News

POST TYPE

YOUTH

လူငယ်နှင့်ခေါင်းဆောင်မှု (၁)
19-Jan-2019


ခေါင်းဆောင်နှင့် နောက်လိုက်များ

ခေါင်းဆောင်လုပ်မည့်သူတစ်ဦးသည် မူလက တည်းက ကိုယ်ပိုင်စွမ်းရည်နှင့် ကိုယ်ပိုင်ကောင်းမြတ် မှုများ ရှိနေရန်လိုသည်။ ခေါင်းဆောင်လုပ်သည်ဆို ကတည်းက ကိုယ်ဦးဆောင်နေသည့်အဖွဲ့ကို လုပ်ငန်းသို့မဟုတ် တာဝန်တစ်ခုခုတွင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်စေရန်ဖြစ်သည်။ ကိုယ့်ဦးဆောင်နိုင်စွမ်းကို ဦးစွာ ဆန်းစစ်ကြည့်ပါ။ ထို့နောက် ကိုယ့်နောက်ကို လိုက်ပါမည့် နောက်လိုက်များကို သုံးသပ်ပါ။ ခေါင်းဆောင်ဆိုသည်မှာ နောက်လိုက်မရှိဘဲ မရပ်တည်နိုင်ပါ။

ခေါင်းဆောင်ဆိုသည်မှာ မိမိနောက်လိုက်များကို အမြဲတိုက်တွန်းဆွဲဆောင်နိုင်သူတစ်ဦး ဖြစ်ရန်လည်း လိုပါသည်။ ခေါင်းဆောင်လုပ်ရခြင်းမှာ လုပ်ငန်းတစ်ခုကို ပိုပြီး ထိရောက်အောင်မြင်စေရန်အတွက် ဖြစ်ကြောင်း စိတ်ထဲတွင်စွဲမြဲစွာ မှတ်သားထားသင့်ပါသည်။ ခေါင်းဆောင်သည် တာဝန်ပေးသူ၏ တာဝန်ပေးမှုကို ဆုံးဖြတ်သုံးသပ်နိုင်ရမည်။ သူပေးသည့် တာဝန်ကို မည်သို့ ကျေပွန်စွာ လုပ်ဆောင်ရမည်ကို ကောင်းစွာသိရမည်။ မည်သူတွေနှင့် မည်မျှလုပ်ဆောင်ရမည်ဆိုခြင်းကိုလည်း သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိသူ ဖြစ်ရပေလိမ့်မည်။

လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင်မြင်စေရန်ဆိုသည်မှာ အကောင်းမြင်စိတ်ဓာတ်များဖြင့် စွမ်းဆောင်နိုင်ရန်လည်း လိုအပ်သည်။ မိမိနောက်လိုက်များကို မည်သို့စည်းရုံးလှုံ့ဆော်ပေးရမည်နည်း၊ မည်သည့်နည်းဖြင့် လုပ်ဆောင်မှ အမြန်ဆုံး ပြီးစီးမည်နည်း၊ လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရာတွင် တာဝန်သိသိ၊ သစ္စာရှိရှိနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် မည်သို့ အကောင် အထည်ဖော်ရမည်ကို သိခြင်းကလည်း ခေါင်းဆောင် ကောင်းတို့၏ အင်္ဂါကောင်းတစ်ခုဖြစ်ပါသည်။

ခေါင်းဆောင်တစ်ယောက် ပထမဆုံးသိထားရမည့်အချက်မှာ အဖွဲ့လိုက်တာဝန်ယူထားရသည့် ကိစ္စတစ်ရပ်တွင် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်မှုများ မပါလျှင် မအောင်မြင်ကြောင်း သိထားရန် လိုပါသည်။ အဖွဲ့လိုက်လုပ်ဆောင်ရသည့် ကိစ္စတစ်ခုတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း စွမ်းဆောင်ပြီး၊ မစွမ်းဆောင်နိုင်သူ မလုပ်ဆောင်နိုင်သူများ ရှိနေ လျှင် ထိုလုပ်ငန်းကို အောင်မြင်သော လုပ်ငန်းတစ်ခုဟု ဆိုနိုင်မည်မဟုတ်ပါ။ ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းတွင် အားလုံးကောင်းမှ ကောင်းမည်၊ အားလုံး လုပ်မှ ပြီးမည်ဆိုသည့် စိတ်ဓာတ်ဖြင့် ကိုယ်တိုင်လည်း ဦးဆောင်၊ အများကိုလည်း စည်းရုံးခေါ်နိုင်မှသာ အောင်မြင်နိုင်ပါလိမ့်မည်။ 

“တို့လောက်ဘယ်သူမှမတော်” ဆိုသည့်စကားကို ပြောနိုင်ရန်မှာ တို့အားလုံးနှင့် ဆိုင်ပါသည်။ ဘဝတွင် ချောတိုင်တက်သလိုဖြစ်သည်။ ချောတိုင်မှ အောင်လံကို ရနိုင်ရန်အတွက် တစ်ဦးကောင်း တစ်ယောက်ကောင်း မရနိုင်ပါ။ အားလုံး ပခုံးများဖြင့် တွန်းတင်နိုင် ရပါလိမ့်မည်။ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်မှ အောင်လံကို ရနိုင်ပါသည်။ 

ဝုဒ်ရိုးဝီလ်ဆန်က “ကျွနု်ပ်သည် ကိုယ့်ဦးနှောက်ကို အသုံးပြုရုံမက အငှားဦးနှောက်များကိုလည်း အသုံးပြုခဲ့သည်” ဟုဆိုခဲ့သည်။ ဦးနှောက်တစ်လုံး ခေါင်းတစ်ခေါင်းထက် ဦးနှောက်ပေါင်းများစွာ ပါဝင်ခြင်းကို အလေးထားပြီးပြောခဲ့သော စကားတစ်ခွန်း ဖြစ်ပါသည်။ တစ်ဦးဆောင်သော်မရ၊ အများဆောင်မှ ရသည်ဆိုသောနည်းအတိုင်း ဖြစ်ပါသည်။

လုပ်ငန်းတစ်ခုလုပ်ဆောင်ရာတွင် Synergy ဆိုသည့် စုပေါင်းဆောင်ရွက်မှုမှ ပေါ်ထွက်လာသော ရလဒ်တစ်ခုသည် ပိုပြီးအရေးကြီးသည်။ တစ်ဦးတည်း လုပ်ဆောင်လျှင်လည်း ပြီးကောင်း ပြီးနိုင်ပါလိမ့်မည်။ သို့သော် အချိန်တွေကြာသွားနိုင်သည်။ အများနှင့် ပူးပေါင်းကြည့်လျှင် ရလဒ်ကတစ်မျိုး ပြောင်းကောင်းပြောင်းသွားနိုင်ပါလိမ့်မည်။ 

Synergy သည် ခေါင်းဆောင်မှုပညာတွင် အလွန်အရေးကြီးပါသည်။ ခေါင်းဆောင်ကောင်းများသည်သာ Synergy ဆိုသည့် သဘောတရားကို ကောင်းစွာနားလည် အသုံးချနိုင်စွမ်းရှိသည်။ 

ခေါင်းဆောင်ကောင်းတစ်ယောက်သည် အခြားသူများကို ဆွဲဆောင်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်သည်။ လေးစားကြည်ညိုမှုများ ရရှိနေသည့် ခေါင်းဆောင်တစ်ဦးသည် သူ့အစွမ်းအစများကို အမြဲတိုးမြှင့် ဖော်ဆောင်နေသူလည်း ဖြစ်ရပါလိမ့်မည်။ သူ့နောက်ကို နောက်လိုက်များ လိုက်ပါချင်လာအောင်၊ လက်တွဲလုပ်ချင်လာအောင် စွမ်းဆောင်နိုင်သူမှသာ ခေါင်းဆောင်ကောင်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ယောက်တွင် လွှမ်းမိုးနိုင်သည့် အရှိန်အဝါ (Influence) လည်း ရှိရန်လိုသည်။

ခေါင်းဆောင်ဆိုသည်မှာ မိမိနောက်လိုက်များနှင့် အပြန်အလှန် မှီခိုပြီး ပူးပေါင်းဆောင်ရွက်နေရသူ ဖြစ်ပါသည်။ နောက်လိုက်ဆိုသူများက ခေါင်းဆောင်ကို ပန်းတိုင်သို့မရောက်ရောက်အောင် တွန်းပို့နေသူများဖြစ်သည်။ ခေါင်းဆောင်ကလည်း မိမိစွမ်းအားကို ယုံကြည်မှုများဖြင့် နောက်လိုက်များကို ဦးဆောင်ပြီး ပန်းတိုင်ကို ခေါ်ရမည်ဆိုခြင်းအား သဘောပေါက်ထားပြီးဖြစ်သည်။ သူသည် နောက်လိုက်များ၏ ယုံကြည်မှုကို ပိုက်ပြီး ပန်းတိုင်ကို မရောက်ရောက်အောင် သွားနေသူလည်းဖြစ်သည်။ ငါ့နောက်တွင် ငါ့ကို ယုံကြည်သူများ ရှိသည်။ ငါ့ကို အထောက်အပံ့ပေးနေမည့် အထောက် အခံကောင်းများရှိနေသည်။ သူတို့နှင့်အတူ ပန်းတိုင်ရောက်ကို ရောက်ရမည်။ ငါတို့လောက် စွမ်းဆောင်နိုင်သူများမရှိဆိုသည့် ခိုင်မာသော ယုံကြည်ချက်ဖြင့် လျှောက်နေသူလည်း ဖြစ်သည်။

လူတွေကိုယ့်နောက်ကို လိုက်ပါလာရန်ဆိုသည် မှာ (၁) ဦးတည်ချက် မှန်ကန်ရမည် (၂) ရည်ရွယ်ချက် ရှိရမည် (၃) အကျိုးရှိရမည်ဆိုသည့် အချက်သုံးချက် အပေါ်မူတည်သည်။ ခေါင်းဆောင်သည် နောက်လိုက် များ နည်းပါးသွားရန်မဟုတ်၊ တိုးပွားလာအောင် ဦးဆောင်နိုင်စွမ်းရှိသူလည်း ဖြစ်ရမည်။

E-01

(Ref: The Principles, Practices and Profile of 21st Century Leadership)