News

POST TYPE

YOUTH

အချိန်ဆွဲခြင်းကို အောင်နိုင်ခြင်း
22-Dec-2018


လုပ်ငန်းခွင်တိုင်းတွင် အချိန်ဆွဲခြင်းဆိုသည်ကို ရင်ဆိုင်ရလေ့ရှိပါသည်။ အချိန်ဆွဲခြင်းကို အောင်နိုင်သည့်နည်းလမ်းမှာ ကိုယ်တိုင်က အချိန်ဆွဲမှုကို မနှစ်မြို့ခြင်းနှင့် လွယ်နေသည်ကို ခက်အောင်မလုပ်ခြင်းတို့ ဖြစ်သည်။ မိမိက အကြီးအကဲနေရာက နေရမည်ဆိုလျှင်လည်း ထိုသို့လုပ်ဆောင်ခြင်းကို ခွင့်မပြုခြင်းဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်သည်။

အချိန်ဆွဲခြင်းသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသည့် လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ထိုသဘောတရားကို ခွင့်ပြုထားလျှင် အလုပ်လည်း အဆင်မပြေ၊ အလုပ်လုပ်နေသူများလည်း စိတ်ပျက်ခြင်းများကို ရင်ဆိုင်ရလာနိုင်သည်။ 

လုပ်ငန်းခွင်အတွင်း အချိန်ဆွဲခြင်း၊ ပညာပြနေခြင်းမျိုးကို ရင်ဆိုင်လာရပြီဆိုလျှင် မည်သို့ဖြေရှင်းကြမည်နည်း။

၁။ အခက်ဆုံးဖြစ်မည့်အလုပ်ကို ပထမဆုံး လုပ်ခိုင်းလိုက်ပါ။ အလုပ်ကို အစောဆုံးပြီးစေရန် အထောက်အကူ ဖြစ်သွားစေနိုင်သည်။

၂။ လုပ်ငန်းကို စိတ်ဖြာကြည့်ပါ။ မည်သည့်အပိုင်းက စိုးရိမ်စရာအကောင်းဆုံး ဖြစ်နေသနည်း။ လာမည့်ဘေး ပြေးတွေ့လိုက်ပါ။

၃။ အလုပ်ကို အပိုင်းလိုက်ကန့်လိုက်ပါ။ အပိုင်းလိုက်ခွဲခြားလုပ်ကိုင်လိုက်ခြင်းက အားလုံးကို ဖြေရှင်းပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

၄။ မည်သည့်အချိန် ပြီးကို ပြီးရမည်ဆိုခြင်းကို ကိုယ့်ဘာသာကိုယ် ပိုင်းဖြတ်ထားပါ။

၅။ သတ်မှတ်ထားသည့်အချိန်တွင် ပြီးကိုပြီးရမည်ဖြစ်ကြောင်း ပြောသင့်သူကို ပြောပြကြေညာထားပါ။

၆။ သတ်မှတ်ထားသည့်အတိုင်း ပြီးသွားလျှင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပါ။

၇။ ကိုယ်တိုင်မတတ်နိုင်လျှင် အခြားသူများကိုလည်း ပါဝင်ကူညီခိုင်းပါ။

၈။ အကျိုးအမြတ်ကို တွက်ဆကြည့်ပါ။ ရမည်နှင့် ပေးဆပ်ရမည့်အချိုးကို တွက်ကြည့်ပါ။ လုပ်သင့်မှ လုပ်ပါ။

လွယ်သည်ကို ခက်အောင်လုပ်တတ်ပြီး ရှုပ်ထွေးအောင်ပညာပြခြင်းမျိုးကိုလည်း တွေ့ကြုံရတတ်ပါသည်။ အချို့သောကိစ္စများသည် ပြီးသင့်ပြီးထိုက်သော်လည်း အချိန်ဆွဲပြီး ပညာပြနေခြင်းတို့ကြောင့် အခက်ကြုံနေရတတ်ပါသည်။ ထိုသို့သော ပြဿနာမျိုးများရှိလာလျှင် ချိန်ဆရတော့မည်ဖြစ်သည်။ 

အဘယ်ကြောင့် ပညာပြနေရသနည်း။

၁။ အလုပ်ကို မပြီးရသည့်အကြောင်းကိုရင်ဆိုင်ရန် ကိုယ်တိုင်က အလုပ်ကို အပိုင်းလိုက်ခွဲခြားသုံးသပ် ဆုံးဖြတ်ပြီး ဖြစ်နေရန်လိုသည်။

၂။ မည်သည့်အပိုင်းကို မည်သည့်အချိန်တွင် အပြီးလုပ်နိုင်သည်ကိုလည်း နားလည်သိရှိပြီး ဖြစ်နေရမည်။

၃။ ချက်ချင်းပြီးရမည့်အလုပ်ကို ချက်ချင်းလုပ်ခိုင်းမည်။

၄။ ကာလအပိုင်းအခြားအလိုက် ပြီးရမည့်အလုပ်များကိုလည်း တိကျသည့် အချိန်အတိုင်းအတာတစ်ခုအထိ သတ်မှတ်ပေးလိုက်မည်။

၅။ မည်သည့်အချိန်မှ လုပ်ပါရစေဆိုသည့် ဆင်ခြေကို လက်မခံပါနှင့်။ ယခုလုပ်၊ ယခုစဆိုသည့်မူကို ကျင့်သုံးသင့်ပါသည်။ ဘာဖြစ်ဖြစ် လုပ်ကိုလုပ်မည်၊ စကို စမည် ဆိုသည့်သဘောဖြင့် ကိုယ်တိုင်ဦးဆောင်နိုင်လျှင် ဦးဆောင်လိုက်သင့်သည်။ ကိုယ်တိုင်မလုပ်လျှင်လည်း လုပ်ဆောင်မည့်သူများကို ဘယ်ကစပြီး၊ ဘာကို မည်သည့်အချိန်အတွင်း အပြီးလုပ်ဆောင်ရမည်ဆိုခြင်းကို ဦးဆောင်ပြသနိုင်ရမည်ဖြစ်သည်။

အလုပ်ကိုအချိန်မဆွဲချင်လျှင် “ခုလုပ်” “ပြီးအောင်လုပ်”ဆိုသည့် တွန်းအားများဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်သည်။ ကိုယ်က အလုပ်အကြောင်းကို ကောင်းစွာသိခြင်း၊ အလုပ်သမားအကြောင်းကို ကောင်းစွာ နားလည်ခြင်းဖြင့် အလုပ်ကိုအောင်မြင်အောင် လုပ်ဆောင်နိုင်သည်။ 

အချိန်မဆွဲစေချင်လျှင် အချိန်မဆွဲနိုင်အောင် ခိုင်းစေရမည်။ ဘာဖြစ်ဖြစ် “ခုလုပ်” ဆိုသည့်မူဖြင့် တွန်းအားပေးခြင်းကသာ အချိန်ဆွဲခြင်းကို ကာကွယ်တားဆီးနိုင်သည်။