News

POST TYPE

YOUTH

ကျွန်တော့်ရဲ့ မြို့လေး
23-Jun-2019


အစ်ကိုဝမ်းကွဲတစ်ယောက် သူ့အလုပ်က လှိုင်သာယာမှာလုပ်ပြီး သူ့ဇနီးနဲ့ ကလေးကိုတော့ မြို့ထဲမှာ သွားနေစေခဲ့ပါတယ်။ နေ့တိုင်း ဒဂုံတောင်ပိုင်းနဲ့ လှိုင်သာယာ အမြဲသွားပြန်လုပ်နေရတယ်။ သူ့အစားပင်ပန်းလိုက်တာ။ ဒါကြောင့် သူ့မိသားစုကို လှိုင်သာယာမှာခေါ်ထားပြီးနေဖို့ ပြောကြည့်တော့ သူမျိုးဆက်သစ်လေး လှိုင်သာယာစရိုက် ကူးစက်မှာစိုးလို့ လာမနေဘူးလို့ ပြောလာပါတယ်။ သူ့စကားကိုကြားစမှာတော့ သူ့ကိုအကဲပိုလွန်းသူလို့ တွေးလိုက်မိပါတယ်။

ဒါပေမဲ့ လှိုင်သာယာမှာ တဖြည်းဖြည်း ကြုံလာရတဲ့ အတွေ့အကြုံတွေ၊ စရိုက်တွေကြောင့် သူ့ရဲ့ သူ့မျိုးဆက်အပေါ်ထားတဲ့ စေတနာစကားကို လက်ခံလာမိပါတယ်။ တကယ်တော့ လှိုင်သာယာဆိုတာ လူပေါင်းစုံနေတဲ့နေရာကြီးတစ်ခုပါ။ လူပေါင်းစုံသလို အကျင့်စရိုက်ကလည်း အလွန်စုံပါတယ်။ ကောင်းသူရော၊ ဆိုးသူတွေပါ ရောယှက်နေကြပါတယ်။

မှုခင်းဂျာနယ်တွေမှာ အများဆုံးပါတာက လှိုင်သာယာဖြစ်သလို တစ်ခါတစ်ရံ မြို့ထဲကနေ လှိုင်သာယာကို မိုးချုပ်အပြန်မှာ ကားငှားတာတောင် ကားသမားတိုင်း မလိုက်ရဲကြပါဘူး။

သက်ဆိုင်ရာကလည်း အဖွဲ့များဖွဲ့ကာ ဆိုင်ကယ်များကိုလိုက်လံဖမ်းဆီးနေတာကို ကြားတွေ့နေရပါတယ်။ ဖမ်းဆီးရတဲ့အကြောင်းအရင်းက ဆိုင်ကယ်ပေါ်က ဒုစရိုက်သမားတွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းများ၊ ပိုက်ဆံအိတ်များကိုလုပြေးခြင်း၊ ဆိုင်တွေထဲကို ဆိုင်ကယ်သမားများ အုပ်စုလိုက်ဝင်ပြီး လုယူထွက်ပြေးခြင်းတွေက များလာလို့ဖြစ်ပါတယ်။ ဒါကြောင့် တခြားဆိုင်ကယ်စီးသမားတွေလည်း လှိုင်သာယာထဲမှာ အရင်ကလို လွတ်လွတ်လပ်လပ်စွာ စီးနင်းသွားလာခွင့် မရကြတော့ပါဘူး။ နေရတာ ဘောင်ကျဉ်းလာပါတယ်။

ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက အခြေခံလူတန်းစားများပြားခြင်းနဲ့ အသိပညာ အတတ်ပညာရှင်တွေ နည်းပါးခြင်းကြောင့်လို့ အကြမ်းဖျင်း မှတ်ယူလို့ရပါတယ်။ ပညာဉာဏ်နည်းပါးခြင်းကြောင့် လုပ်သင့်တယ်၊ မလုပ်သင့်ဘူး။ မျှတတယ်၊ မမျှတဘူးဆိုတဲ့ အကောင်းအဆိုးကို သေသေချာချာ ဝေဖန်စဉ်းစားနိုင်တဲ့ဉာဏ်မထားနိုင်ကြတော့ပါဘူး။ လတ်တလောဖြစ်နေတဲ့ ဆင်းရဲတွေက လွတ်မြောက်ဖို့အတွက်သာ ကြိုးစားနေကြပါတော့တယ်။

ကျွန်တော်ဟာ စီးပွားရှာဖို့အတွက် လှိုင်သာယာမှာ အလုပ်လုပ်နေရပေမယ့်လည်း မရိုးသားမှုပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရင်း စိတ်ပျက်ရတဲ့အခါတွေလည်း အကြိမ်ကြိမ် ကြုံတွေ့ရဖူးခဲ့ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းစချိန်တုန်းကဆိုရင် တစ်ခါတစ်ရံ စိတ်ဓာတ်ကျတဲ့ ရောဂါပင် ဖြစ်ရပြီလားလို့ ထင်မှတ်ရလောက်အောင် စိတ်ညစ်ညူးခဲ့ရဖူးပါတယ်။ ကတိမတည်မှုတွေ၊ မနက်မိုးလင်းတာနဲ့ ဘီယာဘူးကိုင်ကာ ရမ်းကားစော်ကားမှုတွေက နေ့တိုင်းကြုံတွေ့ရပါတယ်။ ပြီးတော့ ကျောင်းပညာသင်ရမယ့်အရွယ်ဖြစ်တဲ့ ကလေးတွေဟာ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေရသလို၊ ဆေးလိပ်လက်ကြားထိုးပြီး လူမိုက်ဆန်ဆန် လှည့်လည်သွားလာနေတဲ့ လူငယ်တွေလည်း အများကြီးပါ။ သူတို့စိတ်ထဲမှာ အနာဂတ်ဆိုတာလည်း မရှိ၊ အပူအပင်လည်း မရှိ ဖြစ်ရာဘဝမှာ ပျော်ပျော်နေမယ်ဆိုသူတွေပါ။ ဆင်းရဲတာတောင် တစ်ဘဝပဲ ဆင်းရဲရတာလို့ ပြောကြသူတွေတောင် ရှိကြပါသေးတယ်။

အချို့လူငယ်တွေဆိုရင် မိဝေးဖဝေးကနေ လာပြီး အလုပ်လုပ်နေတော့ အထိန်းအကွပ်ကလည်း မရှိသလို ကိုယ်တိုင်လည်း ထိန်းသိမ်းမှုမပြုနိုင်တော့ ဘဝဟာ ဖြစ်ချင်တိုင်း ဖြစ်နေကြပါတယ်။ ပတ်ဝန်းကျင်ကလည်း သူတို့ကို လူဆိုးဆိုပြီး အပေါင်းအသင်း မလုပ်ချင်ကြဘူး။ ကြည့်ခဲ့ဖူးတဲ့ ကိုရီးယားဇာတ်လမ်းလေးကို သတိရမိပါသေးတယ်။ ဇာတ်လမ်းထဲမှာ မင်းသားနဲ့ သူငယ်ချင်းတွေဟာ ပြစ်မှုတစ်ခုကြောင့် ထောင်ထဲရောက်နေကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ထောင်ထဲကနေ အပြင်ကို ခိုးထွက်လွတ်မြောက်နိုင်ဖို့ အမြဲကြိုးစားနေကြပါတယ်။ တစ်နေ့တော့ မင်းသားက ထောင်ထဲကနေ အောင်အောင်မြင်မြင်နဲ့ ထောင်အပြင်ကို ဖောက်ထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထောင် အပြင်ရောက်တော့လည်း သူမပျော်နိုင်ပါဘူး။ အစကတည်းက သူ့ကို လူတွေက အမှိုက်လို့ သတ်မှတ်နေကြတယ်။ အခုလို အမှားထပ်ဆင့်ကာ ထောင်ဖောက်ပြေးတော့ လူတွေက သူ့ကိုပိုပြီး အယုံအကြည်မဲ့ကုန်ကြမှာပဲ။ ဒါကြောင့် သူ မပြေးတော့ဘူး။ ဥပဒေကပေးတဲ့ အပြစ်ကိုခံယူပြီး စိတ်သစ်လူသစ်ဘဝနဲ့ ဘဝကိုရင်ဆိုင်မယ်လို့ ဆုံးဖြတ်ကာ ထောင်ဝင်းထဲကို ပြန်ဝင်ခဲ့ပါတယ်။

ဒါပေမဲ့ သူထောင်ဝင်းထဲ ပြန်ဝင်သွားတော့ အနေအထားတွေက တစ်မျိုးပြောင်းကုန်ပြီ။ ထောင်သားတွေက လက်နက်တွေနဲ့ အာဏာပိုင်တွေကို ထိန်းချုပ်ထားကြပြီ။ ပြီးတော့ ထောင်ပြင်ကို ထွက်ဖို့ကြိုးစားနေကြတယ်။ ဒါကြောင့် မင်းသားက ထောင်ကထွက်ပြေးဖို့ ကြိုးစားနေသူတွေကို ဖျောင်းဖျတယ်။ လက်ရှိအနေအထားအရ အပြင်ကလူတွေရဲ့အမြင်မှာ မိမိတို့ဟာ အမှိုက်တွေသာဖြစ်ကြောင်း ဒီလိုအချိန်မှာ ကိုယ့်ဘက်က အကောင်းဆုံးတွေ ဖန်တီးပြီး လူတွေရဲ့အမြင်တွေကို ပြောင်းလဲပစ်ရမှာဖြစ်ကြောင်းရှင်းပြပြီး လက်ရှိကျခံနေရတဲ့ အပြစ်ဒဏ်တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ စည်းရုံးပါတယ်။ ဒီလိုနဲ့ အငြင်းအခုံတွေလုပ်ရင်းက နောက်ဆုံး ပြေလည်မှုရပြီး ထောင်ကထွက်ပြေးဖို့ မကြိုးစားတောဘဲ ကျခံရမယ့်ပြစ်ဒဏ်တွေ ခံယူပြီး ထောင်ကထွက်တော့ အကောင်းမွန်ဆုံးဘဝတွေ တည်ဆောက်ကြတာကိုတွေ့ရတော့ သူတို့တွေရဲ့ ပြုပြင်နိုင်တဲ့ စိတ်ဓာတ်ကို လေးစားအတုယူခဲ့ပါတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း အများက လူဆိုးလို့ သတ်မှတ်ထားတဲ့ လူငယ်တွေ အများကြီး ရှိနေကြပါတယ်။ သူတို့မွေးဖွားရှင်သန်ရာ ပတ်ဝန်းကျင်နဲ့ ဘဝအခြေအနေတွေကြောင့် ဆိုးသွမ်းတဲ့စရိုက်တွေ ဖြစ်နေကြပေမယ့် တကယ့်လူမိုက်ကြီးတွေ မဟုတ်ကြပါဘူး။ ပညာအခြေခံနည်းပါးခြင်း၊ စားဝတ်နေရေး မပြေလည်ခြင်းတွေကြောင့်သာ လူဆိုးဘဝ၊ လူမိုက်ဘဝ ရောက်နေကြရတာပါ။ နှလုံးလှလူမိုက်ဘဝတွေကို ရောက်နေကြရတာပါ။ သူတို့တစ်တွေကို ဒီအတိုင်း ပစ်ထားလိုက်ရင် ပတ်ဝန်းကျင်အတွက်လည်း ထိခိုက်မှာဖြစ်သလို နိုင်ငံတော်အတွက်လည်း အဖိုးတန်လူငယ်တွေ ဆုံးရှုံးမှု ဖြစ်စေပါတယ်။ ဒါကြောင့် ကြမ်းတမ်းနေတဲ့ သူတို့စိတ်တွေကို နူးညံ့အောင် လိုအပ်နေတဲ့ ဗဟုသုတတွေ၊ လောကထဲနေနည်းတွေကို သူတို့တွေရဲ့ ဦးနှောက်ထဲ စီးဝင်အောင် စည်းရုံးသိမ်းသွင်းပေးဖို့ အထူးလိုအပ်ပါတယ်။

ရှေးအခါက ဘုရားတရားမသိတဲ့ အရက်သမား သားကို မိဘက တရားနာရင် အသပြာပေးမယ်ဆိုပြီး စည်းရုံးသိမ်းသွင်းကာ လူကောင်းတစ်ယောက်ဖြစ်အောင် လုပ်ခဲ့သလို အခုခေတ်လူငယ်တွေကိုလည်း သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး အားသာချက်တွေကို အထူးမြေတောင်မြှောက်ပေးသင့်ပါတယ်။ ထိုက်သင့်တဲ့အလုပ်တွေ ဖန်တီးပေးပြီး သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နိုင်သွားပြီဆိုရင် မကောင်းမှုလုပ်ဖို့အချိန်ရမှာ မဟုတ်တော့ပါဘူး။

နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေမှာ အချိန်ဟာ ငွေကြေးဆိုတဲ့စကားအတိုင်း အချိန်တိုင်း အလုပ်တွေ လုပ်နေကြပါတယ်။ ဒါကြောင့် သူတို့မှာ အချိန်ပိုဆိုတာ မရှိပါဘူး။ အချိန်ပိုမရှိတော့ မကောင်းတာကို ကြံစည်ဖို့တောင် စိတ်ကူးထဲ ထည့်ချိန်မရကြပါဘူး။ အချိန်တိုင်း အလုပ်ထဲမှာနဲ့ အားလပ်ချိန်တွေမှာလည်း အလုပ်အတွက် လိုအပ်တဲ့စာတွေနဲ့ စာအုပ်တွေနဲ့သာ အချိန်ကုန်လွန်နေကြပါတယ်။ ဒါကြောင့် သူတို့တွေရဲ့စိတ်တွေဟာ ရင့်ကျက်သလို အတွေးအခေါ်တွေက မြင့်မားကြပါတယ်။ အတွေးအခေါ်မြင့်လေ မကောင်းမှုကိုလုပ်ဖို့ တွန့်ဆုတ်လာလေ ဖြစ်လာပါတယ်။ မြန်မာပြည်မှာ ထင်ရှားပြီး လူအများကြည်ညိုရတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ စကားတစ်ခွန်းက အလွန်တန်ဖိုးရှိသလို လိုက်နာစရာလည်း အလွန်ကောင်းပါတယ်။

“ကိုယ်တော်တွေက ပျင်းတဲ့စိတ်ဖြစ်နေရင် ဒီအတိုင်းနေတာကို တပည့်တော်တို့ကတော့ ပျင်းတဲ့စိတ်ဖြစ်နေရင် တစ်ခုခုကို ထလုပ်ပစ်လိုက်တာပဲ”လို့ မိန့်ကြားဖူးတာကို ဖတ်ရှုရဖူးပါတယ်။ လုပ်သင့်တဲ့ အလုပ်ကိုလုပ်ဖို့ ပျင်းရိစိတ်ဖြစ်နေရင် မလုပ်သင့်တဲ့အတွေးတွေ ဝင်နေတတ်တယ်လို့ ဆရာတော်ဘုရားက မိန့်ဆိုတာဖြစ်ပါတယ်။ ပြီးတော့ မကောင်းစိတ်ကို စိတ်အလောင်းအစားလေးတွေလုပ်ရင်း အောင်မြင်အောင်လုပ်လို့လည်းရပါတယ်။ ကျွန်တော်ဟာ ဆယ်တန်းနှစ်လောက်ကစားလာတဲ့ ကွမ်းယာက ဘွဲ့တွေရပြီး အလုပ်ဝင်ချိန်အထိ စွဲခဲ့ပါတယ်။ ကွမ်းစားခြင်းဟာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ကြည့်၊ လူမှုရေးရှုထောင့်ကပဲကြည့်ကြည့်၊ အကျိုးမရှိတာကို သိတဲ့အတွက် ကွမ်းစားခြင်းကိုစိတ်ပျက်ပြီး ကွမ်းဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သိစိတ်ကဖြတ်မယ် လုပ်လိုက် မသိစိတ်က ပြန်စားလိုက်နဲ့ ဖြစ်နေမိတာ အကြိမ်ကြိမ်အခါခါပါ။ နောက်ဆုံးမှာ စိတ်ကို စိတ်နဲ့ လောင်းကြေးထပ်လိုက်ပါတယ်။ ဒီကွမ်းယာကို ဖြတ်မယ်။ တကယ်လို့ ပြန်စားဖြစ်ခဲ့ရင် နာကျင်တဲ့ခံစားမှုတစ်ခုခုနဲ့ သေဆုံးရပါစေလို့ ကိုယ့်စိတ်ကို လောင်းကြေးထပ်လိုက်ပါတယ်။ ဒီလိုလုပ်တာကို အချို့ကတော့ ရူးသွပ်မှုကို မြင်ကြမှာပါ။ ဒါပေမဲ့ ဒါဟာရူးသွပ်မှု မဟုတ်ပါဘူး။ စိတ်ဆိုတာ ပါဝါအလွန်ရှိပါတယ်။ သတ္တိရှိသလို ကြောက်တတ်ခြင်းမှာလည်း အတိုင်းထက် အလွန်ပါ။ လူတိုင်းဟာ သေရမှာ ကြောက်ရွံ့တတ်ကြပါတယ်။ အထူးသဖြင့် နာနာကျင်ကျင်နဲ့သေရမှာဆို ပိုပြီးကြောက်ကြပါသေးတယ်။

ဆရာကြီးမင်းသိင်္ခရဲ့ ပုဏ္ဏားဘကွန်းဝတ္ထုထဲက ဇာတ်ကောင်ဘကွန်းဟာ လည်ပင်းမှာ အဆိပ်ပုလင်းဆွဲရင်း သတ်မှတ်ရက်မှာ ချမ်းသာအောင်မလုပ်နိုင်ရင် သူ့ကိုယ်သူသတ်သေမယ်ဆိုပြီး စိတ်ကိုအလောင်းအစားလုပ်ရင်း ကြိုးစားလိုက်တာ အောင်မြင်သွားပါတယ်။ ဒါဟာဝတ္ထုဆိုပေမယ့် အပြင်မှာလည်း ဒီလိုကြိုးစားလိုက်လို့ အောင်မြင်သူတွေ၊ မကောင်းမှုတွေ ကင်းပျောက်ရသူတွေအများကြီး ရှိနေကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မကောင်းမှုတွေကို လောင်းကြေးတွေထပ်ရင်း ကောင်းမွန်တဲ့အနေအထားဆီကို ရောက်အောင် ပို့ဆောင်ပေးလို့ရပါတယ်။

ကျွန်တော့်ရဲ့ပတ်ဝန်းကျင်မှာ ပြုပြင်စရာတွေ အများကြီး ရှိနေကြပါသေးတယ်။ ဒါကြောင့် ကျွန်တော် ဘဝကိုစခဲ့တဲ့ ဒီနေရာလေးကို မစွန့်ခွာနိုင်ရက်ပါ။ စွန့်ခွာခြင်းထက်ပိုပြီး ကောင်းတဲ့နည်းလမ်းများကို ရှာဖွေရဖန်တီးရပါဦးမယ်။ ကျွန်တော့်ပတ်ဝန်းကျင်က သူတွေရဲ့ ဘဝလေးတွေလှပဖို့ ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ဖန်တီးပေးရပါဦးမယ်။ ကျွန်တော် ဉာဏ်ရှိသလောက် အသိပေးစာလေးတွေရေးရင်း သူတို့ဘဝလေးတွေကို ကောင်းမွန်အောင် ပြုပြင်ပေးရပါဦးမယ်။

သူတို့တွေဟာ မိုက်မဲကြပေမယ့်လည်း ရိုးသားကြပါတယ်။ ဒီရိုးသားခြင်းတွေကို ယုံကြည်မှုတွေဖြစ်အောင်၊ အသိဉာဏ်တွေဖြစ်အောင် ပြီးတော့ လူအများနဲ့ သဟဇာတဖြစ်အောင် ကြိုးစားရပါဦးမယ်။ ပြီးတော့ သူတို့ကိုယ်တိုင် ယုံကြည်မှုတွေရအောင်လည်း ကျွန်တော်တတ်နိုင်သလောက် ကြိုးစား ပြုပြင် ပေးရပါဦးမယ်။သူတို့မှာ အသိပညာ နည်းပါးကြလို့သာ လုပ်သင့်တဲ့အလုပ်ကိုမလုပ်ဘဲ မလုပ်သင့်တဲ့အလုပ်တွေကို လုပ်နေကြတာပါ။ ဒီလိုနည်းပါးတဲ့ အသိပညာတွေကိုဖြည့်ဖို့ စာအုပ်လေးတွေ ဖတ်ဖြစ်အောင် တိုက်တွန်းတာတွေ၊ စာဖတ်ဝိုင်းတွေ ဖန်တီးပေးတာတွေ၊ အသိပေးစာလေးတွေ ရေးသားခြင်းတွေ ဖန်တီးပေးရပါဦးမယ်။

ဘာပဲဖြစ်ဖြစ် ဒီမြေဒီရေက ကျွန်တော် စွန့်ခွာနိုင်ရက်တော့မှာမဟုတ်ပါဘူး။ ကိုယ်အားဉာဏ်အား ရှိသရွေ့လုပ်ဆောင်ပေးသွားရဦးမှာပါ။

မောင်မြင့်ဝင်း