News

POST TYPE

YOUTH

လူငယ်နှင့်ခေါင်းဆောင်မှု (၂)
20-Jan-2019


ဆောင်မှုအနုပညာတွင် အောင်မြင် စေသောနည်းလမ်းတစ်ခုမှာ ဦးတည်ချက်ကို သတ်မှတ်ပြဋ္ဌာန်းတတ်ခြင်း ဖြစ်ပါသည်။ ဘယ်လမ်းကို ဘယ်လိုသွားမည်၊ ဘယ်လို လျှောက်ကြမည်ဆိုသည့် ဦးတည်ချက်တစ်ခုခုကို မချမှတ်နိုင်သော ခေါင်းဆောင်နောက်ကို မည်သူတွေက ယုံကြည်စွာဖြင့် လိုက်ပါကြမည်နည်း။ ထို့ကြောင့် ခေါင်းဆောင်လုပ်ချင်သလား ဦးတည်ချက် ချမှတ်ပြီးပြီလားဟု မေးရန်လိုပါလိမ့်မည်။ ဦးတည်ချက်မဲ့ လျှောက်ရမည့်လမ်းမသိသော ခေါင်းဆောင်နောက်ကို လိုက်မည်ဆိုလျှင် လိုက်သူ၏အပြစ်လည်း ပါဝင်သည်။

ကိုယ်ဦးတည်ထားသည့် လမ်းသည် (၁) အကဲဖြတ် ခန့်မှန်းနိုင်စွမ်းရှိသောလမ်းဖြစ်ရမည် (၂) အများနှင့် ကိုက်ညီပြီး မှန်ကန်သော လမ်းဖြစ်ရမည် (၃) လျှောက်နိုင်သည့်လမ်းဖြစ်ရမည်။

ခေါင်းဆောင်ဆိုသည်မှာ သူ့နောက်လိုက်များကို ဦးဆောင်ကာ ခေါ်သွားရမည့်သူဖြစ်သည်။ သတ်မှတ်ထားသည့် ဦးတည်ချက်ဆီသို့ မရောက်ရောက်အောင် ခေါ်ဆောင်သွားနိုင်သူလည်း ဖြစ်ရမည်။ သူခေါ်သည့်အခါ အောင်ရမည်၊ နိုင်ရမည်၊ ရောက်ရမည်ဆိုသည့် ဦးတည်ချက်များအတိုင်း ခေါ်ရမည်။ ရောက်ချင်မှရောက်မည် ဆိုသည့်စိတ်ဓာတ်ဖြင့် ဦးဆောင်မည်ဆိုလျှင် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်ပေ။

ခေါင်းဆောင်ဆိုသည်မှာ ဦးတည်ချက်အတိုင်း ခေါ်ဆောင်နေသော်လည်း လမ်းကြောင်းကို ပြောင်းသင့်လျှင် ပြောင်းခွင့်ရှိသူများဖြစ်သည်။ လမ်းကြောင်း ပြောင်းခေါ်လိုက်သဖြင့် နောက်လိုက်များ စိတ်ထဲတွင် ရှုပ်ထွေးမှုများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဦးတည်ချက်ကို အပျောက်မခံဘဲ တည့်တည့်လျှောက်ရမည်ဟု ဆိုသော်လည်း မမျှော်လင့်သည့် အခက်အခဲနှင့် အန္တရာယ်များကြောင့် လမ်းကြောင်းပြောင်းမည်ဆိုလျှင်၊ အဘယ်ကြောင့် ပြောင်းရကြောင်းကို သေချာစွာ ရှင်းလင်းပြော ပြနိုင်ရမည်။ ယုံကြည်မှုဖြင့် နောက်ကလိုက်လာသူများကလည်း မိမိခေါင်းဆောင်၏ ဦးတည်ချက် အဘယ်ကြောင့် ပြောင်းလဲရကြောင်းကို သဘောပေါက်နိုင်အောင် ကြိုးစားနိုင်စွမ်းရှိရမည်။

တစ်ခါတစ်ရံတွင် ဦးတည်ချက်အတိုင်း လျှောက်ရင်း လက်တွဲနိုင်သူကို လက်တွဲပြီး၊ လက်မတွဲနိုင်သူများကို ချန်ထားခဲ့ကာ လက်တွဲဖြုတ်ခဲ့ရသည်များလည်း ရှိကောင်းရှိနိုင်ပါသည်။ မည်သူ့ကို ဆက်ခေါ်ပြီး မည်သူ့ကို ချန်ထားခဲ့ရမည်ဆိုခြင်းမှာလည်း ခေါင်းဆောင်၏ ရွေးချယ်ပိုင်ခွင့်နှင့် အဆုံးအဖြတ်အပေါ်တွင် တည်နေပါလိမ့်မည်။

အဖြစ်အပျက် အတွေ့အကြုံလေးတစ်ခုကို ပြောပြချင်ပါသည်။ တစ်နေ့တွင် လူတစ်ယောက်သည် မိတ်ဆွေတစ်ဦးကို လမ်းကြုံခေါ်လာသည်။ မိတ်ဆွေက ကားနောက်ခန်းတွင် ထိုင်လိုက်လာသည်။ သူက မြို့ထဲရှိ ဖြတ်လမ်းနှင့် ကားရှင်းသည့်လမ်းများအကြောင်း အတော်လေး သိထားသည်။ သို့သော် သူသည် ကားမောင်းသူ မဟုတ်။ ကားမောင်းသူကို စိတ်အနှောင့် အယှက်မပေး။ ကားမောင်းနေသူက မေးလျှင်ပင် မပြော။ သူက “မင်းကားကို ငါနောက်ကစီးနေတာပါ။ နောက်က မမောင်းပါရစေနှင့်” ဟုပြောသည်။ ခေါင်း ဆောင်ကောင်းနှင့် နောက်လိုက်ကောင်းတို့၏ စိတ်ဓာတ်နှင့် သဘောထားတို့ကို ထင်ဟပ်စေသည့် အတွေ့အကြုံများဖြစ်သည်။ အချို့က ကားမောင်းသူဘေးတွင် ပါးစပ်နှင့် လိုက်မောင်းတတ်သဖြင့် စိတ်ရှုပ်စရာကောင်းပြီး ပြဿနာများနှင့် ကြုံကြရသည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ ပါးစပ်နှင့် လိုက်မောင်းနေသူများကိုလည်း ရှောင်ရှားနိုင်ရမည်။

ခေါင်းဆောင်ဆိုသူသည် မည်သို့မည်ပုံ ခေါ်သွားရမည်ကို ကောင်းစွာနားလည်ပါသည်။ သောမတ်စ်အေ စတီးဝပ်က Fortune မဂ္ဂဇင်းတွင် 

“ခေါင်းဆောင်များ ကျဆုံးရခြင်းသည် နားမလည်ဘဲ အာဏာကို သုံးမိခြင်းနှင့် အာဏာကို မည်သို့သုံးရမည်ဆိုခြင်းကို ကောင်းစွာလေ့ကျင့်မထားခြင်းတို့ကြောင့် ဖြစ်သည်” ဟု ဆိုထားသည်။

ခေါင်းဆောင်ဆိုသည်မှာ ဖောက်ထားသည့်လမ်းတွင် ငါသာလျှင် အရှင်သခင်အဖြစ် ဦးဆောင်နိုင်သူဖြစ်သော်လည်း အာဏာရှင်သခင်မဟုတ်။ ကိုယ်ဘာလုပ်ရမည်ကို ကိုယ်ကောင်းစွာ သိရမည့်အပြင် အားလုံးကို စည်းရုံးပြီး အောင်မြင်မှုပန်းတိုင်ဆီသို့ ခေါ်နိုင်ရမည်။ သွားမည်ဟုဆိုသည့်အခါ ငါ့ကို ထမ်းစမ်းဟု အမိန့်ပေး ခိုင်းစေသူများမှာ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါ။ အခက်အခဲများ ကြုံလာချိန်တွင် ငါ့နောက်ကလိုက်ဟု ပြောရမည့်အစား “တက်” ဆိုကာ နောက်လိုက်များကို ရှေ့တက်ပြီး အသေခံခိုင်းနေသူများမှာလည်း ခေါင်းဆောင်ကောင်းများ မဖြစ်နိုင်ပါ။

ခေါင်းဆောင်သည် စိတ်ဓာတ်ရေးရာအရလည်း ခိုင်မာပြင်းထန်သူတစ်ဦးဖြစ်ရမည်။ ဦးဆောင်သောလမ်းတွင် အောင်မြင်မှုအဆင့်ဆင့်ကို စိတ်ဓာတ်တက်ကြွစေရန်အတွက် ဖော်ဆောင်ပြနိုင်ရမည်။ တီထွင်မှုများနှင့် ဆန်းသစ်မှုများကို ဖော်ထုတ်ပြပြီး လက်ခံနိုင်အောင် ကြိုးစားသွားရမည်။ လူကောင်းကိုရွေးချယ်ပြီး လူမှန်နေရာမှန် ထားတတ်သူဖြစ်ရမည်။ 

ဦးတည်ချက်ကို ခိုင်မာစေရန် ချမှတ်ခိုင်းခြင်းဆိုသည်မှာ လေ့ကျင့်ပျိုးထောင်ခဲ့မှ ရနိုင်ပါသည်။ မည်သည့်လမ်းကို လိုက်ရမည်ဆိုခြင်းမှာ စဉ်းစားဆင်ခြင်၊ တွေးခေါ်နိုင်စွမ်းများနှင့်လည်း သက်ဆိုင်သည်။ အဓိက ပညာဖြစ်သည်။ ပညာရှိပြီး စဉ်းစားဝေဖန်ဉာဏ်ရှိလျှင် ဦးတည်ချက်လမ်းကို မှန်ကန်ဖြောင့်တန်းစွာဖြင့် ချမှတ်နိုင်ပါလိမ့်မည်။

စစ်သားများကို တိုက်ပွဲဝင်ရန်အသင့်ဆိုသည့် စကားနှင့် အမိန့်ပေးနေစရာ မလိုပါ။ သူတို့တွင် အမြဲတမ်း အသင့်အနေအထားများဖြစ်စေရန် လေ့ကျင့်ပေးပြီးဖြစ်သည်။ သူတို့ဘာလုပ်ရမည်ဆိုခြင်းကို ကောင်းစွာသိသည်။ အတွေ့အကြုံနှင့် အလေ့အကျင့်များက သူတို့ကို အသက်ရှင်ရေးနှင့် အောင်နိုင်ရေးဆီကို ဦးတည်ခေါ်ဆောင်သွားပါလိမ့်မည်။

E-01

(Ref: The Principles, Practices and Profile of 21st Century Leadership)