News

POST TYPE

YOUTH

အင်တာနက် စွဲသူများကုထုံး လူငယ်များကို လျှပ်စစ်ရှော့ခ်ရိုက်ခြင်း မပြုရန် တားမြစ်
15-Jan-2017 tagged as လူငယ်

နိုင်ငံတွင် ဂိမ်းစွဲသူများနှင့် အင်တာနက်စွဲသည့် လူငယ်များကို ပြန်လည်ပြုပြင်ရေး အမည်ခံစခန်းများသို့ ပို့ဆောင်ပြီး ကုသရာ၌ ရိုက်နှက်ခြင်း၊ ဆဲဆိုကြိမ်းမောင်ခြင်းများအပြင် ဦးခေါင်းတွင် လျှပ်စစ်ကျဉ်စက်ဖြင့် ရှော့ခ် (Shock) ရိုက်ကာ ကုသခြင်းများကို လုပ်ဆောင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် The Telegraph သတင်းတွင် လူငယ်များကို လျှပ်စစ်ဓာတ်ဖြင့် ရှော့ခ်ရိုက်ကာ ကုသသည့် ကုထုံးအား ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် The Global Times သတင်းတွင်လည်း ရှန်ဒေါင်းပြည်နယ် အရှေ့ပိုင်းရှိ လူငယ်ပြုပြင်ရေးစခန်းတစ်ခု အတွင်း၌ အင်တာနက် စွဲလမ်းမှုဖြင့် ရောက်ရှိနေသူ လူငယ်ပေါင်း ၆၀၀၀ ကျော် ရှိပြီး၊ ၂၀၀၆ ခုနှစ် ကတည်းက လူငယ်အများစုကို လျှပ်စစ်ရှော့ခ်ရိုက်သည့် ကုထုံးဖြင့် ကုသနေကြောင်း ရေးသားထားသည်။

လူငယ်ပြုပြင်ရေး စခန်းများတွင် ရှော့ခ်ရိုက်ကုထုံးများကို ၂၀၁၆ နှစ်ကုန်ပိုင်းအထိ ပြုလုပ်နေခဲ့ကြောင်း Sixth Tone ဆိုသည့် Website တွင် ဖော်ပြထားပြီး၊ မိဘများကလည်း မိမိတို့ သားသမီးများ အင်တာနက်ကို နေ့မအိပ် ညမနားသုံးလျှင် အတင်းအဓမ္မ ထိုစခန်းများသို့ ပို့ဆောင်နေကြကြောင်း ရေးသားထားသည်။

၂၀၁၇ ခုနှစ်ဦးပိုင်းမှ စတင်ကာ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် အင်တာနက် သုံးစွဲခြင်းကို သာမန်ကိစ္စတစ်ခု အနေနှင့် သတ်မှတ်ကာ၊ လူငယ်များအား လူ့အခွင့်အရေးနှင့် မလျော်ညီသည့် အပြစ်များ ပေးခြင်းမပြုရန် ထည့်သွင်းရေးဆွဲထားကြောင်း The Global Times တွင် ရေးသားထားသည်။

ထို့ပြင် အစိုးရအနေနှင့်လည်း ညဥ့်သန်းခေါင် အချိန်မှ နံနက် ၈ နာရီအတွင်း အွန်လိုင်းဂိမ်းများကို လူငယ်များ ကစားခြင်း မပြုနိုင်ရန်အတွက် ပိတ်ပေးထားရန် သက်ဆိုင်သည့် ကုမ္ပဏီများအပေါ် တားမြစ်ချက်များ ထုတ်ပြန်ကန့်သတ်သွားမည်ဟု ဆိုသည်။

အသစ်ပြဋ္ဌာန်းမည့် ဥပဒေကြမ်းတွင် စိတ်ကုသရေး အကြောင်းပြချက်ဖြင့် လူတစ်ယောက်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို လျစ်လျူရှုပြီး ဆိုးရွားစွာ ပြုမူဆက်ဆံနေမှုများအပေါ် ကန့်သတ်ပိတ်ပင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံပိုင် သတင်းစာဖြစ်သည့် The Global Times တွင် လူငယ်များကို ကုသရာ၌ အသုံးပြုနေသည့် ဦးနှောက်ကို ရှော့ခ်ရိုက်ခြင်းများအပေါ် ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ရေးသားထားသည်။

တရုတ်ကျန်းမာရေး ဝန်ကြီးဌာနကလည်း မိမိတို့အနေနှင့် လျှပ်စစ်ဓာတ်ဖြင့် ရှော့ခ်ရိုက်ကုထုံးများကို ၂၀၀၉ ခုနှစ် ကတည်းက ပိတ်ပင်ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံတွင် အင်တာနက် သုံးစွဲသူပေါင်း သန်း ၇၁၀ ရှိပြီး၊ ယင်းတို့အနက် ၂၃ ရာခိုင်နှုန်းမှာ အသက် ၁၉ နှစ်အောက် လူငယ်များဖြစ်ကြောင်း ဘေဂျင်းအစိုးရက ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံတွင် အင်တာနက်ကို စွဲလမ်းကြီးစွာဖြင့် အသုံးပြုနေသူပေါင်း ၁၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အင်တာနက်ဂိမ်းကို မထတမ်း ကစားနေသည့် အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦးသည် ၂၀၀၉ ခုနှစ်တွင် လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိပြီး ၂၄ နာရီအကြာတွင် သေဆုံးခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုလူငယ်လေးသည် ရိုက်နှက်ခြင်းဒဏ်ကြောင့် သေဆုံးရကြောင်းလည်း The Telegraph သတင်းတွင် ရေးသားထားသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလကလည်း မိန်းကလေးငယ်တစ်ဦးသည် သူ့ကို ထိန်းသိမ်းပြုပြင်ရေးစခန်းသို့ ပို့သည့်မိခင်အား အိမ်တွင်ဖမ်းချုပ်ပြီး အစာငတ်ထားကာ လက်တုံ့ပြန်သဖြင့် သေဆုံးခဲ့ရမှုတစ်ခု ဖြစ်ပွားခဲ့သည်။ 

လူငယ်ပြုပြင်ရေးစခန်း အမည်ခံ စခန်းများသို့ ရောက်လာသည့် လူငယ်များကို စစ်တပ်အသွင်ဖြင့် ထိန်းသိမ်းပြုပြင်ကာ အကြမ်းဖက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် စော်ကားရိုင်းပြခြင်းများ ရှိနေကြောင်း၊ တရုတ်နိုင်ငံတွင် လူငယ်ပြုပြင်ရေး အမည်ခံ စခန်းပေါင်း ၂၅၀ ကျော် ရှိနေကြောင်း၊ ထိုစခန်းများကို လူသူကင်းဝေးသည့် နေရာများတွင် ဖွင့်လှစ်ထားကြောင်း The Telegraph တွင် ဖော်ပြထားသည်။

နောက်ဆုံးထုတ်ပြန်သည့် ဥပဒေအရ လူငယ်များအား ရှော့ခ်ရိုက်ခြင်းကို ဖေဖော်ဝါရီလ ၆ ရက် နေ့က စတင်ပြီး ပြုလုပ်ခွင့်ရတော့ မဟုတ်ဟု ယင်းသတင်းက ဆိုသည်။ 

E01