News

POST TYPE

YOUTH

အလုပ်ရှင်ရှာသည့် အလုပ်သမား
15-Dec-2018


ကိုယ်ကျင့်တရားကို အလေးထား

မည်သည့်အလုပ်ရှင်မဆို အလုပ်ကိုကြိုးစား လုပ်ကိုင်လိုစိတ်ရှိသူကိုသာ အလုပ်ပေးပြီး လူမွေးချင်မည်မှာ သေချာသည်။ အလုပ်ကို ကြိုးစားရုံနှင့်မပြီး၊ အလုပ်ကို စမတ်ကျကျ လူလေးစားအောင် လုပ်တတ်ဖို့လိုသည် ဆိုသောအချက်ကိုလည်း သတိပြုသင့်ပါသည်။ ကြိုးစားလုပ်ရုံနှင့်မပြီး အချိန်ကုန်၊ ငွေကုန်၊ ဆုံးရှုံးရမှု အနည်းဆုံးဖြင့် အကောင်းဆုံးပြီးအောင် လုပ်ဆောင်နိုင်ခြင်းကို စမတ်ကျကျ လုပ်ဆောင်တတ်ခြင်းဟု ခေါ်ပါသည်။ 

အလုပ်လုပ်သည်ဆိုရာတွင် တာဝန်အရလုပ်သည်ဆိုခြင်းထက် အကောင်းဆုံးဖြစ်ရမည်ဆိုသော အကောင်းမြင်အတွေးဖြင့် လုပ်ဆောင်တတ်ရန်လည်း အရေးကြီးသည်။ အလုပ်ကို အချိန်မီပြီးအောင် လုပ်ဆောင်နိုင်ခြင်းသည် အချိန်ကို ကောင်းစွာ စီမံခန့်ခွဲတတ်ခြင်းဖြစ်သည်။ လုပ်ငန်းခွင်အတွင်း ကိုယ်ရေးကိုယ်တာများ ယူမလာဘဲ အလုပ်ကို အလုပ်နှင့်တူအောင် လာလုပ်သူများကို အလုပ်ရှင်တွေက လေးစားသည်။

ယနေ့လုပ်ငန်းခွင်များတွင် အလုပ်သမားတွေက မိမိတို့ မည်မျှတော်ကြောင်း၊ တတ်ကြောင်း၊ အစွမ်းပြရန် အားထုတ်နေကြသော်လည်း မိမိတို့ မည်မျှစမတ်ဖြစ်ကြောင်း ဂုဏ်သိက္ခာကို ဖော်ထုတ်ပြသူကရှားပါသည်။ ကိုယ့်ဂုဏ်ကို ကိုယ်ထိန်းကာ အကောင်းဆုံး ကြိုးစားအားထုတ်သူများဖြစ်ရန်လိုသည်။ 

စဉ်းစားဆင်ခြင် လုပ်ငန်းခွင်

မည်သည့်အလုပ်ရှင်မဆို လုပ်ငန်းခွင်ကို သတ်မှတ်ထားသည့်အချိန် အတိအကျရောက်သူများကိုသာ တန်ဖိုးထားကြောင်း သိစေချင်ပါသည်။ ထိုသူမျိုး အပေါ်တွင်သာ အလေးထား တန်ဖိုးလည်းထားမည်ဖြစ်သည်။ ထိုသူမျိုးအပေါ်တွင်သာ မျက်နှာသာပေးတတ်ကြောင်းလည်း သိထားစေချင်ပါသည်။ 

လုပ်ငန်းခွင်တွင် ပြိုင်ဆိုင်ခြင်းဆိုသည်မှာ ကောင်းသောပြိုင်ဆိုင်ခြင်း ဖြစ်သင့်သည်။ စည်းမျဉ်းဆွဲသူကို ပြိုင်ဆိုင်ခြင်း၊ စည်းကမ်းသတ်မှတ်သူကို သူချမှတ်၊ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း တစ်သဝေမတိမ်း လိုက်နာခြင်းဖြင့် ဂုဏ်ယူပြိုင်ဆိုင်နိုင်ပါသည်။ စောစောလာဟု ပြောသူထက်၊ ပိုပြီးစောအောင် လာနိုင်စေရန် အားထုတ်ခြင်းဖြင့် လေးစားမှုကို ရယူနိုင်ပါသည်။ 

အလုပ်များကို ခွဲဝေသတ်မှတ်ပေးရာ၌လည်း အကောင်းဆုံးနှင့် အမြန်ဆုံးကို အလိုရှိကြမည်သာဖြစ်သည်။ ထို့ကြောင့် ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အကောင်းဆုံးနှင့် အမြန်ဆုံး ပြီးစီးစေရန် လုပ်ဆောင်ပြခြင်းကလည်း ကိုယ့်ဂုဏ်သိက္ခာကို ဖော်ထုတ်ပြသခြင်းဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမားဆိုသည်မှာ လုပ်ငန်းခွင်တစ်ခုတွင် အပြန်အလှန် မှီခိုနေကြရသူများဖြစ်ပါသည်။ ကိုယ်ဘာလုပ်ရမည်ဆိုခြင်းကို ကိုယ်သိအောင်လုပ်ခြင်း၊ သူဘာလုပ်စေချင်သည်ဆိုခြင်းကို နားလည်သဘောပေါက်ခြင်း၊ သူ့ဘက် ကိုယ့်ဘက် အပြန်အလှန် စဉ်းစားပေးခြင်းဖြင့် အကောင်းဆုံးနှင့် အအောင်မြင်ဆုံး လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်ပါသည်။

အကောင်းမြင်တတ်အောင် ကြိုးစားပါ

အလုပ်ရှင်တိုင်းက မိမိတို့ခန့်ထားသော အလုပ်သမားတိုင်း၏ အချိန်မီ လုပ်ဆောင်နိုင်ခြင်းဆိုသော ရလဒ်ကောင်းလေးများကိုသာ မျှော်လင့်ပါသည်။ အကောင်းမြင်စိတ်ဆိုသည်မှာ ကိုယ်ကျရာတာဝန်ကို ပြီးအောင်လုပ်တတ်သည့် စိတ်ဓာတ်တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ ကိုယ့်အတွက် ကိုယ်ပြီးအောင် လုပ်လိုက်သော်လည်း ကိုယ်နှင့်ဆက်စပ်နေသည့် လုပ်ငန်းများက မပြီးလျှင်ဆိုသည့်သဘောကို ထည့်တွေးပေးသင့်ပါသည်။

ထို့ကြောင့် စက်ယန္တရားအသွင်လည်ပတ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါက ကိုယ်လည်း လည်ပတ်နိုင်စေရန် လုပ်ဆောင်နိုင်သလို သူတို့ကိုလည်း အကောင်း ဆုံးစိတ်ဓာတ်များ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်နိုင်ရန်လိုသည်။ အကောင်းမြင်စိတ်ရှိသူသည် ကိုယ့်အတွက်တစ်ခုတည်း မကြည့်တတ်သူဖြစ်သည်။ သူ့အတွက်လည်းကြည့်သည်။ လုပ်ဖော်ကိုင်ဖက်များအတွက်လည်း ကြည့်သည်။ အလုပ်ရှင်အတွက်လည်း ကြည့်တတ်သူဖြစ်သည်။ အကောင်းမြင်စိတ်ရှိလျှင် ကိုယ်လည်း ပျော်ပျော်လုပ်သည်။ သူများကိုလည်း ပျော်ပျော်ပါးပါး စွမ်းဆောင်နိုင်စေရန် ကူညီသည်။ 

အလိုက်သင့် အလျားသင့် နေပေးပါ

အလုပ်ရှင်က မိမိအလုပ်သမားတစ်ဦးကို အားလုံးနှင့် အဆင်ပြေသူ၊ နေရာတိုင်းတွင် အဆင်ပြေချောမွေ့ အောင် လုပ်ဆောင်တတ်သူတစ်ဦး ဖြစ်စေချင်ပါလိမ့်မည်။ တစ်ကိုယ်ကောင်းသမားကို လိုချင်မည်မဟုတ်ပါ။ အထက်ဖား၊ အောက်ဖိသမားလည်း အထင်မကြီးပါ။ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိသူ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူ၊ ဖောက်သည်များနှင့် အဆင်အပြေဆုံး ဆက်ဆံပြောဆိုနိုင်သူများကို သဘောကျပါလိမ့်မည်။

တစ်ခါတစ်ရံ အလုပ်ပြောင်း၊ နေရာပြောင်းရသည့် အနေအထားမျိုးကို အလုပ်သမားတိုင်း ကြုံတွေ့ကြရမည် ဖြစ်ပါသည်။ မည်သည့်နေရာတွင် ကျသည်ဖြစ်စေ၊ တာဝန်ယူရသည်ဖြစ်စေ ငြင်းဆန်ခြင်းမရှိ၊ အကောင်းဆုံး တာဝန်ယူပြပြီး လုပ်ဆောင်ပြလိုက်ခြင်းသည် မိမိအရည်အချင်းကို ထုတ်ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ခြင်းဆိုသည်မှာ မိမိကိုယ်တိုင်၊ လုပ်ဖော်ကိုင်ဖက်များ၊ အလုပ်နှင့် အလုပ်ရှင်၊ ဖောက်သည် စသည်တို့နှင့်လည်း သက်ဆိုင်နေပါသည်။ လုပ်ငန်းခွင်ဆိုသည်မှာ တစ်ဦးတည်း ဖြစ်ချင်မှဖြစ်မည်။ မိမိနှင့်အတူ ပူးတွဲတာဝန် ထမ်းဆောင်နေရသူပေါင်း များစွာရှိနိုင်သည်။ ထိုသို့ အများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ပြောင်းသင့်သည်ကိုပြောင်း၊ ပြင်သင့်သည်ကိုပြင်ပြီး လုပ်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဗျူဟာသစ်၊ စိတ်ကူးသစ်၊ ကြိုတင်စီမံမှုများနှင့် ကိုယ့်လုပ်ငန်းလုပ်ဆောင်ပုံစနစ်များကို အများကလက်ခံနိုင်အောင် လုပ်ဆောင်ပေးပြီး လုပ်ငန်းကို အောင်မြင် ပျော်ရွှင်စွာလုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။

ရိုးသား တည်ကြည် သိက္ခာထိန်းပါ

ရိုးသားသူကို လူတိုင်းနှစ်သက်သဘောကျပါသည်။ အလုပ်ရှင်တိုင်းကလည်း ရိုးသားသည့် အလုပ်သမားတိုင်းကို မြတ်နိုးနှစ်သက်ပါသည်။ ထို့ကြောင့် ရိုးသားကြိုးစားပြီး ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်နိုင်သူတစ်ဦးဖြစ်ရန် အရေးကြီးပါသည်။ 

တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင် ယုံကြည်မှုက အရေးကြီးသည်။ အလုပ်ရှင်အတွက် အလုပ်ကို လုပ်နေရသည်ဆိုစေ သူက ကိုယ့်ကို ယုံကြည်သဖြင့် လွှဲအပ်ထားသော ယုံကြည်မှုအပေါ် မည်သည့်အခါမှ သစ္စာမဖောက်မိစေရန် သတိပြုသင့်ပါသည်။ 

အောင်မြင်သည့်အလုပ်ဆိုသည်မှာ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်နှင့်ဖောက်သည် တစ်ခုအပေါ်တစ်ခု တည်မှီနေကြောင်း သတိပြုသင့်ပါသည်။  “The customer is always right”ဆိုသည့် သဘောတရားကို လက်ကိုင်ထားရမည်သာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်၊ သူ့ကိုလည်းယုံကြည်၊ အပြန်အလှန် စိတ်ကောင်းစေတနာများဖြင့် အလုပ်ဆိုင်ရာ သိက္ခာတရားများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကိုယ့်ဂုဏ် ကိုယ်မြှင့်တင်နိုင်ပါသည်။

ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါ

အလုပ်ရှင်တိုင်းက နေရာတိုင်းတွင် လိုက်ပြောစရာမလိုလောက်အောင် ကျွမ်းကျင်လိမ္မာသူတစ်ယောက်ကို မျှော်လင့်မည်သာဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်ကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်တတ်သူ တစ်ယောက်ကို မျှော်လင့်မည်သာဖြစ်သည်။ 

ကိုယ့်ကိုယ်ကိုယ် တွန်းအားများဖြင့် အသိတရားရှိရှိ လုပ်ဆောင်တတ်သော အလုပ်သမားများသည် နေရာတကာ အမိန့်တွေကို စောင့်နေမည်မဟုတ်ပါ။ တိကျသည့်အမိန့်နှင့် လမ်းညွှန်ချက်ကိုရလျှင် သူ့အစီအစဉ်၊ သူ့အတွေးများဖြင့် လုပ်ဆောင်သွားမည်သာဖြစ်သည်။ 

ကိုယ့်အသိတရားဖြင့် လုပ်ဆောင်တတ်သူတစ်ဦးသည် ကြိမ်တို့နေရမည့်သူမျိုးလည်း မဟုတ်ပါ။ သူသည် သူ့ကိုယ်သူ ယုံကြည်စိတ်ဖြင့် အောင်မြင်အောင် လုပ်ဆောင်သွားပါလိမ့်မည်။ အပြန်အလှန် ယုံကြည်မှုပေးနိုင်ရန်လိုပါသည်။

သင်ယူချင်စိတ်ရှိအောင်လုပ်ပါ

အလုပ်နေရာပြောင်းလဲလိုက်လျှင် လုပ်ငန်းသစ်၊ နေရာသစ်၊ လူသစ်များနှင့် ရင်ဆိုင်ကြရမည်သာ ဖြစ်သည်။ ထိုနေရာသစ်၊ နယ်ပယ်သစ်တွင် လေ့လာသင်ယူမှုကို ကြိုးစားလုပ်ဆောင်ရန် လိုပါသည်။ အလုပ်သမားက အလုပ်မှထွက်သွားရခြင်း အကြောင်းတရားတစ်ခုတွင် သူလုပ်ချင်သည့်အလုပ်ကို မလုပ်ရ၍လည်း ဖြစ်နိုင်သလို၊ သူ့ထံတွင် လုပ်ပိုင်ခွင့်များ ဆုံးရှုံးကုန်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ 

အလုပ်သစ် နေရာသစ်တွင် တာဝန်ပေးမည်ဆိုလျှင် သူ့အတွက် လေ့လာသင်ယူနိုင်ရန် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ရမည်ဖြစ်သည်။ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု၊ နည်းစနစ်၊ ပညာ၊ သဘောတရားအားလုံးကို ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်လာစေရန် အခွင့်အရေးပေးနိုင်ရမည်။ အလုပ်သမား၏ ကျွမ်းကျင်တတ်မြောက်မှုသည် လုပ်ငန်းအောင်မြင်စေရန် များစွာ အထောက်အကူဖြစ်နေကြောင်း သဘောပေါက်ထားသင့်ပါသည်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသည် လုပ်ငန်းခွင်တွင် အရေးအကြီးဆုံးဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူသည် အခြားသူအပေါ်တွင်လည်း ယုံကြည်မှုရှိတတ်သည်။ ထိုသူမျိုးသည် မသိလျှင်၊ မသိကြောင်း၊ မတတ်လျှင် မတတ်ကြောင်းပြောရန် ဝန်မလေးသူဖြစ်သည်။ သူသည် ပညာကို မြတ်နိုးတန်ဖိုးထားသည်။ သူတို့သည် သူတစ်ပါးကို အထင်ကြီးချင်မှ ကြီးပါလိမ့်မည်။ သို့သော် သူတို့လိုချင်သည့်ပညာကို ရရန်အတွက် မည်သူ့ထံကမှ အောက်ကျခံရန် ဝန်မလေးသူများဖြစ်သည်။

သူတို့သည် ဖိစီးမှု၊ အန္တရာယ်၊ စွန့်စားရမည့် အလုပ်များကို သိပ်သဘောမတွေ့တတ်ပါ။ ထိုသူများသည် သူတို့ မှားသွားလျှင်လည်း မှားသွားကြောင်း ဝန်ခံရန် ဝန်မလေးတတ်ပါ။ သူတို့သည် သူတို့၏ အားသာချက်၊ အားနည်းချက်များအားလုံးကို သိမြင်နိုင် စွမ်းရှိသူများဖြစ်သည်။ သူတို့သည် ဘဝတွင် အကောင်းမြင်တတ်သဖြင့် ကိုယ်ချင်းစာစိတ်ဖြင့် အကောင်းဆုံး လုပ်ဆောင်တတ်သူများလည်းဖြစ်သည်။

ပရော်ဖက်ရှင်နယ်ဆန်ဆန်လုပ်ပါ

ပရော်ဖက်ရှင်နယ်ဆန်ဆန်ဆိုသည်မှာ မိမိကိုယ်မိမိ ပညာရှင်တစ်ယောက်လို သဘောထားပြီး ကိုယ်တတ်ထားသည့်ပညာဖြင့် အကောင်းဆုံးနှင့် အပီပြင်ဆုံးဖြစ်အောင် လုပ်ဆောင်ပြနိုင်ခြင်း ဖြစ်ပါသည်။ သူတို့သည် အလုပ်ကို ကောင်းစွာပိုင်နိုင်သူများဖြစ်သည်။ သူတို့ကျွမ်းကျင်တတ်မြောက်ထားသည်တို့နှင့်လည်း စိတ်တိုင်းကျ စိတ်ကျေနပ်လောက်အောင် လုပ်ဆောင်ပြနိုင်စွမ်းရှိသည်။ သူတို့၏အကြည့်၊ အပြော၊ ဝတ်စားနေထိုင်ပုံ စသည်တို့သည် လူအထင်ကြီး၊ လေးစားလောက်အောင်ဖြစ်နေစေရန် ကြိုးစားအားထုတ်လေ့ရှိသည်။ 

ပရော်ဖက်ရှင်နယ်သမားများသည် အလုပ်ကို မပြီးဆိုသည့်အပြော၊ အလုပ်ကို စုပုံနေအောင် ပစ်ထားတတ်သည့် အမူအကျင့်ရှိသူများ မဟုတ်ပါ။ သူတို့သည် သူတို့ကိုယ်သူတို့ မြှင့်တင်၊ အခြားသူများ လေးစားလောက်သည့် စံပြုလောက်သူများဖြစ်အောင်နေပြ၊ လုပ်ပြတတ်သည်။ သူသည် ခေါင်းဆောင်ကောင်းလည်း ဖြစ်နိုင်သလို၊ နောက်လိုက်ကောင်းတစ်ယောက်လည်း ဖြစ်နိုင်ပါသည်။

သစ္စာစောင့်သိရိုသေပါ

အလုပ်ရှင်တိုင်းသည် မိမိအပေါ် သို့မဟုတ် လုပ်ငန်းအပေါ် သစ္စာရှိသူမျိုးကိုသာ အလိုရှိပါလိမ့်မည်။ သစ္စာရှိခြင်းဆိုသည်မှာ ယနေ့ခေတ်တွင် လုပ်ငန်းခွင်ကို စဝင်သည်မှ ပင်စင်ယူသည့်တိုင် အလုပ်ကို လုပ်ဆောင်ခြင်းမျိုးအား သစ္စာရှိသည်ဟု မခေါ်ဆိုပါ။ ယနေ့ခေတ်တွင် လူတစ်ယောက်တည်းက တာဝန်မျိုးစုံကို ယူထားပြီး လုပ်နေသူများလည်း ရှိသည်။ ထို့ကြောင့် သစ္စာရှိခြင်းဆိုသည်ကို သရုပ်ခွဲရန် လိုအပ်လာပါသည်။ 

ယနေ့ခေတ်တွင် အလုပ်ရှင်များသည် အလုပ်သမားများကို ဘက်စုံ၊ နေရာစုံ တော်သူများအဖြစ် မျှော်လင့်ကြသည်က များသည်။ သစ္စာစောင့်သိခြင်း ဆိုသည့် သဘောတရားသည် သက်ဆုံးတိုင် ရိုးမြေကျ သဘောမဟုတ်တော့ပေ။ ကိုယ်တာဝန်ယူထားသည့် အလုပ်ကို ပြီးအောင်လုပ်ခြင်း၊ လုပ်ငန်းခွင်သစ်ရှာခြင်း၊ လုပ်ငန်းအတွက် အကောင်းဆုံးဖြစ်စေမည့် စနစ်၊ နည်းပညာ၊ လူ၊ ဖောက်သည်တို့ကို ရှာဖွေဖော်ထုတ် ပေးနိုင်ခြင်းတို့နှင့်လည်း ပတ်သက်လာကြောင်း တွေ့ရမည်ဖြစ်သည်။ တစ်နည်းပြောရလျှင် သစ္စာရှိခြင်းဆိုသည်မှာ အလုပ်ရှင်ကဲ့သို့ပင် လုပ်ငန်းခွင်အပေါ် အောင်မြင်စေရန်၊ တိုးတက်ကြီးပွားလာစေရန် ထပ်တူထပ်မျှ စိတ်ကောင်းစေတနာကောင်းဖြင့် ဆိုးတူကောင်းဖက် လက်တွဲလုပ်ဆောင်ခြင်းဆိုသည့် သဘောကိုလည်း သတိပြုရမည်ဖြစ်သည်။

E-01 

(Ref: The Top 10 Work Values Employers Look For, Penny Loretto)