News

POST TYPE

YOUTH

မိမိဆီက စိတ်ချမ်းသာမှုတွေကို ဘယ်သူခိုးသလဲ
26-Mar-2017 tagged as


ဝမ်းနည်းပူဆွေးရမှုတွေ၊ စိုးရိမ်ပူပန်ရမှု ဆိုတာတွေဟာ စာရေးသူတို့ ခေါင်းပေါ်မှာ တောက်လောက်နေတဲ့ မီးတွေလိုပါပဲ။ များလာလေ မီးတောက် ပိုကြီးလေ၊ ကြာကြာထားလေ ပိုပူလေပါပဲ။

မိမိဆီက စိတ်ချမ်းသာမှုတွေ ဘယ်သူ ခိုးယူနေတာလဲ။

(၁) အတွေးမလွန်ပါနဲ့

“Overthinking can ruin happiness.”တဲ့စကားအတိုင်းပါပဲ အတွေးလွန်ခြင်းဟာ ပျော်ရွှင်မှုတွေကို ပျက်စီးစေပါတယ်။ အတွေးလွန်ခြင်း၊ စိုးရိမ်စိတ် ကဲခြင်းကြောင့် ပုံမှန် ပင်ပန်းရတာထက် အဆပေါင်း များစွာ ပင်ပန်းပါတယ်။ 

ငယ်စဉ်က ဖတ်ဖူးတဲ့ ကာတွန်းလေးတစ်ခု ပြန်သတိရမိပါတယ်။ မောင်ဘတစ်ယောက် အင်မတန် ပင်ပန်းနေပုံပေါက်နေလို့ မိတ်ဆွေဖြစ်သူ မောင်လှက  

“သူငယ်ချင်း မင်းကြည့်ရတာ အတော်ပင်ပန်း နေပုံပဲ ဘာအလုပ်တွေများ လုပ်ရလို့လဲကွာ”

 မေးတဲ့အခါ မောင်ဘက -   

“ခုနစ်ထပ်တိုက်ပေါ်ကို လီတာနှစ်ဆယ် ရေသန့်ဘူးကြီးတွေ ထမ်းတင်ရတာ သူငယ်ချင်း”လို့ ဖြေပါတယ်။ မောင်လှကလည်း သနားပြီး တအံ့တဩနဲ့ -

“ဟာ ပင်ပန်းတာပေါ့ကွာ ၊ ဒါနဲ့ ဒီအလုပ်လုပ်နေတာ ဘယ်လောက် ကြာပြီလဲ”လို့ မေးလိုက်တယ်။ မောင်ဘပြန်ဖြေတာက-

“မနက်ဖြန်မှ စလုပ်မှာကွ”

ကာတွန်းလေးဆီက ရယ်ရွှင်စရာသာမက အသိပညာတစ်ခုပါ ရလိုက်ပါတယ်။ စာရေးသူတို့ ဘဝမှာ တကယ် မဖြစ်သေးတဲ့ အကြောင်းအရာ၊ တကယ် မရောက်သေးတဲ့ အချိန်ကိစ္စတွေနဲ့ ပတ်သက်ပြီး ကြိုတင် ပင်ပန်းနေတတ်ကြပါတယ်။ 

တချို့ မိတ်ဆွေတွေကတော့ မသေချာတဲ့ကိစ္စတွေအတွက် သောက ပွားကြတာကို သတိထားမိပါတယ်။ ခန္ဓာကိုယ်မှာ အကျိတ်ကလေး တွေ့ရင် ကင်ဆာဖြစ်တာ များလား၊ အင်တာနက်ကနေ ရောဂါလက္ခဏာတွေ ကိုယ့်ဘာသာလိုက်ရှာ ကိုယ့်ဘာသာ ရောဂါနာမည် တပ်ပြီး မအိပ်နိုင် မစားနိုင် တွေးကြသူတွေလည်း ကြုံဖူးပါတယ်။ လက်တွေ့ကျကျ ဆေးခန်း သွားမပြပါဘဲ ကိုယ့်အတွေးနဲ့ကိုယ် သောကများကြတာပါ။  

တချို့ မိတ်ဆွေတွေက လေထဲမှာ တိုက်ဆောက်ကြပါတယ်။ ငယ်ငယ်တုန်းက သင်ရတဲ့ “မောင်ပေါက်ရဲ့ ဥ” ပုံပြင်ထဲကအတိုင်း ကြက်ဥလေးတစ်လုံးကနေ ကြက်ကလေးပေါက်၊ ကြက်ကလေးကနေ ဥတွေ ပေါက်၊ အဲ့ဥတွေကနေ ကြက်တွေပေါက်၊ နောက်ဆုံး သူဌေးကြီးဖြစ်၊ စိတ်ကူးယဉ်ရင်းနဲ့ ကြက်ဥက ကျကွဲတာနဲ့ ဇာတ်လမ်းက ဆုံးရော။ 

တချို့တွေကတော့ စိုးရိမ်စိတ်နဲ့ သံသယ ပိုပါတယ်။ လူတကာအပေါ်၊ ကိစ္စရပ် အားလုံးအပေါ်ကို သံသယစိတ်နဲ့ ကြည့်တာနဲ့က အကောင်း မမြင်နိုင်တော့ဘဲ စိတ်ပင်ပန်းရပါတယ်။ 

(၂) ကိုယ့်ဘဝနဲ့ကိုယ်

လူတစ်ဦးချင်း၊ တစ်ယောက်တိုင်းစီမှာ မတူညီတဲ့ဘဝတွေ ရှိကြပါတယ်။ အနေအထားချင်း၊ အခြေအနေချင်း မတူညီတာကို အတင်း နှိုင်းယှဉ်နေလို့ မရပါဘူး။ သုညက စတင်ရသူတစ်ယောက်အနေနဲ့ တစ်ရာက စတင်ရသူကို သွားယှဉ်မိရင် စိတ်ပင်ပန်းရသလို၊ တစ်ရာက စတင်ရသူက သုညက စတင်ရသူကို သွားယှဉ်မိရင် အမြတ် မရှိပါဘူး။ ကိုယ့်ဘဝကို ကိုယ်မြင့်မားအောင် ကြိုးစားနေဖို့သာ လိုပြီး ကိုယ့်ကိုယ်ကိုယ်နဲ့သာ ယှဉ်နေဖို့ လိုပါတယ်။ 

လောကမှာ မည်သူမဆို၊ ဘာပဲလုပ်လုပ် အကောင်းနဲ့ အဆိုး နှစ်မျိုးစလုံး အပြောခံရတာဟာ သဘာဝပါ။ လူတွေရဲ့ထုံးစံ ပါးစပ်ပါလို့ ပြောကြမယ်၊ ကိုယ်က နားပါလို့ ကြားတယ်လို့သာ စိတ်ထဲ ထားတတ်ဖို့ လိုပါတယ်။ စကားပုံတစ်ခုရှိပါတယ်။ “ကိုယ့်ကို အခြားသူတစ်ဦးက မကောင်းပြောတဲ့အခါ၊ မကောင်းမြင်တဲ့အခါ သူတို့ အမြင်မှားတယ်ဆိုတာ လိုက်ပြီး သက်သေပြဖို့ မလိုပါဘူး၊ ကိုယ်မှန်တယ် ဆိုတာကို ကိုယ့်အလုပ်ကိုဆက်လုပ်ရင်း သက်သေပြဖို့ လိုပါတယ်”တဲ့။ အခြားသူတွေရဲ့ အထင်၊ အမြင်၊ အပြောအဆိုတွေမှာ ကိုယ့်ဘဝကို အချိန်ကုန်ခံနေစရာ မလိုပါဘူး။ သူများပါးစပ်များမှာတင် ကိုယ့်ဘဝကို လမ်းဆုံးစရာ မလိုပါဘူး။ ကိုယ့်ဘဝ ကို ကိုယ်ပိုင်ပါစေ။

(၃) အကောင်းမြင်ပါ

မကောင်းမြင်စိတ်ဟာ လူတစ်ယောက်ကို လူ့ ပတ်ဝန်းကျင်ကနေ ဆွဲခေါ်ပြီး ကျရှုံးမှုကို ဦးတည်စေပါတယ်။ အနေအထားတစ်ခုကို မလွှဲသာ၊ မရှောင်သာ ရောက်ရှိနေရတဲ့အခါ အကောင်း မြင်တတ်အောင် ကြိုးစားဖို့ လိုပါတယ်။ လူနှစ်ယောက်ကို ဖန်ခွက်တစ်ဝက်စီ ရေထည့်တိုက်တဲ့အခါ အကောင်းမြင်သူက ရေတစ်ဝက်တောင် ရှိပါလားဆိုပြီး စိတ်ချမ်းသာစွာ သောက်ပေမယ့် မကောင်းမြင်သူက ရေက တစ်ဝက်တည်းပါလားဆိုပြီး စိတ်ထဲ မကြည်မလင်နဲ့ သောက်ရပါတယ်။ မဖြစ်မနေ လက်ခံရမယ့် အခြေအနေ၊ ကိုယ် မပြောင်းလဲနိုင်သေးတဲ့ အခိုက်အတန့်မှာ အကောင်းမြင်ခြင်းကသာ မိမိစိတ်ကို အေးငြိမ်းစေပါမယ်။

(၄) မေတ္တာပွားပါ

ကုန်ကျစရိတ် တစ်ပြားမှ မကုန်ကျပါဘဲ သူများကို နည်းနည်း ပေးလိုက်ရုံနဲ့ ကိုယ့်အတွက် အများကြီး ပြန်ရလိုက်တာက မေတ္တာစိတ်ပါ။ ကိုယ့်စိတ်မှာ ဖြစ်တည်နေတဲ့ မေတ္တာစိတ်အခံကြောင့် ကိုယ့်အမြင်တွေကို ကြည်လင်စေပါတယ်။ မကောင်းမြင်စိတ်တွေကိုလည်း လျော့နည်းစေပါတယ်။ မနက်လင်းလင်းချင်း စိတ်ထဲကနေဖြစ်စေ၊ နှုတ်ကနေဖြစ်စေ မေတ္တာပွားတဲ့အခါ မိမိစိတ်တွေ သိသိသာသာ ကြည်လင်လာတတ်ပါတယ်။ မိမိစိတ်ကြည်လင်မှုပေါ် မူတည်ပြီး ပတ်ဝန်းကျင်အပေါ် မိမိအမြင်တွေ ပြောင်းလဲသွားပါတယ်။ မနက်ခင်း မိမိဝန်းကျင်မှာ အော်မြည်နေတဲ့ ငှက်သံတွေဟာ မိမိစိတ်ကြည်လင်နေတဲ့အခါ တေးသံလေးတွေ ဖြစ်နေပေမယ့် စိတ်မကြည်လင်တဲ့အခါ နားညည်းစရာ ဆူညံသံတွေသာ ဖြစ်နေပါမယ်။ 

(၅) ပစ္စုပ္ပန်မှာနေပါ

စာရေးသူတို့ရဲ့ ပျော်ရွှင်မှု၊ ငြိမ်းအေးမှုတွေကို အဓိက ခိုးယူဖျက်ဆီးတာကတော့ အတိတ်ကို ပြန်လည် တူးဆွခြင်းနဲ့ အနာဂတ်အတွက် ကြိုတင် ပူပန်နေခြင်းပါပဲ။ မြတ်ဗုဒ္ဓကလည်း အကောင်းဆုံးအချိန်ဟာ လက်ရှိ အချိန်၊ ပစ္စုပ္ပန်အချိန် ဖြစ်တယ်လို့ ဆုံးမခဲ့ပါတယ်။ အတိတ်က ဖြစ်ပျက်ခဲ့တာတွေ၊ အတိတ်က ဆုံးရှုံးမှုတွေကို ပြန်လည် တူးဆွရင်းနဲ့ တကယ် အသုံးချလို့ရတဲ့ လက်ရှိကာလတစ်ခုကို ဆုံးရှုံးနေကြရပါတယ်။ “နေမင်း ကြီးနဲ့လွဲလို့ ငိုနေရင် လမင်းကြီးနဲ့ပါ ထပ်ပြီး လွဲပါလိမ့်မယ်”ဆိုတဲ့ စကားပုံအတိုင်းပါပဲ အတိတ်က ဆုံးရှုံးမှုတစ်ခုကြောင့် ဝမ်းနည်းနေတဲ့အခါ ပစ္စပ္ပုန်ရဲ့ ပျော်ရွှင်မှုတွေပါ ဆုံးရှုံးရပြီး အနာဂတ်ရဲ့ အခွင့်အလမ်းတွေပါ ဆုံးရှုံးရပါတယ်။

နိဂုံးချုပ်ဆိုရသော် ခေါင်းပေါ်မှာ လောင်နေတဲ့ မီးတွေကို ပမာဏလျော့အောင် လုပ်နိုင်လေ၊ လောင်စေတတ်တဲ့ လောင်စာတွေကို တတ်နိုင်သမျှ လွှင့်ပစ်လေ စိတ်ချမ်းသာမှု ရနိုင်လေ ဖြစ်မှာပါ။ မိမိဆီက စိတ်ချမ်းသာမှုတွေကို ခိုးယူနေတဲ့ အကြောင်းအရာတွေကို သတိထားနိုင်ရင် ဘဝအတွက် အောင်မြင်မှုလမ်းကြောင်းတွေလည်း ပိုတွေ့လာနိုင်မှာပါ။ 

အားလုံး ပျော်ရွှင်၊ ချမ်းမြေ့ကြပါစေ။

မေတ္တာဖြင့်
အုန်းဇင်လင်း(ပညာရေး)
http://aseanop.com/5-most-important-rules-to-remember-in-life-for-students-for-anyone/

  • TAGS