News

POST TYPE

YOUTH

လူတိုင်း စာဖတ်စေချင်လျှင်
23-Dec-2018


တရုတ်ပြည်မှာ လူတွေစာဖတ်အောင် ဥပဒေလိုအပ်နေပြီဆိုတဲ့ လေသံတွေရယ်၊ စာဖတ်အောင် ဥပဒေပြဋ္ဌာန်းဖို့လိုပြီဆိုတဲ့ အသံတွေ ထွက်လာတယ်။ ဒါကြောင့် စာဖတ်အောင် ဥပဒေပြဋ္ဌာန်းဖို့လိုသလားဆိုတဲ့ ဝေဖန်သံတွေလည်း ညံလာပါတယ်။ မြန်မာပြည်မှာရော စာဖတ်အောင် ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုသလားဆိုတာ စဉ်းစားမိပါတယ်။ 

မြန်မာပြည်မှာ လူတွေ စာဖတ်သလား၊ မဖတ်ဘူးလားဆိုတာ ယနေ့ထုတ်နေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်တယ်။ လူဦးရေ သန်း ၆၀ နီးပါးလောက်ရှိတဲ့နိုင်ငံမှာ သတင်းစာစောင်ရေတွေက သန်းဂဏန်းတောင်မရှိဘူး။ စာအုပ်တစ်အုပ်ထုတ်ရင်လည်း ထောင်ဂဏန်းပဲရှိတယ်။ မြန်မာပြည်ရဲ့ ထိပ်တန်းစာရင်းဝင်တွေဟာ ထောင်ဂဏန်းလောက်နဲ့ အရှက်နည်းစွာ ဘွဲ့ခံနေကြတာပါ။

စာဖတ်တယ်ဆိုတာ ပုဂ္ဂလိကခံစားချက်၊ လုပ်ပိုင်ခွင့်နဲ့လည်းဆိုင်တယ်။ ဒါကြောင့် လူတိုင်းစာဖတ်ရေးကို ဥပဒေတွေနဲ့ ပြဋ္ဌာန်းလိုက်ရင် ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။ 

စာဖတ်တဲ့နှုန်းတွေ လျော့ကျနေတယ်။ လူတိုင်း စာအုပ်စာပေဖတ်ဖို့ထက် အွန်လိုင်းအင်တာနက်ပေါ်တက်ပြီး ဖတ်ဖို့လောက်ပဲ စိတ်ဝင်စားကြတယ်။ အီလက်ထရွန်နစ်ခေတ်ဆိုတော့ အစဉ်အလာစာအုပ်တွေ စာပေတွေ တိမ်ကော ပျောက်ကွယ်တော့မယ်ထင်တယ်။ ပြောရရင်တော့ ခေတ်သစ်လူနေမှုနဲ့လည်းဆိုင်တယ်။ လူတွေက သွားသုတ်သုတ်၊ လာသုတ်သုတ်၊ စားသုတ်သုတ်နဲ့ ဘယ်မှာစာထိုင်ဖတ်ဖို့ အချိန်ပေးနိုင်လို့လဲ။ စာထိုင်ဖတ်တယ်ဆိုတာ ခေတ်သစ်မှာ ဇိမ်ခံတဲ့နည်းတစ်နည်း ဖြစ်လာတာကြောင့် လူတွေမှာ ဇိမ်ခံဖို့ အချိန်ရှိကြရဲ့လား။ 

လူတွေက အလေးအနက်ဖတ်လို့ရတဲ့ စာအုပ်တွေထက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်နဲ့ ရယ်ရယ်မောမောစာတွေကို ပိုပြီး ဖတ်ချင်လာကြတယ်။ စာထက် အရုပ်တွေကို ပိုပြီးကြည့်ချင်လာတယ်။ အရုပ်မှာလည်း အဖြူအမည်းထက် ဆေးရောင်စုံအရုပ်တွေကို ပိုပြီးတော့ မက်မောကြတယ်။ ဒါကြောင့်လည်း အရောင်အသွေးစုံရင် ပိုပြီးရောင်းရတယ်ဆိုတဲ့ သီအိုရီကို ပြောင်းပြီး လက်ခံလာကြသလို နည်းပညာတွေကလည်း အဖြူအမည်းကိုစွန့်ပြီး ကာလာဘက်ကူးပြောင်းလာတာ သတိထားမိမယ်ထင်ပါတယ်။ 

စာများများဖတ်အောင် ဥပဒေတွေနဲ့ ပြဋ္ဌာန်းမယ်ဆိုတော့ ဘယ်လိုစာပေတွေ များများဖတ်အောင် လုပ်ကြမှာလဲဆိုတဲ့ နောပ်ထပ်ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်ဦးမယ်။ စာဖတ်အောင်ပြဋ္ဌာန်းတဲ့ ပုဂ္ဂိုလ်တွေက ငါရေးတဲ့စာအုပ်မျိုးတွေဖတ်ဆိုပြီး ပြဋ္ဌာန်းမှာလား၊ ဘာသာရေးစာပေတွေကို ပြဋ္ဌာန်းမှာလား၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး ဘာတွေကို ပြဋ္ဌာန်းပေးကြမှာလဲ။ အဲဒီမှာ စတွေ့တော့တာပဲ။ ဒါကြောင့်ပြောတာ စာဖတ်တယ်ဆိုတာ ပုဂ္ဂလိကရွေးချယ်မှုတစ်ခုပါလို့။ 

စာဖတ်အောင် ကျောင်းတွေက စတယ်ဆိုရင်တောင် ကလေးတွေကို အတင်းအကျပ်ခိုင်းတာမျိုးမဟုတ်ဘဲ ရွေးချယ်ခွင့်တွေပေးရမယ်။ စာစုံကို ကျောင်းတွေမှာ ကလေးတွေအနီးအနား ပုံထားနိုင်အောင် အားထုတ်ရမယ်။ ကျောင်းစာကြည့်တိုက်ဆိုတာ တံခါးမရှိ၊ အတားမရှိ ဖြစ်နေရမယ်။ ကျောင်းတွေမှာ စာအုပ်ဆိုတာ ပုံထားချင်တဲ့နေရာပုံထား။ ယူဖတ်ချင် ယူဖတ်။ ထားချင်တဲ့နေရာထားသွား။ အိမ်ယူသွားပြီး ဖျောက်ပစ်လိုက်လဲ ဘာမှအရေးမကြီးသလိုမျိုး စီစဉ်ပေးထားနိုင်မှ ကလေးတွေ စာအုပ်နဲ့ရင်းနှီးမယ်။ အဲဒီက အစပြုမယ်ဆိုရင်တော့ စာဖတ်အားတက်လာမယ် ထင်ပါတယ်။

နောက်တစ်ချက်ကလည်း ကျောင်းတွေမှာ ကျောင်းစာသာမဟုတ်ဘဲ ရည်ညွှန်းကိုးကားတာမျိုးတွေကို ဆရာတွေက အားပေးရမယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီးသင်နေတဲ့ ဆရာတွေနဲ့လည်း အဲဒီနည်းက အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဆရာတွေကို စာအရင်ဖတ်ခိုင်းရမယ်။ သူတို့စာစုံဖတ်မှ တပည့်တွေကို ဘယ်စာအုပ်ထဲကလို့ ညွှန်းနိုင်မယ်။ ကျောင်းသားတွေကို ဖတ်စာအုပ်ထဲကအတိုင်း ရေးလာရင် အမှတ်မပေးနဲ့။ ကိုးကားကျမ်းမပြနိုင်ရင် အအောင်မပေးနဲ့ အဲဒီလိုလုပ်လိုက်ရင် ပိုပြီးတိုးတက် လာမှာ သေချာတယ်။ ကျောင်းတွေမှာ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုတာကြီး ဖြုတ်ချလိုက်စမ်းပါ။ အမျိုးသားစာဖတ်ခြင်းအစ စာသင်ကျောင်းကလို့ ကျောင်းဆရာတွေကစပြီး ပြုပြင်ကြည့်ကြစမ်းပါ။ 

နိုင်ငံတော်ကိုလည်း မေးချင်တာက တစ်နိုင်ငံလုံးစာတတ်မြောက်ရေးကို ကမ္ဘာ့အဆင့်ဝင်ချင်တာနဲ့ ၁၀၀ ရာခိုင်နှုန်းပြည့်ပါတယ်ဆိုပြီး မဖြစ်နိုင်တာတွေကို အော်နေမယ့်အစား စာတတ်မြောက်ရေးထက်၊ စာဖတ်နိုင်အောင် နောက်ဆက်တွဲ ဘာတွေ စီစဉ်ပေးပြီးပြီလဲဆိုတာ ဖြေကြည့်ကြစမ်းပါ။ လူကြီးလာမှ အယောင်ပြဖွင့်တတ်တဲ့ စာကြည့်တိုက်နဲ့ စာဖတ်ခန်းတွေမှာ စာအုပ်တွေ သွားထားမယ့်အစား စာဖတ်ချင်တဲ့ အိမ်တွေပေါ်အရောက် စာအုပ်စာတမ်းတွေရောက်အောင် အားထုတ်ကြည့်ကြစမ်းပါ။ စာဖတ်နှုန်းတွေ မြင့်တက်လာပါလိမ့်မယ်။ 

အထက်မှာပြောခဲ့သလို စာဖတ်တယ်ဆိုတာ ဇိမ်ခံရတဲ့ကိစ္စမျိုးဖြစ်လာတော့ လူတွေစာဖတ်နိုင်အောင် သောကအေးဖို့လိုတယ်။ စားဝတ်နေရေး ပြေလည်ဖို့လိုတယ်။ ဒါတွေကလည်း ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။

ဒါကြောင့် ပြည်သူတွေကို စာဖတ်စေချင်တဲ့ စေတနာထားတယ်ဆိုရင် အစိုးရကိုယ်တိုင်ဦးဆောင်ပြီး ပိုက်ဆံတစ်ပြားမှ မပေးရတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ များများထုတ်ပြီး ကျောင်းအရောက်၊ အိမ်အရောက် များများနဲ့ အလကားပို့နိုင်မယ်ဆိုရင်တော့ အောင်မြင်လာမယ်ထင်ပါတယ်။ 

လူတိုင်းစာဖတ်နိုင်အောင် အစိုးရက ဘယ်လောက် အကုန်အကျတွေခံနေသလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ ဆင်းရဲတာကိုအကြောင်းပြပြီး စာဖတ်ရေးဘက်ကို လျစ်လျူရှုလိုက်ရင် ဖိုးသုညတွေကို တင်ကျွေးထားနေရသလိုပဲဖြစ်လိမ့်မယ်။

(နေပြည်တော်တွင် ကျင်းပနေသည့် “စာတတ်သူတိုင်း စာဖတ်ရေး” အခမ်းအနားကို ရည်စူးပါသည်)

E-01