News

POST TYPE

YOUTH

လုပ်ငန်းခွင် ယဉ်ကျေးမှု
29-Dec-2018


လုပ်ငန်းခွင်ဟု ပြောလိုက်သည်နှင့် အများနှင့်ဆက်စပ်သည့် သဘောဆောင်လာကြောင်း သတိထားမိကြပေလိမ့်မည်။ လုပ်ငန်းခွင်ဆိုသည်မှာ အင်နှင့်အားနှင့် ကာယ သို့မဟုတ် ဉာဏအားစိုက်ကာလုပ်ဆောင်ကြရသည့် နေရာတစ်နေရာလည်းဖြစ်သည်။ ပတ်ဝန်းကျင် သဘာဝ၊ လူတစ်ဦးချင်းအနေအထား၊ အခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာပြီးမှ လုပ်ကိုင်ကြရသည့်နေရာဟုလည်း ဆိုနိုင်သည်။ 

လုပ်ခွင်အမျိုးအစားပေါင်းများစွာ ကွဲပြားနိုင်သည်။ လုပ်ငန်းခွင်အနေအထားလည်း အမျိုးမျိုးရှိနိုင်သည်။ မည်မျှကွဲပြားခြားနားသည်ဆိုစေ တူညီစွာဖြင့် လုပ်ဆောင်မှသာ အောင်မြင်နိုင်သည့်ကိစ္စတစ်ခုတော့ ရှိသည်။ ယင်းမှာ လုပ်ငန်းခွင်အတွင်း ယဉ်ကျေးမှုရှိခြင်းဖြစ်သည်။ 

လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ခြင်းတွင်

၁။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရန် ဆက်သွယ်ကြရသည်။

၂။ လူမှုရေးစံအဖြစ် သတ်မှတ်ချက်များကို လိုက်နာကာ ဆက်သွယ်ကြရသည်။ 

တစ်ဦးနှင့်တစ်ဦးတွေ့လျှင် အနည်းဆုံး အပြုံးဖြင့် နှုတ်ဆက်ကြရသည်။ တံတွေးဖြင့်ထွေးကာ နှုတ်မဆက်ရပါ။ ခေတ်ဆန်ချင်လျှင် လက်ဆွဲနှုတ်ဆက်ကြသည်။ ခြေထောက်ဖြင့်ကန်ပြီး နှုတ်မဆက်ကြပါ။ အချို့ကလည်း လက်အုပ်လေးချီပြီး နှုတ်ဆက်ကောင်း နှုတ်ဆက်ကြမည်။ သူ့နေရာနှင့်သူ သတ်မှတ်ချက်များရှိပါသည်။ စံအတိုင်း လိုက်နာကြရပြီး၊ သူ့စံကိုယ့်စံကျော်ကာ ဘောင်လွတ်ပြီး လုပ်ဆောင်မရသည်မှာ လုပ်ငန်းခွင် ဖြစ်ပါသည်။

လုပ်ငန်းခွင်ဆိုသည်မှာ ပေါင်းစုလုပ်ကိုင်ကြရသည့် သဘောဆောင်သည်။ သို့ဖြစ်ရာ ရဲဘော်ရဲဘက်စိတ်ထားဖြင့် လုပ်ဆောင်ရန်လည်း လိုအပ်သည်။ 

“ဟဲ့ကောင်တွေ မပြီးသေးဘူးလား၊ သောက်သုံးကို မကျဘူး၊ ဒါလေးလုပ်နေတာ ပြီးကိုမပြီးနိုင်ဘူး” ဟု ပြောမည့်အစား “လုပ်ကြပါဟ၊ အချိန်မီမပြီးရင် အားလုံးအခက်တွေ့လိမ့်မယ်၊ ဘာတွေလိုအပ်လို့လဲ၊ ဘာတွေကူညီပေးရမလဲ” စသည့် အပြောမျိုးကို လေ့ကျင့် ပျိုးထောင်နိုင်လျှင် ပိုကောင်းပါသည်။

ထို့ပြင် ဝန်ထမ်းအချင်းချင်း ဆက်ဆံရေးတွင် လေသံကလည်း အရေးကြီးသည်။ အားလုံး ပညာတတ်တွေဖြစ်နေသည့် လုပ်ငန်းခွင်ဝန်းကျင်တွင် ဆူပူအော်ငေါက် ဂုဏ်မောက်နေသူသည်သာ ပညာမဲ့ အလကားလူ ဖြစ်သွားတတ်သည်။ 

စိတ်ပညာတွင် ကျောင်းသားဘဝ ကိုယ့်ကိုယ်ကိုယ် ဂရုအစိုက်ခံချင်သူသည် အသံဖြင့် ရိုင်းစိုင်းခြင်း၊ အမူအရာဖြင့် ရိုင်းစိုင်းခြင်းတို့ဖြင့် လူဂရုစိုက်စေရန် ပြုလုပ်တတ်ကြောင်း၊ ကလေးအရွယ်ကတည်းက မိခင်ဂရုစိုက်ခံရရန် ငိုပြတတ်ကြောင်း၊ လုပ်ငန်းခွင် ရောက်လာသည့်အရွယ်တွင်လည်း အရည်အချင်းက မရှိ၊ လူကလည်းမသိ၊ တန်းညှိဖို့လည်း လိုအပ်လျှင် ဟောင်ဖွာ ဟောင်ဖွာနှင့် မရောင်ရာဆီလူးပြခြင်း၊ ညစ်ပတ်ယုတ်မာစွာ ဆဲရေးတိုင်းထွာခြင်း၊ ဟက်ဟက် ပက်ပက် အော်ဟစ်ရယ်မောတတ်ခြင်းတို့ကို ပြုမူကာ လူဂရုစိုက်စေရန် လုပ်ဆောင်တတ်ပါသည်။ 

ဝန်ထမ်းလောကတွင် ရာထူးအားဖြင့်လည်းကောင်း၊ အသက်အရွယ်အားဖြင့်လည်းကောင်း၊ လုပ်ငန်းအတွေ့အကြုံအရလည်းကောင်း ကြီးသူကို ငယ်သူက ရိုသေလေးစားတတ်ပါသည်။ လေးစားအောင်နေမှလည်း လေးစားနိုင်ပါလိမ့်မည်။ ရာထူးကြီး၊ အသက် ကြီးသည်ဆိုပြီး နေချင်တိုင်းနေ၊ လုပ်ချင်တိုင်းလုပ်နေပါကလည်း အောက်လက်ငယ်သား ရိုသေမှုနည်းတတ်သည်။ ခိုင်းစေရာတွင်ပင် အမိန့်နှင့်ခိုင်း၊ အာဏာနှင့် ခိုင်း၊ ရိုင်းစိုင်းစွာခိုင်းလျှင် မအောင်မြင်တတ်ကြောင်း လှည်းသားငါးရာဇာတ်တော်တွင် အထင်အရှားပြဆိုထားသည်။ နွားများကိုပင် ငေါက်ငမ်းပြီး ဆဲဆိုခိုင်းလျှင်မရ၊ ယဉ်ကျေးစွာခိုင်းလျှင် အောင်မြင်စွာဆွဲနိုင်ကြောင်းကို ဖော်ကျူးထားသည်မှာ အတုယူစရာကောင်းလှသည်။ 

လုပ်ငန်းခွင်ယဉ်ကျေးခြင်းကြောင့် အကျိုးတရားသုံးခုကို ခံစားရနိုင်ပါသည်။

၁။ ပြစ်ဒဏ်ပေးခြင်း ကင်းနိုင်သည်

၂။ ရွေးချယ်ခွင့်များ ပေးရာရောက်သည်

၃။ ရင်းနှီးချစ်ခင်မှု ရစေသည်

လူဆိုသည်မှာ လွတ်လပ်စွာနေထိုင်လုပ်ကိုင်လိုစိတ် ရှိသူများဖြစ်သည်။ သို့ဖြစ်ရာ ဖိအားပေးမှုများ၊ အတင်းအကျပ်ခိုင်းစေမှုများကို သဘောမတွေ့တတ်ပေ။ ကိုယ်တိုင်ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများတွင် တွန်းအားပေးလွန်းလျှင် သို့မဟုတ် ဖိအားများလွန်းလျှင် မအောင်မြင်မှုများတတ်သည်။ အရာရာတွင် ကိုယ်ချင်းစာစိတ်ထားလျှင် ပြဿနာကင်းနိုင်ပါသည်။ ငါမလုပ်နိုင်တာကို သူရောလုပ်နိုင်ပါ့မလားဟု ကိုယ်ချင်းစာတရား ထားတတ်ရန်လိုသည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစား၊ သူ့ဘက်ကိုယ့်ဘက် မျှတစွာတွေး၊ ဆုံးဖြတ်ပေးနိုင်မှသာ လုပ်ငန်းအောင်မြင်တတ်သည်။

စကားပြောဆိုရာတွင်လည်း အပြန်အလှန် အလေးထားရန်လိုသည်။ ကိုယ်ပြောချင်ရာ စွတ်ပြော၊ ငါ့စကား နွားရလုပ်ခြင်းထက် အခြားသူ၏အမြင်နှင့် အတွေးကို ပြောဆိုခွင့်ပေးရန်လိုသည်။ သူ့အမြင်သည် ကိုယ့်အမြင်ထက် အန္တရာယ်ကင်းကောင်း ကင်းနိုင်သည်။ တစ်ဦးတည်း ကိုယ့်အမြင်ကို ပြောခြင်းထက် အမြင်အမျိုးမျိုးပေါင်းစုပြီး အကောင်းဆုံးနည်းဖြင့် ပြဿနာဖြေရှင်းမည်ဟု ဦးတည်ထားခြင်းကသာ အဖြေဖြစ်နိုင်သည်။ 

ယဉ်ကျေးခြင်းတွင် လုပ်ယူထားသော ယဉ်ကျေးခြင်းထက်၊ ရင်းနှီးကျွမ်းဝင်ချစ်ခင်စွာ နေထိုင်လုပ်ကိုင်ခြင်းက ပိုပြီးထိရောက်နိုင်သည်။ လုပ်ငန်းခွင်တွင် လက်ဆွဲနှုတ်ဆက်ကာ အမုန်းထားခြင်းထက်၊ စိတ်ရင်းဖြင့်ကောင်းစေရန် ပူးပေါင်းလုပ်ဆောင်ပြီး အောင်မြင်စေရန် အကောင်အထည်ဖော်ရန်လိုသည်။ နှုတ်ဆက်ခြင်း၊ အားပေးခြင်း၊ ချီးမြှောက်ခြင်းတို့ကလည်း လုပ်ငန်းခွင်တွင် ထိရောက်သော ဆက်ဆံရေးကောင်းတစ်ခုဖြစ်သည်။ ငြိမ်းချမ်းစွာ လုပ်ငန်းခွင်တစ်ခုဖြစ်စေချင်လျှင် ရန်လိုမှုများကို ရှောင်ရှားနိုင်ရမည်သာဖြစ်သည်။ 

အခွင့်အရေးတစ်ခုသည် ရိုင်းစိုင်းခြင်းကြောင့် ဆုံးရှုံးတတ်သည်။ 

- ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုနှင့် လုပ်ငန်းပူးပေါင်းလုပ်ဆောင်ရန် ရပ်စဲလိုက်သော လုပ်ငန်း ၆၉ ရာခိုင်နှုန်းသည် ရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုမှုခံရသောကြောင့် ဖြစ်နိုင်သည်။

- ထိုကဲ့သို့ ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခြင်း ခံလိုက်ရသဖြင့် စွန့်ခွာသွားသောသူများကတစ်ဆင့် သူနှင့်ပတ်သက်သော ဆွေမျိုး၊ သူငယ်ချင်း၊ အသိုင်း အဝိုင်းကပါ ထိုကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို စွန့်ခွာသွားခြင်းက ၅၈ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။

- မီဒီယာတစ်ခုတွင် ကြော်ငြာများ ၅၈ ရာခိုင်နှုန်း ခန့် လျော့နည်းသွားရခြင်းသည် မယဉ်ကျေးသော ဝန်ထမ်းများကြောင့် ဖြစ်နိုင်ပါသည်။

စီမံခန့်ခွဲမှုကောင်းခြင်း၊ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ပညာတတ်ပြီး စိတ်ထားမြတ်သူများရှိခြင်း၊ အပြန်အလှန်လေးစား လူလူချင်းတန်ဖိုးထားလိုစိတ်များရှိခြင်း၊ သူ့ဘက်ကိုယ့်ဘက် မျှတသည့်စိတ်ထားမျိုးထားခြင်း၊ လက်အောက်ငယ်သားဆိုသည့် စိတ်ထားထက် ရဲဘော်ရဲဘက်စိတ်ထားမျိုးထားရှိနိုင်သည့် လုပ်ငန်းခွင်များသာ အောင်မြင်မှုကို ခံစားရပါလိမ့်မည်။

E-01