News

POST TYPE

YOUTH

ဘဝတွင်အခက်အခဲများနှင့် ကြုံလာရလျှင်
19-Jan-2019


ဟိုးရှေးရှေးက ဘုရားသခင်အပေါ်တွင် အလွန်ယုံကြည်ကိုးစားသူတစ်ဦးရှိသည်။ သူသည် လူသူမနီးသည့်နေရာတွင် တစ်ဦးတည်း နေထိုင်သူလည်းဖြစ်သည်။ 

တစ်ညတွင် သူသည် အလုပ်များကို ပင်ပန်းစွာ တစ်နေကုန်လုပ်ကိုင်ခဲ့ရသောကြောင့် မောမောနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ထိုအချိန်တွင် ကျယ်လောင်သည့် အသံကြီးတစ်သံကြောင့် သူ လန့်နိုးသွားခဲ့သည်။ သူနိုးလိုက်ချိန်၌ သူ့အခန်းတစ်ခန်းလုံး လင်းထိန်နေသည်ကို မြင်လိုက်ရသည်။ သူ့ရှေ့တွင် ဘုရားသခင်ကို ကိုယ်ထင်ပြကာ ပေါ်လာသည်။

ဘုရားသခင်က အပြင်ဘက်ကို လက်ညှိုးထိုးပြနေသည်။ ဘုရားသခင် ညွှန်ပြသောနေရာတွင် သူတွေ့လိုက်ရသည်မှာ ကျောက်တုံးကြီးတစ်တုံးဖြစ်သည်။ ဘုရားသခင်က

“ချစ်သား သင်သည် ဤကျောက်တုံးကြီးကို သူ့ခွန်အားရှိသမျှ အားစိုက်ကာတွန်းပါ”ဟု ပြောကာ ပျောက်သွားလေတော့သည်။

နောက်တစ်နေ့ နံနက်သူ အိပ်ရာက လန့်နိုးသွားသည်။ ညက အိပ်မက်လားဟု သူ့စိတ်တွင် သံသယဖြစ်နေသည်။ ဘုရားသခင်ကိုတွေ့လိုက်ရသည်။ ဘုရားသခင်က သူ့ကို ကျောက်တုံးကြီးအား တွန်းခိုင်းသွားသည်။ သူက သံသယဖြင့် အိမ်အပြင်ကို ထွက်လိုက်သည်။ အပြင်တွင် ကျောက်တုံးကြီးတစ်တုံးကို အမှန်တွေ့လိုက်ရသည်။

သူက ဘုရားသခင်ပြောခဲ့သည့်အတိုင်း ကျောက်တုံးကြီးကို တွန်းကြည့်သည်။ သို့သော် ကျောက်တုံးကြီးက ကြီးလွန်းသည်။ နေရာက တစ်လက်မပင် မရွေ့နိုင်အောင် ဖြစ်နေသည်။ ဘုရားသခင်က သူ့ကို အကြောင်းမဲ့ ညွှန်ကြားခြင်းမဖြစ်နိုင်ဟု ယုံကြည်သည့်အတိုင်း ကျောက်တုံးကြီးကို နေ့စဉ်တွန်းကြည့်ရင်း အားစမ်းနေမိသည်။

သူသည် အလုပ်ကပြန်လာတိုင်း ကျောက်တုံးကြီးကို တွန်းကြည့်သည်။ အလုပ်မသွားမီလည်း အိပ်ရာက စောစောထပြီး တွန်းသည်။ သူ့ပခုံးများ ပွန်းပဲ့ရာက မာကျောလာသည်။ သူ့လက်နှင့်ပခုံးထိသောနေရာများက ပြောင်ချောလာသည်။ အလုပ်ကပြန်လာတိုင်း ကျောက်တုံးကြီးက သူ့ကို လှောင်ပြောင်နေသလို ခံစားရသည်။ ထို့ကြောင့် ကျောက်တုံးကြီးကို အားစိုက်တွန်းသော်လည်း ကျောက်တုံးက မလှုပ်ဘဲ ကြံ့ကြံ့ခံနေသည်။ 

သူ မည်သို့ကြိုးစားသည်ဖြစ်စေ ကျောက်တုံးကြီးကို လှုပ်အောင်ပင် မလုပ်နိုင်သည့်အခါတွင် သံသယတွေဝင်လာသည်။ သံသယက ကြောက်စိတ်ကို ဖြစ်လာစေသည်။ ကျောက်တုံးသည် မကောင်းဆိုးဝါးကြီးတစ်ကောင်ဖြစ်မည်ဟု ထင်လာသည်။ နတ်ဆိုးက အိပ်မက်ထဲရောက်လာသည်။

“ဟေ့ ကျောက်တုံးကြီးကို တွန်းနေတာ နှစ်ပေါက်နေပြီ ဘယ်မှာလှုပ်လို့လဲ။ ဘာဖြစ်လို့ အနာခံနေသလဲ။ အကျိုးမရှိတဲ့ အလုပ်ကို လုပ်မနေနဲ့။ ကျောက်တုံးကြီးကိုထားခဲ့။ ဒီနေရာက ထွက်သွား” ဟု နတ်ဆိုးက သူ့ကို မကြာခဏ အိပ်မက်တွေ လာပေးနေသည်။ 

သို့သော် ဘုရားသခင်သည် သူ့ကို ကျောက်တုံးကြီးတစ်တုံးထားခဲ့ပြီး အကြောင်းမဲ့ တွန်းခိုင်းနေခြင်း မဟုတ်ဟု သူက ယုံကြည်သည်။ ထို့ကြောင့်

“အရှင်ဘုရား တပည့်တော်သည် နှစ်ချီပြီး ကျောက်တုံးကြီးကို တွန်းနေမိပါသည်။ သို့သော် ကျောက်တုံးကြီးကို ရွေ့အောင် မလုပ်နိုင်ခဲ့ပါ။ တပည့်တော် ဘာမှားနေသနည်း။ အဘယ်ကြောင့် တပည့်တော်ကို ဤသို့သော အပြစ်ကို ပေးခဲ့ပါသနည်း” ဟု ဆုတောင်းကာ ပြောကြားလိုက်တော့သည်။

ထိုအချိန်မှ ဘုရားသခင်ပြန်ပေါ်လာသည်။ 

“သား ငါက သင့်ကို တာဝန်တစ်ခုပေးခဲ့သည်။ သင်က တာဝန်ကို ကျေပွန်အောင်လုပ်သည်။ ငါက သင့်ကို ကျောက်တုံးကြီးအား တွန်းရန်သာပြောသည်။ ဘာဖြစ်မည်ကို မပြောခဲ့။ ကျောက်တုံးကို သင်တွန်းလျှင် ကျောက်တုံး ရွေ့မည် မရွေ့မည်ကိုလည်း ငါမပြောခဲ့။ သင့်အလုပ်က တွန်းဆိုလျှင် တွန်းရန်သာဖြစ်သည်။ ယုံကြည်မှုနှင့်တွန်းရန်သာဖြစ်သည်။ ရွေ့ခြင်း မရွေ့ခြင်းက ပြဿနာမဟုတ်။ ယခုဆိုလျှင် သင့်လက်မောင်းတွေကို ကြည့်လိုက်ပါ။ ကြွက်သားတွေ အမြောင်းလိုက်ထနေသည်။ သင့်ပခုံးတွေ ကြည့်လိုက်ပါ။ အသားမာတွေတက်ပြီး မာကျောကြံ့ခိုင်နေသည်။ သင့်လက်ချောင်းတွေ ကြည့်လိုက်ပါ သန်စွမ်းတုတ်ခိုင်နေသည်။ သင့်ကျောကလည်း တောင့်တင်းသန်မာနေပြီ။ သင့်ခြေထောက်တွေကလည်း ရိုက်လှဲလျှင်ပင် မလဲနိုင်လောက်အောင် ကုတ်အားကန်အား ကောင်းနေသည်။ သင်၏ ကြံ့ခိုင်သန်စွမ်းမှုများသည် ကျောက်တုံးကြီးနှင့် သင်နေ့စဉ် အားစမ်းရာမှ ရခဲ့သော အကျိုးတရားများဖြစ်သည်။ ထိုအကျိုးတရားနှင့် သင်သည် လုပ်ငန်းခွင်တွင် သူများထက် စွမ်းဆောင်နိုင်ပြီး ငွေကြေးအကျိုးအမြတ်လည်း သူများထက် နှစ်ဆရခဲ့သည် မဟုတ်ပါလော”

အခက်အခဲကို ရင်ဆိုင်ခြင်းက စွမ်းအားကို ဖြစ်စေသည်။ တွန်းအားက စွမ်းအားကိုဖြစ်စေသည်။ ယုံကြည်ချက်ဖြင့် နေ့စဉ်တွန်းလိုက်ပါ။ ရလဒ်ကို မြင်ချင်မှလည်း မြင်ရမည်။ သို့သော် ယုံကြည်ချက်နှင့် လုပ်ဆောင်ခြင်းက သင့်ကို စွမ်းအားကောင်းများ ဖြစ်နေစေပါလိမ့်မည်။ 

ဘဝတွင် အခက်အခဲများတွေ့နိုင်ပါသည်။ ယုံကြည်မှုနှင့် တွန်းကြည့်ပါ။ ယုံကြည်ချက်က တောင်ကြီးတစ်တောင်ကိုပင် ရွေ့သွားစေနိုင်သည်ဟုဆိုပါသည်။ ယုံကြည်ချက်မရှိလျှင် သင်ဘာမှ ဖြစ်လာနိုင်မည်မဟုတ်ပါ။

E-01

(Ref: Facing Difficulties in Life)