News

POST TYPE

YOUTH

မေးခွန်းမပါသည့်စာမေးပွဲ
02-Mar-2019



တွင် ပါမောက္ခကြီးသည် အတန်းထဲသို့ ဝင်လာသည်။ သူက ကျောင်းသားများကို ပြောလိုက်သည်။

“မင်းတို့ကို ဒီနေ့ စာမေးပွဲစစ်မယ်”

မထင်လည်းမထင် ပြောလည်းမထားသောကြောင့် ကျောင်းသားများ အံ့အားသင့်သွားကြသည်။ သူတို့ထံမှ ညည်းညူသံများ ပေါ်ထွက်လာသည်။

“အခက်ကြီး မဟုတ်ပါဘူး။ မစိုးရိမ်ကြပါနဲ့ လွယ်လွယ်လေးမေးမှာပါ” ဟု ပါမောက္ခကြီးက ပြောလိုက်သည်။ 

ပါမောက္ခကြီးက အဖြေစာရွက်နှင့် မေးခွန်းစာရွက်ကို တွဲလျက်လိုက်ဝေသည်။ စာရွက်တွေကို ကျောင်းသားတွေရှေ့ကို လိုက်ချပေးပြီးမှ မေးခွန်းကို ဖွင့်ကြည့်ရမည်ဟု ပြောထားသည်။ ကျောင်းသားအားလုံးရှေ့ မေးခွန်းတွေ ဝေပြီးမှ

“ကဲ အားလုံး စဖြေလို့ရပြီ”ဟုပြောလိုက်သည်။

ကျောင်းသားတွေက မေးခွန်းတွေကို လှန်ကြည့်လိုက်ကြသည်။ အားလုံး အံ့အားသင့်ကုန်ကြသည်။ သူတို့ မေးခွန်းစာရွက်များတွင် ဘာမေးခွန်းမှ ပါမလာခြင်းကြောင့် ဟာခနဲဖြစ်ကုန်ပြီး 

“ဆရာ ဘာမှလည်း မပါပါလား” ဟု မေးကြသည်။

“ပါပါတယ်ကွယ်၊ သေသေချာချာကြည့်ကြပါဦး” ဟု ပါမောက္ခကြီးက ပြောလိုက်သည်။

ကျောင်းသားတွေ သေသေချာချာကြည့်မှ မေးခွန်းစာရွက်တိုင်း၏ အလယ်တည့်တည့်တွင် အနက်ရောင်အစက်ကလေး တစ်စက်ပါနေကြောင်း တွေ့ရသည်။ အားလုံးသော အဖြူရောင်မေးခွန်းစာရွက်တိုင်း၏ အလယ်တည့်တည့်တွင် အနက်ရောင်အစက်တစ်စက်စီပါကြသည်။

“ဘာတွေ့ကြသလဲ သေသေချာချာ ကြည့်ပြီးကြပြီလား”

“ဆရာ မေးခွန်းစာရွက်မှာ အနက်ရောင်အစက် တစ်စက်ပဲတွေ့တယ်”

“အေး အဲဒါဆိုရင်လည်း မင်းတို့တွေ့တဲ့အတိုင်းရေး၊ တွေ့တာကိုရေးကြ” ဟု ပါမောက္ခကြီးက ပြောလိုက်သည်။

မမျှော်လင့်သော စကား၊ မမျှော်လင့်သော မေးခွန်း၊ မမျှော်လင့်သောစာမေးပွဲကို ဖြေဆိုကြရတော့မည်ဖြစ်သဖြင့် ကျောင်းသားတွေ ငိုင်ကုန်သည်။ 

အချိန်ပြည့်သောအခါ ပါမောက္ခကြီးက ကျောင်းသားတွေထံမှ အဖြေလွှာတွေကို ပြန်သိမ်းလိုက်သည်။ အဖြေစာရွက်များပေါ်တွင် ကျောင်းသားများ ဘာရေးထားသည်ကို ပါမောက္ခကြီးက တစ်ရွက်ချင်းဖတ်ပြသည်။ သူတို့ကို တွေ့တာရေးဟု ပြောထားသဖြင့်လည်း အများစုက ရေးထားသည်မှာ

“အနက်စက် တစ်စက်” သာ ဖြစ်နေကြသည်။ 

ပါမောက္ခကြီးက အဖြေလွှာတွေကို အားလုံးကြည့်ပြီးနောက်

“ဒီနေ့ မင်းတို့ဖြေတဲ့ အဖြေတွေကို ဆရာတစ်မှတ်မှ မပေးနိုင်ဘူး။ လူတိုင်း အရည်အချင်းမမီဘူး။ ဘယ်သူမှ မြင်အောင်မကြည့်တတ်ဘူး” ဟု ပြောလိုက်သည်။

ကျောင်းသားများထံမှ ဆူညံသံတွေထွက်လာသည်။ ဝေဖန်သံတွေလည်း ပေါ်လာသည်။ 

“ဆရာ စိတ်မကောင်းဘူးသိလား။ မင်းတို့ အားလုံး အဖြူရောင်စာရွက်ပေါ်က အနက်ရောင်အစက်လေး တစ်စက်ကိုပဲ မြင်ကြတယ်။ မင်းတို့ကွယ် စာရွက်အဖြူရောင် နေရာလွတ်တွေ အများကြီးပေါ်မှာ အလွန်သေးငယ်တဲ့ အစက်လေးတစ်စက်ကိုပင် မြင်အောင်ကြည့်နိုင်ကြတာဆိုတော့ စဉ်းစားသာကြည့်ကြပေတော့။ နေရာတွေအများကြီး၊ အကျယ်ကြီးဖြစ်နေတဲ့ အဖြူရောင်ကွက်လပ်ကို မင်းတို့ဘာကြောင့် မမြင်ကြသလဲ။ ဘာကြောင့် မခံစားသလဲ။ ဘာကြောင့်အစက်သေးသေး အနက်ရောင်လေးကိုပဲ မြင်အောင်ကြည့်နေကြသလဲ”

“လူတစ်ယောက်ဟာ အကောင်းတွေ ဘယ်လောက်လုပ်လုပ်၊ ဘာမဟုတ်တဲ့ အပြစ်လေးတစ်ခုကို မရမက ဖော်ထုတ်ပြီးတော့ အဆိုးမြင်အောင်ကြည့်နေတာ တရားလား၊ သဘာဝကျသလား ပြန်စဉ်းစားကြကွယ်။ ဘေးကအဖြူရောင်တွေကို ကြည်နူးစွာခံစားနိုင်ပါရက်နဲ့ ဘာကြောင့်များ အနက်စက်လေးတစ်စက်ပဲ မြင်ကြတာလဲကွယ်။ လောကကြီးမှာ အကောင်းမြင်စိတ်နဲ့ အကျယ်မြင်နိုင်အောင်လည်း ကြိုးစားကြစေချင်တယ်။ အဆိုးမြင်စိတ်နဲ့ သေးသေးလေးပဲ မြင်အောင်ကြည့်တာကို အမြင်ကျဉ်းတာလို့ခေါ်သကွယ်”

လောကဆိုသည်မှာ အဆိုးနှင့်အကောင်း ရောထွေးနေသည့် အိတ်ကြီးတစ်လုံးနှင့်တူသည်။ ထိုအိတ်ကြီးထဲတွင် အဆိုးမြင်စိတ်၊ အကောင်းမြင်စိတ်တွေရောထွေးနေပေလိမ့်မည်။ အကောင်းမြင်စိတ်နှင့်ကြည့်တတ်လျှင် လောကကြီးက အကျယ်ကြီးဖြစ်သွားသည်။ ရှင်းရှင်းလင်းလင်းဖြစ်သွားမည်။ ပျော်စရာကောင်းလာမည်။ အဆိုးမြင်စိတ်ဖြင့် အနက်စက်လေးတစ်စက်တည်းကို မြင်အောင်ကြည့်နေရခြင်းက ပိုပြီးပင်ပန်းလှသည်။

E-01