News

POST TYPE

YOUTH

တော်လှန်သော ရာစုသစ် သူရဲကောင်းများ
05-Jan-2019


ဂလိုရီးယား စတိုင်းနမ် (Gloria Steinem)

အမည်အပြည့်အစုံမှာ ဂလိုးရီးယား မာရီးစတိုင်းနမ် (Gloria Marie St einem) ဖြစ်သည်။ ၁၉၃၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မွေးဖွားသည်။ အမေရိကန် အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်သည့်အပြင် သတင်းစာဆရာ၊ နိုင်ငံရေးသမားများအဖြစ်ပါ တက်ကြွစွာ လှုပ်ရှားခဲ့သူတစ်ဦးလည်းဖြစ်သည်။ အမေရိကန်အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုများတွင် ၁၉၆၀ မှသည် ၁၉၇၀ ပြည့်နှစ်များအတွင်း တက်ကြွစွာလှုပ်ရှားပါဝင်ခဲ့သည့်အပြင် ပြောရေးဆိုခွင့်ရှိသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်လာခဲ့သည်။

စတိုင်းနမ်သည် New York မဂ္ဂဇင်းကြီးတွင် ပင်တိုင်ဆောင်းပါးရှင်ဖြစ်သည့်အပြင် Ms. ဆိုသည့် မဂ္ဂဇင်းကိုလည်း ထူထောင်ခဲ့သူဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် သူရေးသားခဲ့သည့် After Black Power, Women's Liberation ဆောင်းပါးကြောင့် တစ်နိုင်ငံလုံး လူသိများလာပြီး အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် စတိုင်းနမ်၊ ရုပ်ရှင်မင်းသမီး ဂျိမ်းဖောင်ဒါနှင့် ရော်ဘင်မော်ဂန်တို့ ပူးပေါင်းပြီး Women’s Media Center ကို ထူထောင်ခဲ့ကြသည်။ မီဒီယာဖြင့် အမျိုးသမီးတို့အစွမ်းကို ဖော်ထုတ်ပြသနိုင်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ထိုမီဒီယာကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် စတိုင်းနမ်သည် နိုင်ငံတကာကို လှည့်လည်ပြီး ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့သည်။ အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးရရှိရေးအတွက် မီဒီယာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနှင့် ယနေ့တိုင်လှုပ်ရှားနေသူ အမျိုးသမီးကြီးလည်း ဖြစ်သည်။

စတိုင်းနမ်သည် မိခင်က ဂျာမန်သွေး၊ ဖခင်က ဂျူးဖြစ်သည်။ စတိုင်းနမ် ၁၀ နှစ်သမီးအရွယ်တွင် သူတို့ မိဘနှစ်ပါး ကွာရှင်းပြတ်စဲခဲ့ကြသည်။ သူနှင့်မိခင် ဖြစ်သူတို့သည် တိုလေဒိုတွင် အတူနေထိုင်ပြီး ဘဝကို ရုန်းကန်ခဲ့ရသည်။ မိခင်ဖြစ်သူသည် ဘဝကိုရုန်းကန်ရင်း မညီမျှမှု ခွဲခြားမှုများကို ခံနေရသည်များအတွက် ငယ်စဉ်ကတည်းက စတိုင်းနမ်ကို သူပုန်စိတ်ဖြစ်လာစေရန် ပျိုးထောင်ပေးသလိုဖြစ်ခဲ့ရသည်။ လုပ်ငန်းခွင်တွင် အနှိမ်ခံအမျိုးသမီးများအဖြစ် ရပ်တည်နေရခြင်းအပေါ် လူမှုရေးနှင့် နိုင်ငံရေးဘက်ကပါ တန်းတူညီမျှ ဖြစ်စေရမည်ဆိုသည့် စိတ်ဓာတ်က သူ့ထံတွင် ငယ်စဉ်ကတည်းက ကိန်းအောင်းခဲ့သည်။

ငယ်စဉ်က တိုလေဒိုရှိ Waite အထက်တန်းကျောင်းတွင် ကျောင်းတက်ခဲ့သည်။ ထို့နောက် ဝါရှင်တန် ဒီစီရှိ Western အထက်တန်းကျောင်းကိုပြောင်းပြီး အစ်မဖြစ်သူနှင့် အတူနေကာ ထိုကျောင်းမှ အထက်တန်းပညာသင်ယူပြီးဆုံးသည်။ ထို့နောက် Smith ကောလိပ် ကိုဆက်တက်ပြီး ဘွဲ့ရခဲ့သည်။ ၁၉၅၀ တွင် အိန္ဒိယ နိုင်ငံကို Chester Bowles Asian Fellow အဖြစ် ရောက်လာပြီး ၂ နှစ်လေ့လာသင်ယူခဲ့သည်။

အမေရိကသို့ပြန်ရောက်ပြီးနောက် Esquire မဂ္ဂဇင်းတွင် အလွတ်တန်းစာရေးသူအဖြစ် ဝင်ရေးသည်။ ထို့နောက် Show မဂ္ဂဇင်း၊ Playboy Bunny မဂ္ဂဇင်းတို့တွင် တာဝန်ထမ်းဆောင်သည်။ အမျိုးသမီးတို့၏ နိမ့်ကျစွာဖြင့် Playboy Club တွင် ဝန်ဆောင်မှုပေးနေရပုံများကို ဓာတ်ပုံများဖြင့် ထုတ်ဖော်ရေးသားခဲ့သောကြောင့် လှုပ်ခတ်သွားခဲ့ရသည်။ ၁၉၆၉ ခုနှစ် တွင် New York မဂ္ဂဇင်း၌ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဆောင်းပါးကို ရေးသားခဲ့ရာ လူသိများခဲ့ရပြန်သည်။ သူကိုယ်တိုင် အသက် ၂၂ နှစ်အရွယ်တွင် ကိုယ်ဝန်ဖျက်ချခဲ့ရသူတစ်ဦးဖြစ်သည်။ 

၁၉၇၂ ခုနှစ်တွင် အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သည့်အနေနှင့် Ms. ဆိုသည့် မဂ္ဂဇင်းကို ဒေါ်ရိုသီ ပစ်မန်းဟုချ်ဆိုသူနှင့် တွဲဖက်ထူထောင်ခဲ့သည်။ ၈ ရက်အတွင်း စောင်ရေ သုံးသိန်းကျော်ကုန်သည်အထိ ရောင်းအားတက်ခဲ့သည်။ အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်မဂ္ဂဇင်းအဖြစ် လူကြိုက်များပြီး သူလည်း ထင်ရှားသူတစ်ဦး ဖြစ်ခဲ့ရသည်။ ၁၉၇၂ ခုနှစ်မှာပင် စတိုင်းနမ်သည် National Press Club ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်လာခဲ့သည်။

Ms. မဂ္ဂဇင်းတွင် သူသည် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေရသော်လည်း နိုင်ငံရေးလှုပ်ရှားခွင့်များက ခေတ္တရပ်နားသလိုဖြစ်ခဲ့ရသည်။ ၁၉၇၅ ခုနှစ်တွင် ဒီမိုကရက်တစ်အမျိုးသားညီလာခံ၌ အမျိုးသမီးများကို နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခွင့်များ ဖိအားပေးထား အမှုအပေါ် ဆန့်ကျင်တိုက်ပွဲဝင်ပြီး ကန့်ကွက်ခဲ့သည်။ 

စတိုင်းနမ်သည် ၁၉၈၆ ခုနှစ်က ရင်သားကင်ဆာ ဝေဒနာကို စတင်ခံစားခဲ့ရသည်။ သူသည် ၂၀၀၀ ပြည့်နှစ်က ဒေးဗစ်ဘေးလ်ဆိုသူနှင့် လက်ထပ်ခဲ့သေးသည်။ လက်ထပ်ပြီး သုံးနှစ်အကြာတွင် ဒေးဗစ်သည် ဦးနှောက်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။ စတိုင်းနမ်သည် ယနေ့အထိ အမျိုးသမီးများအတွက် တိုက်ပွဲဝင်လှုပ်ရှားမှုများကို လူအားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း တိုက်ပွဲဝင်လုပ်ဆောင်နေသူတစ်ဦး ဖြစ်သည်။

E-01

(Ref: Forbes)