News

POST TYPE

YOUTH

အိမ်ရာမဲ့ လေလွင့်လူငယ်ဘဝမှ နိုင်ငံကျော် မျက်လှည့်ပညာရှင်ဖြစ်လာသူ ဂျိုကာ
29-Jul-2016 tagged as

၂၀၀၆ ခုနှစ်တွင် ဖြစ်သည်။ ရန်ကုန်မြို့တော် ပန်းဆိုးတန်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ အရှေ့ဘက် ပလက်ဖောင်းပေါ်တွင် ခွေခွေလေးအိပ်နေသော လူငယ်တစ်ယောက် ဆာလောင်မှုနှင့်အတူ နိုးထလာသည်။

ချေးအထပ်ထပ်ဖြစ်နေသော အဝတ်အစားများ၊ လိမ်ကျစ်ပြီး ရှုပ်ထွေးနေသော ဆံပင်စုတ်ဖွားနှင့် ထိုလူငယ်အတွက် ယခုတစ်နေ့တာ ဝမ်းစာသည်လည်း လွန်ခဲ့သည့်ရက်များကလိုပင် သေချာခြင်းမရှိ။

“အဲဒီအချိန်မှာ ကျွန်တော့်ဆရာ Mr.Top က  နိုင်ငံခြားသွားဖို့ ပတ်စ်ပို့လာလုပ်ရင်း လမ်းဘေးမှာ  အိပ်နေတဲ့ ကျွန်တော့်ကို မှတ်မိသွားတယ်။ သူတောင်းစားတစ်ယောက်ပုံစံ ဖြစ်နေတဲ့ ကျွန်တော့်ကို တအံတဩ ကြည့်ပြီး မင်းပြန်သွားပြီမှတ်လို့ကွာ ဆိုပြီးပြောတယ်”  ဟု ကိုသက်ခိုင်စိုး ခေါ် လူငယ်မျက်လှည့်ပညာရှင် ဂျိုကာက သူ၏မျက်လှည့်ဆရာ ဖြစ်လာမည့် ခရီးကြမ်းမှ တစ်စိတ်တစ်ပိုင်းကို ပြောပြသည်။

ကိုသက်ခိုင်စိုး ခေါ် မျက်လှည့်ပညာရှင် ဂျိုကာသည် အင်္ဂလိပ်စာအထူးပြုဖြင့် တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ခဲ့သော်လည်း မျက်လှည့်ပညာအတွက် အရာအားလုံးကို စွန့်လွှတ်ကာ လမ်းဘေးနေ လမ်းဘေးစား ဘဝရောက်သည်အထိ ရူးသွပ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ကိုသက်ခိုင်စိုး ခေါ် ဂျိုကာကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် တောင်သူမိဘ နှစ်ပါးမှ မွေးဖွားသည်။ ငယ်စဉ်ကတည်းက ဘုရားပွဲများတွင် ပြသသော မျက်လှည့်ပွဲများကို ကြည့်ရှုကာ မျက်လှည့်ဝါသနာရှင်တစ်ဦး ဖြစ်လာခဲ့၏။

“ငယ်ငယ်က ရွှေမန်းသန်းနိုင် ဆပ်ကပ်မှာပါတဲ့  မျက်လှည့်ကို စကြည့်ဖူးတာဗျ။ နောက်ပိုင်း မျက်လှည့် ဆရာတွေရောင်းတဲ့ မျက်လှည့်ပြနည်း စာအုပ်လေးတွေကို တတ်နိုင်သလောက်ဝယ်ပြီး ကျွန်တော့်ဘာသာ  လေ့ကျင်ခဲ့တယ်” ဟု ဂျိုကာကဆိုသည်။

ထိုအချိန်တွင် ဂျိုကာ၏အသက်မှာ ခုနစ်နှစ်သာ ရှိသေးပြီး ဒုတိယတန်း တက်နေချိန်ဖြစ်သည်။  မျက်လှည့်စာအုပ်ထဲတွင် ပါသော မျက်လှည့်နည်းများ အနက်မှ  ပြတ်နေသော ကြိုးနှစ်စကို တစ်ချောင်းတည်း ဖြစ်အောင်ဆက်နည်း၊ ကြက်ဥတစ်လုံးကို ငါးလုံးဖြစ်အောင် ပွားနည်း စသည်တို့ကို ကျွမ်းကျင်စွာပြသနိုင်ခဲ့သည်။

ထို့နောက်တွင်တော့ ဂျိုကာသည် ဝက်လက်မြို့ပေါ်မှ မျက်လှည့်အနည်းငယ်ပြတတ် သောသူများထံမှ မျက်လှည့်နည်းများကို ရသလောက်သင်ယူခဲ့ရာမှ  မျက်လှည့်ပြနည်း ၂၀ ခန့်ကို ပြတတ်လာသည်။

“ကျွန်တော်က အသက် ၁၃ နှစ်မှာ မျက်လှည့်နည်း ၂၀ လောက်ပြတတ်တော့ မြို့လေးမှာတော့  ဆရာကြီးပဲ။ ကျောင်းကပွဲတွေမှာ မျက်လှည့်ဝင်ပြရင်း  ဆုတွေဘာတွေ ရလိုက်သေးတာ” ဟု ဂျိုကာက ဆိုသည်။

၎င်းဆယ်ကျော်သက်အရွယ်တွင် ဝက်လက်မြို့သို့ ရောက်လာသော မျက်လှည့်ပညာရှင် တစ်ဦးလည်းဖြစ်၊ ကာတွန်းဆရာလည်းဖြစ်သူ ကာတွန်းဝမ်းတင်က ဂျိုကာ နှင့် သူငယ်ချင်း တစ်ယောက်အား အဆင့်မြင့်မျက်လှည့်ပညာများ သင်ပေးခဲ့ပြန်သည်။
သို့သော် ဂျိုကာသည် မြို့ငယ်လေးမှ မျက်လှည့်ပြတတ်သည့် လူငယ်ဘဝကို မတင်းတိမ်ခဲ့။ သူသည်  တစ်နိုင်ငံလုံးသိသော နာမည်ကျော် မျက်လှည့်ဆရာ တစ်ယောက်ဖြစ်ချင်ခဲ့သည်။

ဆရာဝမ်းတင်ထံမှတစ်ဆင့် မျက်လှည့်ဆရာကြီး Mr.Top အကြောင်းကိုသိခဲ့ရပြီး Mr.Top ကို ရှာဖွေရန် စိတ်အားထက်သန်ခဲ့သည်။ ထို့ကြောင့် ကိုးတန်း ကျောင်းပိတ်ရက်တွင် ဆိပ်ကြီးခနောင်တိုရှိ အစ်ကို  ဝမ်းကွဲနေအိမ်သို့ အလည်သွားရောက်ခဲ့သည်။ ဆိပ်ကြီး ခနောင်တိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တစ်ဦးတည်းခိုးသွားကာ မျက်လှည့်ဆရာ Mr.Top အား သွားရောက်ရှာ ဖွေခဲ့သည်။

“အဲဒီတုန်းက ကျွန်တော်ကြားဖူးနားဝရှိတာ  ရုပ်ရှင်သမားတွေ၊ ဇာတ်သမားတွေက ၃၅ လမ်းဆိုတဲ့ နေရာမှာ နေကြတယ်ပေါ့။ Mr.Top လည်း အဲဒီမှာ ရှိမှာပဲဆိုပြီး ၃၅ လမ်းထဲမှာ သူ့နာမည်ကို လိုက်မေးတာ။  လုံးဝ ရှာမတွေ့ဘူး”
ထိုနေ့က စိတ်ပျက်ပျက်နှင့် ဆိပ်ကြီးခနောင်တိုသို့ ပြန်လာသော ဂျိုကာကို အစ်ကိုဝမ်းကွဲဖြစ်သူက မေးရာ မျက်လှည့်ဆရာ Mr.Top ကို သွားရှာခြင်းဖြစ်ကြောင်း  ပြောပြလိုက်သည်။

“အဲဒီတော့မှ အစ်ကိုကရယ်တာ ... Mr.Top က ဆိပ်ကြီးခနောင်တိုမှာပဲ နေတာ။ အစ်ကိုတို့အိမ်ရဲ့ ဟိုဘက်ရပ်ကွက်မှာ ဆိုတာ အစ်ကိုက ပြောပြခဲ့တယ်”

ဂျိုကာသည် မျက်လှည့်ဆရာကြီး Mr.Top ထံ သွားရောက်မိတ်ဆက်ခဲ့ရာ Mr.Top က မျက်လှည့်ပြကွက် နှစ်ကွက်ခန့် သင်ပေးလိုက်သည်။ အပြန်ခရီးတွင်တော့ ဂျိုကာတွင် မျက်လှည့်ဆရာ ဖြစ်လိုစိတ်က ကြီးမားခဲ့ပြီဖြစ်သည်။

“ကျွန်တော် မျက်လှည့်ပြတာကို မိဘတွေက  လုံးဝမကြိုက်ဘူးဗျ။ ရိုးသားတဲ့ တောသူတောင်သား တွေဆိုတော့ ဖဲထုပ်ကိုင်ရင်ကို မကြိုက်တာ။ ကျွန်တော်က မျက်လှည့်ဆရာ လုပ်မယ်ပြောတော့ အဖေက  ဆယ်တန်းအောင်ပြီးရင် မင်းကြိုက်တာလုပ်လို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း မျက်လှည့်ပညာကို  ခဏနားပြီး ဆယ်တန်းအောင်အောင် ကြိုးစားခဲ့တယ်” ဟု ဂျိုကာက ပြောပြသည်။

တက္ကသိုလ်ဝင်တန်းဖြေပြီး နောက်ရက်တွင်  ရန်ကုန်မြို့သို့ သွားရောက်ပြီး မျက်လှည့်ပညာသင်ယူရန် မိဘများထံပြောသော်လည်း မိဘများက လုံးဝ သဘော မတူခဲ့။ ရန်ကုန်သို့ တိတ်တိတ်ခိုးသွားမည် စိုးသဖြင့် မိဘများသည် ငွေကြေးမှအစ အဝတ်အစားနှင့် ဖိနပ်ကိုပင်  ဂျိုကာထံမှ သိမ်းဆည်းထားခဲ့၏။

“ဒါနဲ့ ကျွန်တော်ရှိသမျှ အဝတ်အစားလေးကို  ထုတ်ပြီး ကားဂိတ်ကိုသွားတယ်။ ကားခကို အဖေ့ဆီက  တောင်းလိုက်လို့ပြောပြီး မန္တလေးကို ထွက်လာခဲ့လိုက်တယ်။ ကားထွက်ခါနီးမှာ အစ်မက မှတ်ပုံတင်လိုက်ပေးလို့ တော်သေးတယ်ဗျ” ဟု ဂျိုကာက ပြောသည်။

မန္တလေးရောက်ပြီးနောက် မန္တလေးဘူတာကြီးမှ တစ်ဆင့် ရန်ကုန်သို့ ရထားခိုးစီးပြီး လိုက်ပါခဲ့သည်။  ရန်ကုန်သို့ရောက်သောအခါ ဖုန်းဆိုင်တစ်ခုကို တောင်းပန်ကာ ဖုန်းဆက်ပြီး ဆိပ်ကြီးခနောင်တိုမှ အစ်ကိုဝမ်းကွဲကို လာခေါ်ခိုင်းလိုက်သည်။ ထို့နောက်တွင်တော့ ဂျိုကာသည် ဆရာဖြစ်သူ Mr.Top အိမ်သို့ ရောက်သွားကာ ဆရာ၏ မျက်လှည့်ပညာသင် အကူတပည့်အဖြစ် နေထိုင်ခဲ့သည်။

“နှစ်ရက်သုံးရက်ကြာတော့ Mr.Top အိမ်မှာ  ဆက်မနေဖို့ အကြောင်းဖြစ်လာတယ်။ အစ်ကိုဝမ်းကွဲ အိမ်မှာ ခဏသွားနေသေးတယ်။ ဒါပေမဲ့  အဆင်မပြေ ဘူး။ နောက်ဆုံး ကျွန်တော် လမ်းပေါ်ရောက်သွားတော့ တာပါပဲ” ဟု ဂျိုကာကဆိုသည်။

လမ်းပေါ် ရောက်သွားသောအခါ ဂျိုကာ၏ နေအိမ်မှာ ဆူးလေလူကူး ခုံးကျော်တံတားကြီးဖြစ်လာသည်။ ထိုအချိန်က ဆူးလေလူကူး ခုံးကျော်တံတားသည်  ပျံကျများ၊ တောင်းရမ်းစားသောက်သူများနှင့် ပြည့်နှက်နေ၏။

ဂျိုကာသည် တောင်းရမ်းသူများ၊ အိမ်ခြေမဲ့များ နှင့်အတူ တံတားပေါ်တွင်နေထိုင်ကာ စားသောက်ဆိုင် များတွင် မျက်လှည့်လိုက်ပြပြီး စားသောက်သူများ ဆုချသည့် အခကြေးငွေဖြင့် ရပ်တည်ခဲ့သည်။

ရန်ကုန်မြို့ကို ကျင်လည်စွာ မသွားတတ်သေး သော ဂျိုကာအတွက် ဆူးလေ တစ်နေရာသည်သာ  သူ့အတွက် အိမ်ဖြစ်နေသည်။ အလုပ်လုပ်ထားသော ပိုက်ဆံလေးနှင့် ဈေးအပေါဆုံး ထမင်းဆိုင်တွေမှာ ထမင်းစားသည်။ သူ့အတွက် ရေချိုးခန်းကလည်း ဆူးလေးလူကူးခုံးတံတား အနီး ညောင်ပင်ခြေရင်းမှ  ရေအိုးများဖြစ်သည်။

သူများတွေမထသေးသည့် နံနက် ၃ နာရီတွင်   အိပ်ရာထသည်။ ထိုရေအိုးများထဲမှ ရေနှင့်ပင် နံနက် အရုဏ်တက် လူရှင်းသည်မို့ ကိုယ်လုံးတီးရေချိုးသည်။ လျှော်ထားခြင်းမရှိသည့် အဝတ်များနှင့်ပင် ရေသုတ်ပြီး  မလျှော်ရသေးသည့် အင်္ကျီကိုပင်ပြန်ဝတ်သည်။ ရေချိုးပြီးလျှင်တော့ စားသောက်ဆိုင်များတွင်  မျက်လှည့်လိုက်ပြရန် မြို့ထဲအနှံ့ ထွက်ခွာရတော့သည်။

“ကံကောင်းချင်တော့ လှိုင်သာယာဘက်က  စင်တင်စားသောက်ဆိုင် တစ်ဆိုင်မှာ အချိန်ပိုင်း မျက်လှည့်ပြဖို့ အလုပ်ရတယ်ဗျ။ လစာတော့မရဘူး။ မုန့်ဖိုးသဘောမျိုးပဲ ရတယ်။ သူက နေစရာလည်းမပေးဘူး။ ဒီတော့ အလုပ်ပြီးရင် ကုန်းတံတားပေါ်ပဲ ပြန်အိပ်ပေါ့။  သိပ်မကြာပါဘူး အဲ့ဒီဆိုင်လည်း ပြုတ်သွားပြန်တယ်”  ဟု ဂျိုကာကဆိုသည်။

လှိုင်သာယာစားသောက်ဆိုင် ပြုတ်သွားပြီး နောက် ဂျိုကာ၏ဘဝသည် ပိုမိုကြမ်းတမ်းလာခဲ့သည်။
ကုန်းတံတားပေါ်တွင် ဖြစ်သလိုနေ ဖြစ်သလိုအိပ်ခဲ့သော အကျိုးဆက်အဖြစ် သူ၏အသားအရည်နှင့် ဥပဓိရုပ်သည် ညစ်ပတ်ပေရေပြီး တောင်းရမ်းစားသောက် သူများကဲ့သို့ ဖြစ်လာခဲ့သည်ဟု ဂျိုကာကဆိုသည်။

“လူက စိတ်ဓာတ်ကျတော့ ဖြစ်သလိုနေတယ်။  အဲ့ဒီမှာ ညစ်ပတ်ပေရေပြီး ဆံပင်တွေက ချေးအထပ်ထပ်နဲ့ ဖြစ်သွားတော့ ဘယ်စားသောက်ဆိုင်ကမှ ကျွန်တော့်ကို အဝင်မခံတော့ဘူး။ သူတောင်းစားတစ်ယောက်လို့  သူတို့က သတ်မှတ်လိုက်ကြတယ်လေ” ဟု ဂျိုကာက  ပြောသည်။

ဆူးလေကုန်းကျော်တံတားရှိ ဂျိုကာ၏ အိပ်စက်ရာနေရာသည် မိုးရာသီတွင် မိုးမလုံခဲ့။ အခြားနေရာများ တွင်လည်း သူ့လူနှင့် သူပြည့်နေပြီဖြစ်သဖြင့် ဂျိုကာသည် ပန်းဆိုးတန်း၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေး ရေးဌာနရှေ့ရှိ အဖုံးများဖုံးထားသော မြောင်းကြီးအတွင်းသို့ နေရာရွှေ့ရပြန်သည်။

မြောင်းကြီးထဲတွင် ပေတေငတ်ပြတ်နေသော  မျက်လှည့်ဆရာဖြစ်လိုသည့် လူငယ်လေးသည် တောင်းရမ်း စားသောက်သူများမှ စေတနာသဖြင့် ခွဲကျွေးသည့်  အစားအသောက်များကို စားရင်း အသက်ဆက်ခဲ့ရသည်။

ထို့နောက်တွင်တော့ နိုင်ငံခြားတွင် မျက်လှည့်သွားပြရန် ပတ်စ်ပို့စာအုပ်လာလုပ်သည့် ဆရာ Mr.Top က ဂျိုကာကိုတွေ့ရှိသွားခြင်း ဖြစ်သည်။

“တွေ့တဲ့အချိန်မှာ ဆရာက နိုင်ငံခြားသွားတော့မှာ။ သူက ငါနိုင်ငံခြားက ပြန်လာရင် မင်းကိုခေါ်မယ်လို့ ပြောသွားတယ်။ အဲ့ဒီစကားလေးက ကျွန်တော့်အတွက်  မျက်လှည့်လောကထဲမှာ ပြန်နိုးထဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်” ဟု ဂျိုကာက ဆိုသည်။

ထို့နောက်တွင်တော့ တာမွေပလာဇာအနီးရှိ  စားသောက်ဆိုင်တစ်ခုသို့ အရဲစွန့်သွားတာ အလုပ် တောင်းသည်။ ကံအားလျော်စွာဖြင့် ပိုင်ရှင်ဖြစ်သူနှင့် တိုက်ရိုက်တွေ့ရ၏။

ဂျိုကာသည် ပိုင်ရှင်ဖြစ်သူအား မျက်လှည့်ပြကွက်များ ပြသရာ ပိုင်ရှင်ဖြစ်သူက နှစ်သက်သဖြင့်  ထိုစားသောက်ဆိုင်တွင် ပင်တိုင်မျက်လှည့်ဆရာ ဖြစ်လာခဲ့သည်။ ထိုဆိုင်တွင် လစာစားစရိတ်ငြိမ်း ခြောက်ထောင် ကျပ်ရသည်။
သို့သော် ထိုဆိုင်တွင် ဂျိုကာသည် အတိုက်အခံ များစွာနှင့် ကြုံတွေ့ခဲ့ပြန်ပြီး ဆိုင်ရှင်က သူ့အား မုန့်ဖိုး  သုံးသိန်းပေးကာ အလုပ်ဖြုတ်ပစ်လိုက် ပြန်သည်။

“ဆိုင်ရှင်က ကျွန်တော့်ကို သံယောဇဉ်ရှိပါတယ်။  အောင်မြင်အောင်လုပ်ဆိုပြီး သုံးသိန်းပေးလိုက်တာ။  ကျွန်တော်လည်း တော်တော် ကျေးဇူးတင်သွားတယ်”  ဟု ဂျိုကာကဆိုသည်။
ဂျိုကာသည် တတိယအကြိမ်မြောက် လမ်းပေါ်  ပြန်ရောက်ရပြန်သည်။ ဒီတစ်ခါတော့ ယခင်တစ်ခေါက်နှင့် မတူသည်က သူ့လက်ထဲတွင် ငွေသုံးသိန်းရှိနေခြင်းပင်။

ယခုတစ်ကြိမ်တွင်မူ ပန်းဆိုးတန်းကုန်းတံတား အောက်တွင် အခြေချရပြန်သည်။ ထိုကာလက ရန်ကုန် မြို့တွင် လမ်းဘေးနေသူများကို ပေါ်တာဆွဲမှုများ မကြာခဏရှိနေပြီး ဂျိုကာသည် ပေါ်တာဆွဲသူများလက်မှ  နှစ်ကြိမ်တိုင်တိုင် ထွက်ပြေးလွတ်မြောက်ခဲ့ပြန်သည်။

ထို့နောက် ၂၀၀၇ အရေးအခင်းဖြစ်ပွားသည့် အခါတွင်တော့ ဂျိုကာသည် ရန်ကုန်မြို့ကို စွန့်ခွာကာ  ဝက်လက်မြို့သို့ ပြန်တော့သည်။

ဝက်လက်မြို့ရောက်သည့်အခါ တက္ကသိုလ် ဝင်တန်းကို ဂုဏ်ထူးတစ်လုံးထွက်ကာ အမှတ်ကောင်း ကောင်းဖြင့် အောင်ထားသောဂျိုကာကို မိဘများက  အင်္ဂလိပ်စာအဓိကဖြင့် တက္ကသိုလ်တက်စေခဲ့သည်။

တက္ကသိုလ် တက်နေစဉ်မှာပဲ ရန်ကုန်ပြန်ရဖို့  အကြောင်းက ဖန်လာခဲ့သည်။
“Mr.Top က ရန်ကုန်ပြန်ရောက်တော့ ကျွန်တော့်ဆီ ဖုန်းဆက်တာဗျ။ သူလည်း အဲ့ဒီအချိန် ဟိုတယ်တစ်ခုမှ မျက်လှည့်ပြနေတာ။ ကျွန်တော့်ကို သူ့တွဲဖက် အဖြစ် လုပ်ပေးဖို့လှမ်းခေါ်တာ။ ကျွန်တော်လည်း ကျောင်းဆက်မတက်တော့ဘဲ သူ့ဆီ အရောက်သွားတာပေါ့”  ဟု ဂျိုကာကဆိုသည်။

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် မျက်လှည့်ပြနေသော Mr.Top နှင့် ဂျိုကာတို့အတွဲကို ထိုင်းနိုင်ငံ Baiyoke Sky Hotel က သူတို့ထံတွင် ပင်တိုင်မျက်လှည့်ဆရာများ အဖြစ် လာရောက်ပြသရန် ကမ်းလှမ်းသည်။

ထို့နောက်တွင်တော့ ဂျိုကာသည် ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ Baiyoke Sky Hotel ကြီးတွင်  မျက်လှည့်ပြရင်း နိုင်ငံတကာ မျက်လှည့်ပညာရှင်များနှင့်  ရင်းနှီးလာခဲ့သည်။

“ဟိုမှာက နိုင်ငံတကာက မျက်လှည့်ဆရာတွေ  လာပြကြတယ်။ ကျွန်တော်က အသက်လည်းငယ်၊ လူကောင်ကလည်း သေးတော့ သူတို့က ချစ်ကြတယ်။ သူတို့ပညာတွေကို ကျွန်တော့်ကို သင်ပေးကြတယ်”  ဟု ဂျိုကာကဆိုသည်။

ထိုင်းနိုင်ငံတွင် တစ်နှစ်ကျော်ကြာပြီးနောက်  ဂျိုကာသည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

ယခုအခါ ရုပ်သံအစီအစဉ်များ၊ အခမ်းအနား ပွဲလမ်းသဘင်များ၊ စတိတ်ရှိုးများတွင် ဟာသဆန်သော  မျက်လှည့်ပြကွက်များဖြင့် စင်မြင့်ထက် ဖျော်ဖြေနေသော ဂျိုကာဆိုသည့် မျက်လှည့်ပညာရှင် တစ်ယောက်သည် တစ်ချိန်တစ်ခါက ပန်းဆိုးတန်းမြောင်းကြီးထဲတွင်  ခွေခွေလေးအိပ်နေခဲ့သော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။

သူ၏ပြကွက်များသည် လူအများကို ရယ်မောစေ နိုင်ခဲ့သော်လည်း တကယ်တမ်း သူ၏ဘဝလမ်းကို ကြားရသူ အဖို့တော့ ရယ်မောဖို့ ခွန်အားတို့ ရှိနိုင်တော့မည်မဟုတ်။

မည်သို့ပင်ဖြစ်စေ ဂျိုကာဟူသောအမည်သည် ကိုယ်ယုံကြည်ရာကို မလျှော့တမ်း တိုက်ပွဲဝင်ရင်း ပန်းဝင်ခဲ့သော လူငယ်တစ်ယောက်၏ အမှတ်တံဆိပ်ပင် ဖြစ်သည်။ 
 
ခက်ဇော် (KZ)

  • TAGS

ABOUT AUTHOR

(ခက်ဇော်)