News

POST TYPE

YOUTH

တော်လှန်သော ရာစုသစ် သူရဲကောင်းများ
22-Dec-2018


ရိုဆာပတ် (Rosa Parks)

အမေရိကန်နိုင်ငံသား အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်သည်။ မောင်ဂိုမာရီဘတ်စ်ကား သပိတ်တွင် အရေးပါသည့် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သောကြောင့်လည်း သမိုင်းတွင်လောက်အောင် ထင်ရှားခဲ့ရသည်။ အမေရိကန်ကွန်ဂရက်က သူ့ကို “လွတ်မြောက်ရေး လှုပ်ရှားမှု မိခင်ကြီး”ဟု တင်စားခေါ်ဝေါ်ကာ ဂုဏ်ပြုခြင်းခံခဲ့ရသူလည်းဖြစ်သည်။

၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဖြစ်သည်။ အလာဘားမားပြည်နယ် မောင်ဂိုမာရီမြို့ ဘတ်စ်ကားမောင်းသူ ဂျိမ်းစ်အက်ဖ်ဘလိတ်က ရိုဆာပတ်ကို ဘတ်စ်ကားပေါ်က မောင်းချသည်။ ရိုဆာပတ်သည် ဘတ်စ်ကားပေါ်တွင် လူဖြူများသာထိုင်ရန်ဟု ခွဲခြားထားသည့် အခြမ်းတွင် သွားထိုင်နေသောကြောင့် ဖြစ်သည်။ ရိုဆာပတ်က လူမည်းတစ်ယောက်ဖြစ်နေသဖြင့် ဒရိုင်ဘာက မောင်းချနေခြင်းဖြစ်သည်။ 

ရိုဆာပတ်ကို ဥပဒေချိုးဖောက်မှုဖြင့် ဖမ်းဆီးအရေးယူပြီး ရုံးတင်သည်။ လူမည်းတွေက ဘတ်စ်ကားပေါ်တွင် အဆင့်အတန်းနှင့် လူမျိုးရေးခွဲခြားမှုအပေါ် မကျေနပ်သောကြောင့် သပိတ်မှောက် ဆန္ဒပြနေကြသည် မှာကြာပြီ။ သို့သော် ရိုဆာပတ်က ပြောင်ပြောင်တင်းတင်း ဘတ်စ်ကားပေါ်တက်ပြီး ဆန့်ကျင်ပြလိုက်ခြင်းမှာ လူမည်းအပေါင်းနှင့် အုပ်ချုပ်သူအပေါင်းကို တပ်လှန့် နှိုးလိုက်သလိုဖြစ်သွားခဲ့ရသည်။ 

ရိုဆာပတ်နှင့် မောင်ဂိုမာရီဘတ်စ်ကားတို့အမှု ဖြစ်ခဲ့ကြသော်လည်း ၁၉၅၆ ခုနှစ်တွင် ဘတ်စ်ကားအဖွဲ့ကိုပင် အစိုးရက အနိုင်ပေးခဲ့သည်။ သူက အစိုးရအဖွဲ့နှင့် ဥပဒေကို အာဏာဖီဆန်လိုက်ခြင်းမှာ ဘတ်စ်ကား သပိတ်ကို ပိုပြီး အရေးပါထင်ရှားအောင် လုပ်လိုက်သလိုဖြစ်ခဲ့ရသည်။ ရိုဆာပတ်ကိုလည်း နိုင်ငံတကာက လူမျိုးရေးနှင့် အသားအရောင်ခွဲခြားရေးတွင် ထင်ရှားသည့်ခေါင်းဆောင်တစ်ဦးအနေနှင့် ချက်ချင်း အသိအမှတ်ပြုကာ ဂုဏ်ပြုကြတော့သည်။ 

အများက အာခံဖီဆန်ရဲသူတစ်ယောက်အဖြစ် အသိအမှတ်ပြုလာသလို သူကိုယ်တိုင်ကလည်း သတ္တိရှိရှိဖြင့် အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်သူ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူလှုပ်ရှားခဲ့သည်။ သူ၏ ဆန့်ကျင်လှုပ်ရှားရေးအဖွဲ့တွင် မာတင်လူသာကင်းလည်း ပါဝင်လှုပ်ရှားလာကြောင်းတွေ့ရသည်။ 

ထိုစဉ်က မောင်ဂိုမာရီမြို့တွင် အသားအရောင် ရှိသူများ၏အဖွဲ့ဖြစ်သည့်  National Association for The Advancement of Colored People (NAACP) က လှုပ်ရှားလျက်ရှိသည်။ ရိုဆာပတ်သည် ထိုအဖွဲ့၏ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့သည်။ သူက အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအတွက် ဖွင့်လှစ်ထားသည့် သင်တန်းကိုလည်း သွားတက်သည်။ ရလဒ်မှာ သူ့ကို စတိုးဆိုင်က အလုပ်ဖြုတ် လိုက်ခြင်းဖြစ်သည်။ အလုပ်ပြုတ်သွားခြင်းက သူ့ရှေ့ရေးအတွက် စိုးရိမ်စရာဖြစ်ခဲ့ရသည်။ 

သပိတ်တိုက်ပွဲပြီးသည့်နောက်တွင် ရိုဆာပတ်သည် ဒက်ထရွိုက်မြို့ကို ပြောင်းရွှေ့သွားရသည်။ ထိုမြို့တွင်လည်း စတိုးဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ပြီး Black Power လှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့ရုံမက အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးအကျဉ်းသားများကို အထောက်အပံ့ပေးရေးလှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။ သူသည် နိုင်ငံရေးမှ အနားယူပြီးနောက် ကိုယ်ရေးအတ္ထုပ္ပတ္တိကိုရေးသားပြီး မတရားမှုမှန်သမျှတွင် စိတ်မကုန်ဘဲ ကိုယ်တိုင်ပါဝင် လှုပ်ရှားမှုများရှိခဲ့သည်။ သူ၏ နောက်ဆုံးကာလများတွင် ဦးနှောက်ဝေဒနာကို ခံစားခဲ့ရသည်။ ၁၉၇၉ ခုနှစ်မှ NAACP အဖွဲ့က ချီးမြှင့်သည့် Spingarn ဆု၊ သမ္မတချီးမြှင့်သည့် Medal of Freedom ဆု၊ ကွန်ဂရက်က ချီးမြှင့်သည့် ရွှေတံဆိပ်ဆုတို့ကို ရရှိပြီး သူ၏ ရုပ်တုကိုလည်း ကွယ်လွန်ပြီးချိန်တွင် အမေရိကန်ပြည်ထောင်စု ကက်ပီတော်အဆောက်အအုံရှိ National Statuary ခန်းမကြီးထဲ၌ ဂုဏ်ပြုထားရှိခြင်းခံခဲ့ရသည်။ 

ရိုဆာပတ်သည် ၂၀၀၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ကက်ပီတော် Rotunda အဆောက်အအုံကြီးထဲတွင် ပထမဆုံးအမျိုးသမီးနှင့် အမေရိကန် မဟုတ်သော ပထမဆုံးပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုကာ အထိမ်းအမှတ်ကို ထားရှိခြင်းခံရသူလည်းဖြစ်သည်။ ကယ်လီဖိုးနီးယားနှင့် မစ်ဆိုရီပြည်နယ်တို့တွင် နှစ်စဉ် သူမ၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၄ ရက်နေ့ကို Rosa Parks Day အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။ အိုဟိုင်းအိုးနှင့် အော်ရီဂွန်ပြည်နယ်တို့တွင်မူ သူမ အဖမ်းခံရသည့် ဒီဇင်ဘာ ၁ ရက်နေ့ကို Rosa Parks Day အဖြစ် သတ်မှတ်ထားကြသည်။

ရိုဆာပတ်ကို ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မွေးဖွားသည်။ ဖခင် ဂျိမ်းစ်မက်ကောလေးက လက်သမား၊ မိခင် ရိုဆာလူစီမက်ကောလေးက ကျောင်းဆရာမဖြစ်သည်။ မိဘနှစ်ပါးသည် သူငယ်စဉ် ကတည်းက ကွဲသွားကြသည်။ သူက မိခင်နှင့်အတူ မောင်ဂိုမာရီမြို့ပြင် ပိုင်းလယ်ဗယ်အရပ်တွင် နေထိုင်ခဲ့ရသည်။ အဘိုးအဘွား၊ မောင်ငယ်ဖြစ်သူ ဆီဗက်စတာနှင့်အတူ ခြံထဲတွင် ကြီးပြင်းခဲ့ရသည်။ 

မိခင်ဖြစ်သူသည် အသက် ၁၁ နှစ်သမီးအရွယ်အထိ ကျေးလက်ကျောင်းတွင် နေခဲ့ရသည်။ ထို့နောက် အမျိုးသမီးကျောင်းတွင် အိမ်တွင်းမှုပညာရပ်များကို သင်ကြားခဲ့ရသည်။ ရိုဆာပတ်ကိုယ်တိုင်ကလည်း နီဂရိုးများအတွက်ဖွင့်လှစ်ပေးထားသည့် အလာဘားမား ပြည်နယ်ဆရာအတတ်သင်ကောလိပ်တွင် အထက်တန်းအဆင့်အထိ တက်ရောက်ပညာသင်ကြားခဲ့သည်။ နောက်ပိုင်း မိခင်ကွယ်လွန်ပြီး အဘိုး၊ အဘွားတွေက အသက်ကြီးကာ ကျန်းမာရေးမကောင်းသဖြင့် ကျောင်းထွက်ခဲ့ရသည်။

လူဖြူများက ပြဋ္ဌာန်းလိုက်သည့် Jim Crow ဥပဒေအရ ဘတ်စ်ကားများပေါ်တွင် လူဖြူလူမည်းခွဲခြားသည့်အနေနှင့် ထိုင်ခုံများကို ခွဲခြားသတ်မှတ်ထားရမည့်စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ကျောင်းကားများကိုလည်း လူမည်းကလေးများအတွက် သတ်မှတ်စီစဉ်ပေးထားခြင်း မရှိလောက်အောင် လူမျိုးရေးခွဲခြားခြင်း ခံနေရသော အချိန်တစ်ခုသည် အမေရိကန်ပြည်ထောင်စုတွင် ရှက်ဖွယ်ကောင်းလောက်အောင် ရှိခဲ့သည်။ 

ရိုဆာပတ်သည် ကျောင်းတက်နေစဉ်ကတည်းက လူဖြူကလေးများသည် ဘတ်စ်ကားနှင့်ကျောင်း တက်နေကြရပြီး လူမည်းကလေးများက လမ်းလျှောက်သွားနေကြရသည့်အပေါ် ခံပြင်းစိတ်များဖြစ်ပေါ်ခဲ့ရသည်။ 

“ဘတ်စ်ကားတွေ နေ့စဉ်ဖြတ်သွားတာမြင်နေရတယ်။ ကျွန်မအတွက်ကတော့ အဲဒါ ဘဝတွေ ဖြတ်သွားသလို မြင်ရတယ်။ ကျွန်မတို့မှာ ရွေးချယ်စရာမရှိဘူး။ ဒါပေမဲ့ ထုံးစံတစ်ရပ်အနေနဲ့ လက်ခံနေကြရတယ်။ ဘတ်စ်ကားတွေက အဖြူနဲ့ အမည်းဆိုတာကို ပထမဆုံးခွဲခြားပေးလိုက်တဲ့ လောကကြီးတစ်ခုလို့ ကျွန်မမြင်တယ်”ဟု ရိုဆာပတ်က ဆိုသည်။

သူမဘဝ အတ္ထုပ္ပတ္တိထဲတွင် ငယ်စဉ်ကတည်း က လူမျိုးရေးနှင့် အသားအရောင်ခွဲခြားမှုများအပေါ် စိတ်ခံစားခဲ့ရပုံများအား အသေးစိတ်ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် လူမည်းဆန့်ကျင်ရေး လှုပ်ရှားမှု တစ်ခုဖြစ်သည့် KKK (Ku Klux Klan) ဆိုသော ဂိုဏ်းဖွဲ့လှုပ်ရှားမှုများပေါ်လာသည်။ ထိုခေတ်တွင် သူ့အဘိုးကိုယ်တိုင် အိမ်ရှေ့တွင် သေနတ်ကိုင်ပြီး ကေသုံးလုံးအကြမ်းဖက်သမားတွေ ရန်က စောင့်ရှောက်ခဲ့ရပုံများကို သူက ရေးပြခဲ့သည်။ သူတို့တက်နေသည့် မောင်ဂိုမာရီ စက်မှုလက်မှုကျောင်းသည်ပင် လူဖြူတို့က မီးနှစ်ကြိမ်လာရှို့ခြင်းကို ခံခဲ့ရသည်။ 

ရိုဆာပတ်သည် ကျောင်းကို သွားကတည်းက လူဖြူကလေးများ၏ ပြောင်လှောင် အနိုင်ကျင့်မှုများကို မကြာခဏခံခဲ့ရသည်။ သူက ထိုအကြောင်းနှင့် ပတ်သက်ပြီး -

“သူတို့ ဘယ်လောက်ပဲ စော်ကားသည်ဖြစ်စေ လက်တုံ့ပြန်နေလို့ကတော့ ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်ဘူး”ဟု ဆိုသည်။ 

၁၉၃၂ ခုနှစ်တွင် ရိုဆာပတ်သည် မောင်ဂိုမာရီမှ ဆံပင်ညှပ်သမားတစ်ဦးဖြစ်သူ ရေမွန်ပတ်နှင့် လက်ထပ်ခဲ့သည်။ ရေမွန်ပတ်သည်လည်း NAACP အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ရိုဆာသည် အလုပ်ပေါင်းများစွာကို ဘဝရပ်တည်ရေးအတွက် လုပ်ခဲ့ရသည်။ အိမ်ဖော်၊ ဆေးရုံအကူစသည့် အလုပ်များကို လုပ်ရင်း ခင်ပွန်းသည်က တိုက်တွန်းသဖြင့် ၁၉၃၃ ခုနှစ်တွင် အထက်တန်းပညာကို ပြီးအောင်ကျောင်းတက်ခဲ့ရသည်။ ထိုစဉ်က အထက်တန်းအဆင့်ကို အောင်မြင်အောင် ကျောင်းတက်နိုင်သည့် အာဖရိကလူမည်းများမှာ ၇ ရာခိုင်နှုန်းခန့်သာ ရှိသည်။

၁၉၄၃ ခုနှစ်ကစတင်ပြီး ရိုဆာပတ်သည် နိုင်ငံသား လှုပ်ရှားမှုဆိုင်ရာ တိုက်ပွဲများတွင် ဝင်ရောက် ပါဝင်လှုပ်ရှားလာခဲ့သည်။ NAACP အဖွဲ့အတွင်း ဝင်လိုက်ပြီး သူမ၏ ပြောင်မြောက်သော လှုပ်ရှားမှုများကြောင့် အဖွဲ့၏အတွင်းရေးမှူးတာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရသည်။ 

“ကျွန်မက အဲဒီအဖွဲ့ထဲမှာ တစ်ဦးတည်းသော အမျိုးသမီးဖြစ်နေတယ်။ သူတို့ကလည်း အတွင်းရေးမှူး ရာထူးကို လိုနေတယ်။ အဲဒီရာထူးကို လက်ခံဖို့လည်း ဝန်လေးခဲ့မိတယ်။ အမျိုးသမီးတွေဘဝက မီးဖိုချောင် ထဲမှာပဲလားလို့ ကျွန်မစိတ်ထဲမှာ ဖြစ်မိတယ်။ ကျွန်မဘဝကရော ဘာလဲ။ ဒါကြောင့် ကျွန်မ ဒီရာထူးကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်”ဟု သူက ဆိုသည်။ ၁၉၅၇ ခုနှစ်အထိ NAACP အဖွဲ့တွင် အတွင်းရေးမှူး ရာထူးကို တာဝန်ယူပြီး ထမ်းဆောင်ခဲ့သည်။ 

ထိုကြားထဲတွင် လူမည်းအမျိုးသမီးတစ်ဦးကို လူဖြူများက အုပ်စုလိုက်ဝိုင်းပြီး မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သည်။ သူတို့လူမည်းတွေက လူဖြူများနှင့်တန်းတူ တရားဥပဒေစီရင်ပိုင်ခွင့်ရရန် တိုက်ပွဲဝင်ခဲ့သည်။ ထို့ပြင် ၁၉၅၅ ခုနှစ်၌ လူမည်းလူငယ်တစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းခံရမှုများတွင်လည်း သူကိုယ်တိုင် ဦးဆောင်ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။ 

မောင်ဂိုမာရီတွင် ၁၉၀၀ ပြည့်နှစ်ကတည်းက ဘတ်စ်ကားစီးရာ၌ လူမျိုးရေးခွဲခြားမှုများကို ပြုလုပ်ခဲ့ကြသည်။ ဘတ်စ်ကားတစ်စီးတည်းပေါ်တွင် လူဖြူ နှင့် လူမည်းနေရာကို ခွဲခြားသတ်မှတ်ထားပြီး လူမည်းများ လူဖြူဘက်အခြမ်းကို လာရောက်စီးခွင့် မပြုခဲ့ပေ။ 

ဘတ်စ်ကား၏ ရှေ့ဆုံးထိုင်ခုံတန်း လေးတန်းသည် လူဖြူများအတွက်သာဆိုကာ သီးခြားသတ်မှတ်ထားသည့် နေရာများဖြစ်သည်။ ဘတ်စ်ကားတွင် လူမည်းတွေက အနောက်ပေါက်ကတက်ပြီး အနောက်ဘက်တွင်သာ စီးကြရသည့်ထုံးစံကို သတ်မှတ်ထားသည်။ ထိုစဉ်က ဘတ်စ်ကားကို အများဆုံး စီးနေကြသူများမှာ လူမည်းများဖြစ်ပြီး ဘတ်စ်ကားစီးသည့် ၇၅ ရာခိုင်နှုန်းဖြစ်သည်။ လူဖြူတို့က ဘတ်စ်ကားမစီးလည်း သူတို့အတွက် သတ်မှတ်ထားသည့် ထိုင်ခုံများတွင် လူမည်းများကို စီးခွင့်မပြုခြင်းမှာ ခွဲခြားဆက်ဆံခြင်း ဆိုသည်ထက် စော်ကားသလိုခံစားနေကြရသည်။

လူဖြူများ ဘတ်စ်ကားပေါ်တက်လာသည့် အရေအတွက်က များလာလျှင်လည်း ရှေ့တန်း လေးတန်းသာမက နောက်တန်းများမှ လူမည်းများသည် လူဖြူများအတွက် နေရာဖယ်ပေးကြရသည်။ လူမည်းများသည် လူဖြူများနှင့် ထိုင်ခုံတစ်တန်းတည်း၊ တစ်ခုံတည်းတွင် ထိုင်ခွင့်မရှိ။ နောက်ကို ဆုတ်ပေးကြရသည့်ထုံးစံများကို သူတို့က ဥပဒေများနှင့် သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

လူမည်းများသည် ထိုသို့ခွဲခြားဆက်ဆံသည့်အပေါ် နှစ်ပေါင်းများစွာ မကျေမနပ်ဖြင့် ဆန့်ကျင်ခဲ့ကြသော်လည်း အာဏာပိုင်တို့က မည်သူမှ ဂရုစိုက်ခဲ့ကြခြင်းမရှိပေ။ ရိုဆာပတ်က -

“ကျွန်မက အဲသည်လို ခွဲခြားဆက်ဆံတာကို မခံချင်လို့ မြို့ထဲကိုသွားရင် လမ်းလျှောက်ပြီး သွားခဲ့တာ မကြာခဏပဲ”ဟု ဆိုခဲ့သည်။

ထိုနေ့က ရိုဆာပတ်တစ်ယောက် အလုပ်မှအပြန် မောပန်းနွမ်းနယ်နေသည်။ ညနေ ၆ နာရီ အချိန်တွင် သူအလုပ်ကအပြန် လမ်းလျှောက်လာသည်။ ပင်ပန်းသဖြင့် ဘတ်စ်ကားပေါ်တက်လိုက်သည်။ ဘတ်စ်ကားခကိုပေးပြီး လွတ်သည့်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူထိုင်လိုက်သည့်ခုံတန်းမှာ လူဖြူတွေအတွက် သီးသန့်ဖယ်ထားသည့် ခုံတန်းဖြစ်သည်။ 

“အမှန်တော့ ကျွန်မ အဲဒီနေ့က ပင်ပန်းတာ မဟုတ်ဘူး။ ကျွန်မ အသက်က အဲဒီတုန်းက ၄၂ နှစ်ပဲရှိသေးတာ။ ကျွန်မ ပင်ပန်းလွန်းလို့ ဝင်ထိုင်တာ မဟုတ်ဘူး။ စနစ်ရဲ့ စွဲမြဲနေတဲ့ပင်ပန်းမှုကို တိုက်ဖျက်ချင်လို့ ဝင်ထိုင်လိုက်တာ” 

အမှန်တော့ ရိုဆာပတ်သည် စနစ်ကို အတင်းပြောင်းရန် ရဲဝံ့စွာဖြင့် ရင်ဆိုင်တိုက်ပွဲဝင်လိုက်ခြင်း ဖြစ်သည်။ အမျိုးသမီးတစ်ဦးဖြစ်သော်လည်း တိုက်မှ ရမည်ကိုသိပြီး ရဲရင့်စွာ တိုက်ခိုက်ခဲ့သော စိတ်ဓာတ်မှာ လေးစားစရာဖြစ်သည်။ 

E-01 

(Ref: Rosa Parks Biography)