News

POST TYPE

YOUTH

ပန်းသီးလေးတစ်ကိုက် ကိုက်စားခဲ့သူ၏ ဗျူဟာ
29-Dec-2018


အမှန်တော့ ပန်းသီးတစ်လုံးဆိုခြင်းထက် ပန်းသီးလေးတစ်လုံးကို တစ်ကိုက်,ကိုက်ပြီးနောက် ထားခဲ့သည့် သင်ခန်းစာဟု ပြောလျှင် ပိုမှန်မည်။ Apple ဆိုသည့် ကုမ္ပဏီကြီးကို အောင်မြင်အောင် ကြိုးစားဖော်ဆောင်ခဲ့သော စတိဂျော့ (Steve Jobs) ကား ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။ သူကွယ်လွန်ပြီးနောက် သူ၏ အရင်းနှီးဆုံးသော သူငယ်ချင်း လာရီအယ်လီဆင်အား Forbes မဂ္ဂဇင်းကြီးက တွေ့ဆုံပြီး အင်တာဗျူးခဲ့သည်။ ထိုစဉ်က အယ်လီဆင်ပြောခဲ့သည့် စကားလေးတစ်ခွန်းမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါသည်။

“စတိဂျော့ နောက်တစ်ယောက် ပြန်ပေါ်လာဖို့ ဘယ်တော့မှမဖြစ်နိုင်ဘူး။ သူ့လိုထူးခြားအောင် ဘယ်သူမှ ကြံဆောင်ပြီး မလုပ်နိုင်ဘူး။ ကျွန်တော်တို့ အနေနဲ့ သူတီထွင်ခဲ့တာတွေကို ခံစားဖို့ကလွဲပြီး အခြား သူ့ကို ဂုဏ်ပြုစရာ အကြောင်းမရှိဘူး”ဟု ဆိုခဲ့သည်။ အယ်လီဆင်ပြောခဲ့သည်မှာ သူ၏ စိတ်ကူးနိုင်စွမ်းနှင့် တီထွင်နိုင်စွမ်း၊ ကြိုမြင်နိုင်စွမ်းများကို ဂုဏ်ပြုခြင်းဖြစ်ပါသည်။ သူပြောသည့် စကားတစ်ခွန်းက ပိုပြီးထူးခြားလှသည်။

“ကျွန်တော် စတိဂျော့တော့ မဖြစ်ချင်ဘူး။ စတိဂျော့ဆီက လေ့လာသင်ယူချင်တယ်”

စတိဂျော့တစ်ယောက် ကမ္ဘာမြေက ထွက်ခွာသွားခဲ့သည်မှာ ယနေ့ဆိုလျှင် ၇ နှစ်တိုင်ရှိပေတော့မည်။ သူ အဘယ်ကြောင့် အောင်မြင်ခဲ့သနည်း။ သူအဘယ်ကြောင့် တွေးနိုင် ဖော်ထုတ်နိုင် တီထွင်ဖန်တီးနိုင်ခဲ့သနည်း ဆိုခြင်းကို ယနေ့တိုင် ပြောမကုန်၊ ရေးမကုန်၊ အတုယူ၍ မကုန်နိုင်လောက်အောင် ဖြစ်နေပါတော့သည်။

စတိဂျော့သည် အလွန်မြတ်နိုးတွယ်တာတတ်သူဖြစ်သည်။ မိသားစုကိုလား၊ ဥစ္စာပစ္စည်းကိုလား။ မဟုတ်ဟု ဆိုရမည်သာဖြစ်သည်။ စတိတစ်ယောက် မြတ်နိုးတန်ဖိုးထားသည်မှာ သူ့အလုပ်၊ သူ့ကုမ္ပဏီ၊ သူ့ လုပ်ဖော်ကိုင်ဖက်များ၊ သူ့တီထွင်မှု၊ သူ့ထုတ်ကုန်တို့ကို ဖြစ်သည်။ သူ့စိတ်ထဲတွင် ထိုအချက်များကလွဲပြီး ဘာတစ်ခုမျှ မရှိခြင်းမှာ Apple ကို ထိပ်ဆုံးရောက်စေရန် တွန်းပို့နိုင်ခဲ့ခြင်း၏ အကြောင်းတရား တစ်ခုဖြစ်ပါသည်။ 

စတိတစ်ယောက် ဘီလျံနာမဖြစ်မီ ဒေဝါလီခံခဲ့ရဖူးပါသည်။ ထို့ကြောင့် သူ့ကို အရာရာကို စွမ်းဆောင်ဖန်တီးနိုင်သော အကောင်းဆုံးတီထွင်သူတစ်ဦးဟု မဆိုနိုင်။ သူ့ကို Apple ကုမ္ပဏီကလည်း အလုပ်ထုတ်ခြင်း ခံခဲ့ရဖူးပါသည်။ ဘဝတွင် အမြဲတမ်း အောင်မြင်သူ မဖြစ်နိုင်ကြောင်း သူကသက်သေပြခဲ့သည်။ စတိသည် မည်သည့်အခါမှ စိတ်ပျက်လက်လျှော့တတ်သူမဟုတ်။ သူ့လမ်းသူလျှောက်သည်။ သူယုံကြည်ရာကို စူးစူးစိုက်စိုက် လုပ်သည်။ သူ့အလုပ်ကို သူမြတ်နိုးလွန်းခြင်းကြောင့် ထိပ်ဆုံးကိုရောက်လာသည်။

စတိဘဝတွင် အသုံးမကျသည့် လူ့ပေါက်ပန်းများကို အကဲဖြတ်တတ်ပြီး လက်မတွဲတတ်ခြင်းကလည်း ထူးခြားသည်ဟုဆိုရမည်။ သူ့ကုမ္ပဏီတွင် လူ့ပေါက်ပန်း များမရှိစေရန် ဂရုစိုက်တတ်သည်။ ထိုသူမျိုးကို တွေ့သည်နှင့် ချက်ချင်း အလုပ်က ထုတ်ပစ်တတ်သည့် ပြတ်သားသော စိတ်ထားရှိသည်။ လူ့ပေါက်ပန်းတွေကြောင့် ပတ်ဝန်းကျင်ရှိ လူကောင်းတွေကို ထိခိုက်နိုင်သည်။ စွမ်းအားတွေ လျော့နည်းနိုင်သည်။ အလုပ်ကိုပါ ထိခိုက်နိုင်သောကြောင့် ထိုသူမျိုးကို ထုတ်ရန်မှတစ်ပါး အခြားမရှိဟု ပြတ်သားစွာခံယူသည်။ လူ့ပေါက်ပန်းတွေကို ငှားထားလျှင် ပေါက်ပန်းဈေး အတွေးအခေါ်တွေသာ ထွက်လာမည်။ လူ့ပေါက်ပန်းတွေ ထိပ်ရောက်သွားလျှင် သူ့အောက်ကလူတွေ ပေါက်ပန်းဈေးဖြစ်ကုန်မည်ဟု ခံယူကာ အမြစ်မတွယ်မီကတည်းက ရှင်းထုတ်တတ်သည်။

စတိဂျော့တစ်ယောက် Apple တွင် တာဝန်ယူချိန်မှ နောက်ဆုံးအချိန်အထိ လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ကြည့်လျှင် အကောင်းဆုံး မန်နေဂျာ တစ်ဦးအနေနှင့် လုပ်ဆောင်သွားသည်ကို မငြင်းနိုင်ပေ။ သူသည် အလုပ်မလုပ်သူကို အလုပ်ထုတ်ရန် အသည်းမာသလောက် သူဒေါသထွက်ပြီး ပေါက်ကွဲသည်ကို တွေ့ရမြင်ရခဲလှသည်။ 

သူလက်ခံထားသည့်ဝါဒမှာ အရာရာကို ငါတစ်ယောက်တည်း မလုပ်နိုင်ဆိုခြင်းပင်ဖြစ်သည်။ အောင်မြင်ချင်လျှင် လူလိုသည်။ လူကောင်းတွေ မွေးပြီး လူတော်ကို ထုတ်သုံးနိုင်ရမည်။ ကိုယ်တိုင်လည်း အစွမ်းပြရှေ့ဆောင်ပြီး နောက်ကလိုက်လာသည့် အကြံကောင်း၊ ဉာဏ်ကောင်းများကိုလည်း သုံးသပ်ဝေဖန် လက်ခံနိုင်စွမ်း ရှိရမည်။ လုပ်ငန်းတစ်ခုတွင် ခေါ်ခန့်ထားသည့် အလုပ်သမားတိုင်းကို ရုပ်သေးရုပ် လိုသဘောထား၍မရ။ ကြိုးဆွဲတိုင်း ကနိုင်မှသာ ချီးမြှောက်မည်ဟု သဘောထားလျှင် မှားမည်။ ငါမှသာ ဤအလုပ်မျိုး လုပ်နိုင်သည်ဆိုသော အတူမရှိ၊ အတုမရှိ စိတ်ဓာတ်ရှိသူမျိုးနှင့် မအောင်မြင်နိုင်ပါ။

စတိဂျော့သည် အထူးဆန်းဆုံးသော ပစ္စည်းများကို တီထွင်တတ်သူဖြစ်ပါသည်။ သူက ပစ္စည်းတစ်ခုကို တီထွင်ပြီးတိုင်း တီထွင်သူဘက်က မကြည့်တတ်ဘဲ သုံးစွဲသူဘက်ကဝင်ပြီး ခံစားကာ သုံးစွဲကြည့်တတ်သည်။ သူတီထွင်ထားသည့် ပစ္စည်းကို အခြားကုမ္ပဏီများက ပစ္စည်းများနှင့် နှိုင်းယှဉ်ကြည့်တတ်သည်။ သူ့အမြင်က ရှင်းသည်။ စိတ်ကူးချင်းတူလျှင်ပင် သုံးစွဲသူတို့ဘက် က ခံစားချက်ချင်း မတူစေရန်၊ နှစ်သက်မှုချင်း ကွဲပြား စေရန် လုပ်ပေးတတ်သည်။ သူက ကိုယ်ချင်းစာစိတ် ကို တီထွင်မှုအတွင်း ထည့်သွင်းပေးတတ်သည်။ ပစ္စည်းချင်း ယှဉ်သုံးလိုက်လျှင်ပင် သူ့ပစ္စည်းကိုသာ ရွေးချယ်လာစေရန် စိတ်စေတနာကို ထည့်ထားတတ်သူဖြစ်သည်။

စတိတစ်ယောက် Apple ကို ကျောခိုင်းသွားခဲ့ရသည့် ကာလတစ်ခုရှိခဲ့ဖူးပါသည်။ သူက NeXT ဆိုသည့် ကုမ္ပဏီကို ကိုယ်ပိုင်အဖြစ် ထူထောင်သည်။ NeXT ကိုလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည်။ သူထွက်သွားပြီး Apple အနည်းငယ်ယိုင်သွားသည်။  NeXT ကထုတ်သည့် ပစ္စည်းများနှင့် ရုပ်သံလိုင်းအတွက် တီထွင်မှုများ ပေါက်နေချိန်တွင် Apple က သူ့ကို ပြန်ခေါ်ရသည်။ သူပြန်လာမှ iPod, iPad, iPhone တွေ တန်းစီထွက်လာပြီး လူတွေကလည်း စိတ်ဝင်စားစွာ အားပေးကြသည်။ သူ့စိတ်ကူး iPad ကို ဒေါ်လာ ၁၀၀၀ ဆိုလည်း ပေးသုံးပါမည်ဆိုပြီး တန်းစီတိုးနေကြသည်။ 

iPad လို တက်ဘလက်တွေကို ပြိုင်ဘက်တွေ လိုက်ထုတ်ကြသည်။ ဈေးကလည်း ထက်ဝက်ခန့် သက်သာသည်။ သို့သော် Apple ထုတ်  iPad ကိုသာ လူတွေက စိတ်ဝင်စားကြသည်။ သူ Apple ကို ပြန်လာမှ ရှယ်ယာဈေးတွေလည်း ခုန်တက်သွားပြီး အောင်မြင်မှုတွေ ထပ်ရလာသည်။ စတိဂျော့ဆိုသည်မှာ မည်သို့သောသူ ဖြစ်ကြောင်း အားလုံးနားလည်သွားခဲ့ကြတော့သည်။

iPhon ကိုထုတ်ပြီး အောင်မြင်နေချိန်တွင် ကွန်ပျူတာဂိမ်းတွေလည်း ရေပန်းစားလာပြီး လိုက်တီထွင်နေကြသည်။ သို့သော် Apple သည် ကွန်ပျူတာ ဂိမ်းလမ်းကြောင်းနောက်ကိုမလိုက်ပေ။ ထိုအချိန်တွင် Napster ကုမ္ပဏီက သီချင်းတွေထုတ်လွှင့်နေပြီး အလကားပေးနေသည်။ သီချင်းတွေကို လူတွေ ဘာနှင့် နားထောင်ကြမည်နည်း။ Apple က နောက်တစ်ဆင့်ဆက်ပြီး “Walkman” ဆိုသည့် သီချင်းများ သိုမှီးထားပြီး ဖွင့်နားထောင်နိုင်သော iPod ကို တီထွင်လိုက်သည်။ iPod ကိုထွင်ပြီး အွန်လိုင်းတွင် Apple က သီချင်းရောင်းသည်။ ပိုပြီး အောင်မြင်သွားပြန်သည်။ Apple မူက Think Different ဖြစ်သည်။ သူတို့ကုမ္ပဏီ၏ ဆောင်ပုဒ်လည်းဖြစ်သည်။ သူ့ဝါဒကရှင်းသည်။ ပြိုင်ဘက်ကို မတိုက်။ ပြိုင်ဘက်နှင့် မတူအောင် ဖန်တီးနိုင်ရေးသာဖြစ်သည်။ 

စတိကို ကျန်းမာရေးအကြောင်းပြပြီး ဟိုရှောင် သည်ရှောင် လုပ်တတ်သူတစ်ယောက် မဟုတ်ကြောင်း တွေ့ရသည်။ သူက ဆရာဝန်ကိုပြပြီး ဟိုဟာရှောင်ခိုင်း၊ သည်ဟာဆောင်ခိုင်းတတ်တာတွေကိုလည်း အလွန်မုန်းသည်။ ထို့ကြောင့် ဆေးခန်းလည်းမသွား၊ ဆရာဝန်လည်းမပြ။ သူ့ရောဂါဝေဒနာကို သူကြိတ်မှိတ် ခံစားသည်။ သူ့တွင် ကင်ဆာဖြစ်နေမှန်း သိလိုက်ချိန်တွင် ရောဂါက ကျွမ်းသလောက်ဖြစ်နေပြီ။ သူက အလွန်ခေါင်းမာသူ ဖြစ်သောကြောင့် ကုသမှုလည်းမခံခဲ့ပေ။ အကယ်၍သာ ကျန်းမာရေး ဂရုစိုက်ပြီး ကင်ဆာဖြစ် နေမှန်းသိ၍ ကုသမှုခံယူမည်ဆိုလျှင် ပိုပြီး အသက်ရှည်ကောင်း ရှည်နိုင်သည်။ 

Apple ကုမ္ပဏီအနေနှင့် မိုဘိုင်းလ်ဖုန်း လောကကို နှစ်ပေါင်းများစွာ စိုးမိုးနိုင်စွမ်းရှိသွားခဲ့သည်။ Apple ဘာကြောင့် အောင်မြင်ရကြောင်းကို ပြိုင်ဘက် ကုမ္ပဏီများဖြစ်သည့် Motorola, Sony, HTC တို့ကလည်း နောက်က တစ်ကောက်ကောက်လိုက် ကြည့်သည်။ သူတို့လည်း လိုက်ပြီး တီထွင်သည်။ တုပကြသည်။ သို့သော် Apple ကို ကျော်လွန်သွားအောင် မလုပ်နိုင်ကြပေ။ Apple ကိုလိုက်ပြီး ပြိုင်နေသော ကုမ္ပဏီပေါင်း ၈ ခုခန့်ရှိသည်။ နှစ်ပေါင်းများစွာ သာလွန်စေရန် လိုက်ပြီး မလုပ်နိုင်ခြင်းမှာ ထူးခြားသည်ဟု ဆိုရမည်။ နောက်ပိုင်း Google နှင့် Samsung ကုမ္ပဏီတွေ ထပ်တိုးလာသည်။ သို့သော် Apple ကို ပြိုင်ပြီး ကျော်လွှားအောင် မလုပ်ဆောင်နိုင်ကြသေးပေ။ ယနေ့အထိ Apple ထုတ် iPhone တွေက ထိပ်ပိုင်းတွင် စိုးမိုးထားသည်။ စတိ ကွယ်လွန်သွားသော်လည်း သူ့ရဲဘော်ရဲဘက်တွေက ကြိုးစားသည်။ အောင်မြင်မှုကို ရောင့်ရဲမတင်းတိမ်တတ်ခြင်းမှာ စတိ၏ လမ်းစဉ်သာဖြစ်ပြီး သူတို့ ထိုလမ်းကြောင်းအတိုင်းဆက်သွားကြသည်။

စတိဂျော့နှင့် Apple အောင်မြင်မှုကို ပြန်ပြီး သုံးသပ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

သူများကို လိုက်မတိုက်၊ ကိုယ့်အဖွဲ့၏ ဆုံးရှုံးမှုတွေကိုလည်း မဝေဖန်။ ဘာတွေပြောင်းလဲ လုပ်ဆောင်ရမည် ဆိုခြင်းကို အားလုံးသိအောင် ထုတ်ပြန်ပေးထားပြီး ဝိုင်းဝန်းအကောင်အထည်ဖော်ကြသည်။ တစ်နည်းပြောရလျှင် လူတိုင်း၌ရှိသည့် အိပ်မက်များကို လေးစားတန်ဖိုးထားပြီး အိပ်မက်တွေကို ဖော်ထုတ်ခွင့်ပေးထားသည်။ Apple အောင်မြင်မှုမှာ သူတို့ အဖွဲ့သားအားလုံး မာန်မာနကင်းစင်ကြခြင်းဖြစ်သည်။ စတိဂျော့ကအစ သူ့ နောက်လိုက်အားလုံး မာန်မာန မရှိ၊ တစ်ယောက်စကား၊ တစ်ဦးစိတ်ကူးကို တစ်ဦးက နားထောင်ပေးကြသည်။ 

Apple တွင် လူတိုင်း စိတ်ကူးခွင့်ရှိသည်။ လူတိုင်း တီထွင်ခွင့်ရှိသည်။ လူတိုင်း ဖော်ထုတ်တင်ပြခွင့်ရှိသည်။ သို့သော် သူတို့ကုမ္ပဏီမူက လူတိုင်းဝေဖန်ထောက်ပြပိုင်ခွင့်နှင့် လူတိုင်း ဝေဖန်ထောက်ပြမှုကို ကြောင်းကျိုး ခိုင်လုံလျှင် လက်ခံပိုင်ခွင့်ကိုလည်း သတ်မှတ်ထားသည်။ ထိုမူကို စတိရှိစဉ်ကတည်းက လက်ခံထားသည်။ တစ်ခုခုကို တင်ပြလိုက်လျှင် ဝေဖန်သုံးသပ်သည့် အမြင်များဖြင့် ဝိုင်းဝန်းတိုက်ခိုက် ကြမည်သာဖြစ်သည်။ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်များရှိသလို ကျဆုံးသွားခဲ့ရသည်များလည်း ရှိတတ်ပါသည်။ 

“ဝေဖန်ထောက်ပြမှုများကို ကျော်လွှားနိုင်သရွေ့ ဘယ်တော့မှ စိတ်ပျက်စရာမလို” ဖြစ်သည်။ သူတို့ ရပ်တည်နိုင်ခြင်းမှာ သူများ မဝေဖန်မီကတည်းက သူတို့အဖွဲ့အတွင်း ပြီးပြတ်သည်အထိ ဝေဖန်သုံးသပ်ပြီးမှ ပစ္စည်းများကို ဈေးကွက်ထုတ်တတ်ခြင်းပင်ဖြစ်သည်။

E-01

(Ref : Forbes)