိုရှယ်မီဒီယာပေါ် တက်လာသည့် ဗီဒီယိုများ မှတ်တမ်းများသည် ရှောင်လွှဲမရသည့် သက်သေခံမှုများ ဖြစ်လာသည်။ ကမ္ဘာပေါ်တွင် မတရားမှုများ၊ ဖိနှိပ်မှုများကို ဆန့်ကျင်သူများ၊ အကာအကွယ်ပေးနေသူများ ဆိုရှယ်မီဒီယာကြောင့် ပေါ်ထွန်းလာသလို အချိန်မီ ကယ်တင်နိုင်ခဲ့မှုများ ရှိလာပါသည်။

ဆိုရှယ်မီဒီယာသည် ခေတ်ပြောင်း တော်လှန်ရေး တစ်ခုဖြစ်သည်။ ယနေ့ခေတ် လူငယ်တိုင်း သတိပြုရမည့် လမ်းကြောင်းတစ်ခုဖြစ်သလို၊ အနာဂတ်အတွက် မိမိတို့ အလုပ်အကိုင်နှင့် အခွင့်အလမ်းများကိုလည်း ရွေးချယ်နိုင်သည့် နေရာများဖြစ်လာသည်။

ဆိုရှယ်မီဒီယာ ဆိုသည်မှာ မီးနှင့်တူပါသည်။ သုံးတတ်လျှင် သူဌေးဖြစ်နိုင်သလို မသုံးတတ်လျှင် ဘေးဖြစ်နိုင်ပါသည်။ ဘာအတွက် အသုံးပြုမည်၊ ဘာတွေရအောင် လုပ်မည်၊ ဘာတွေ ဖော်ထုတ်ကြံဆောင်နိုင်မည်ဆိုခြင်းမှာ မိမိခံယူချက်အပေါ် မူတည်နေသည်။ 

မောင်ခေတ်
(Ref : Is Social Media Changing the World, World Economic Forum)

  • TAGS