News

POST TYPE

YOUTH

အနာဂတ်ကို ပုံဖော်နေသော လူငယ်များ
15-Dec-2018


နာဒီယာ အိုကာမိုတို

အမည်က နာဒီယာအိုကာမိုတို (Nadya Okamoto) ဖြစ်သည်။ သူ့အသက်က ၁၉ နှစ်သာရှိသေးသော်လည်း အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် ကင်းဘရစ်ချ်မြို့တော်ကောင်စီဝင်အဖြစ် ယမန်နှစ်က ဝင်ရောက်အရွေးခံခဲ့သည်။ အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းတစ်ယောက်အဖြစ် စံချိန်တင်သွားသည်။ သူက မြို့တော်အတွင်း အိုးအိမ်ဆိုင်ရာ မူဝါဒများ၊ ဝင်ငွေနည်းသူများ၏ နေအိမ်များ အဆင့်မြှင့် ပြုပြင်ရေးစသည်တို့ကို မဲဆွယ်စည်းရုံးသော်လည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော် ဟားဗတ်တက္ကသိုလ်တက်ရင်း မြို့တော်အတွင်း လှုပ်ရှားမှုများတွင် ပါဝင်ပြီး တက်ကြွသူတစ်ဦးအဖြစ် ထင်ရှားသည်။ 

နာဒီယာ အိုကာမိုတိုသည် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်သူတစ်ဦးဖြစ်ရုံမက နိုင်ငံရေးလှုပ်ရှားသူတစ်ဦးအဖြစ်လည်း ထင်ရှားသည်။ NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် PERIOD ဆိုသော အဖွဲ့တွင် ၂၀၁၇ ခုနှစ်ကတည်းက အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။
 
သူ့ကို နယူးယောက်စီးတီးမြို့တွင် မွေးဖွားသည်။ သူ့မိခင် ဆိုဖီယာကျန်ကလည်း ဟားဗတ်ကျောင်းထွက် တစ်ဦးဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလလောက် ကတည်းက သူတို့သည် PERIOD ကို ထူထောင်ရန် အတန်းဖော်တစ်ဦးဖြစ်သူ ဗင်းဆင့်ဖိုရမ်နှင့် ကြိုးပမ်းခဲ့သည်။ သူတို့အဖွဲ့သည် အမျိုးသမီးငယ်လေးများ ရာသီသွေးပေါ်ချိန်တွင် လိုအပ်သည့် အဆောင်ပစ္စည်းများကို အခမဲ့လိုက်လံဝေငှပေးသည့် လှုပ်ရှားမှုများကို လုပ်ဆောင်ကြသည်။ သူတို့က တက္ကသိုလ်၊ ကောလိပ်နှင့် အထက်တန်းကျောင်းများသို့သွားရောက်ပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းများကို ဝေငှကာ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။ 

အိုကာမိုတိုသည် Catlin Gabel အထက် ကျောင်းသူဘဝကတည်းက ပညာတော်သဖြင့် ပညာသင်ဆုပေါင်း များစွာ အထောက်အပံ့ရခဲ့သူဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် Coca-Cola ပညာသင်ဆု၊ Gates Millennium  ပညာသင်ဆု၊ PEO Star ပညာသင်ဆု၊ Elks အမျိုးသားဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်သည့် အတော်ဆုံးကျောင်းသားဆုများကို ရရှိခဲ့သည်။ 

၂၀၁၆ ခုနှစ်တွင် အိုကာမိုတိုသည် L’Oréal Paris အဖွဲ့က နှစ်စဉ်ပေးအပ်သည့် Women of Worth ဂုဏ်ပြုဆုကို လက်ခံရရှိခဲ့သည်။ L’Oréal Paris အဖွဲ့သည် နှစ်စဉ်အမျိုးသမီး ၁၀ ဦးကို ရွေးချယ်ပြီး ဆုပေးလေ့ရှိသည်။ လူသားကောင်းကျိုးအတွက် အကျိုးဆောင်ပေးသူများကို ဒေါ်လာ ၃၅,၀၀၀ ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုခြင်းဖြစ်သည်။ 

အိုကာမိုတို၏ PERIOD ဆိုသည့် အဖွဲ့သည် အိုးမဲ့အိမ်မဲ့အဖြစ် နေထိုင်သူများကို အမျိုးသမီး လစဉ်သုံးပစ္စည်းများ အခမဲ့လိုက်လံဝေငှပေးသည့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည်။ အိုကာမိုတို ကိုယ်တိုင်က အသက် ၁၅ နှစ်သမီးအရွယ်တွင် မိသားစုနှင့်အတူ အိုးမဲ့အိမ်မဲ့ဘဝတွင် နေထိုင်ခဲ့ရဖူးသူ ဖြစ်သည်။ သူက ကျောင်းသို့ နေ့စဉ် ၂ နာရီလောက် ကားစီးပြီး သွားရသည်။ အိမ်မှ ကျောင်းသို့ သွားရာလမ်းတစ်လျှောက် အိုးမဲ့အိမ်မဲ့ဘဝတွင် နေထိုင်ကြသည့် အမျိုးသမီးများ၏ ရာသီလာချိန်၌ ကြုံတွေ့ရသော အခက်အခဲများကို မြင်မိပြီး ကိုယ်ချင်းစာစိတ်ဖြစ်မိသည်။ ထိုအချိန်ကတည်းက PERIOD ဆိုသည့် အဖွဲ့အစည်းကို ထူထောင်ရန် စိတ်ကူးခဲ့သည်။ အဖွဲ့ လေးကို စတင်ထူထောင်မိသည်နှင့် အမျိုးသမီးပေါင်း ၇၈,၀၀၀ ကျော်ကို အကူအညီပေးနိုင်ခဲ့သောကြောင့်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်။ အထက်တန်း အဆင့်အောင်ပြီးနောက် သူသည် ဟားဗတ်ကောလိပ်ကို တက်ခွင့်ရခဲ့သည်။ Women of Wealth အဖွဲ့က သူ၏လှုပ်ရှားမှုကို စောင့်ကြည့်နေပြီး သဘောကျသဖြင့် အကူအညီပေးရန် ဆုံးဖြတ်ကာ ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့သည်။ 

သူအထက်တန်းကျောင်းသူဘဝတွင် အမျိုးသမီးများ ရာသီလာစဉ် ပြဿနာများကို ကိုယ်တိုင်ကိုယ်တွေ့အဖြစ် ကြုံခဲ့ရသည်။ သူတို့သည် အိမ်သာသုံးစက္ကူများနှင့် သွေးစုပ်နိုင်သည့် ရရာပိတ်စနှင့် အဝတ်များကို ဖြစ်သလို အသုံးပြုနေကြရသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသည်။ သူတို့တွင် အများသုံးအိမ်သာများကိုသာ အားထားနေကြရသူများ ဖြစ်သောကြောင့် ထိုကိစ္စများကို တန်းစီစောင့်ပြီး ဖြေရှင်းနေရသည်ကိုပင် တွေ့ကြုံခဲ့ရဖူးသည်။

သူက PERIOD ကို စတင်လှုပ်ရှားကတည်းက TEDx Portland တွင် စကားပြောခွင့်ရပြီး လူသိပိုများလာသည်။ ထို့ပြင် L’Oréal Paris ဆုကို ပါရလိုက်သောအခါ ကျော်ကြားလာတော့သည်။ ထိုမှသည် နိုင်ငံရေးလှုပ်ရှားမှုအနေနှင့် ကင်းဘရစ်ချ် မြို့တော်ကောင်စီ ရွေးကောက်ပွဲဝင်လိုက်ရာ ပိုထင်ရှားလာသည်။ 

သူနှင့် Allure မဂ္ဂဇင်းမှ အဲလိဇဘက်ဒင်တန်တို့ တွေ့ဆုံရာတွင် ပြောကြားချက်များမှာ စိတ်ဝင်စားစရာဖြစ်သည်။

မေး - PERIOD ကို ထူထောင်ဖို့ စိတ်ကူးဖြစ်ခဲ့တာလေး။

ဖြေ - ကျွန်မ ကောလိပ်ဒုတိယနှစ်လောက်မှာ အိုးမဲ့၊ အိမ်မဲ့တွေရဲ့ ရာသီလာချိန်မှာ ဖြေရှင်းနေရပုံတွေကို မိဘတွေနဲ့ စကားပြောမိကြတယ်။ သူတို့ရဲ့ အခက်အခဲတွေက ကျွန်မကို စိတ်ဝင်စားစရာဖြစ်လာစေပါတယ်။ သူတို့အတွက် ကိုယ်ချင်းစာမိပြီးတော့ ကူညီဖို့ဆုံးဖြတ်မိတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လိုကူညီရမလဲ။ ကျွန်မက ပညာရေးကလည်း ဆက်ရဦးမယ်။ ကျွန်မနဲ့တွေ့ပြီး စကားပြောကြည့်တဲ့ အိုးမဲ့အိမ်မဲ့သူတွေဆီကနေ သူတို့ကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အကြံကောင်းတွေရတယ်။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ ရာသီလာချိန် ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကို လျှောက်လေ့လာတယ်။ ကျွန်မ ရင်ဆိုင်ဖြေရှင်းရမှာတွေကလည်း ခေါင်းရှုပ်စရာတွေချည်းပဲ။ 

မေး - ဒါပေမဲ့ မင်းတို့ အဖွဲ့အစည်းက ကမ္ဘာကျော်သွားပြီ မဟုတ်လား။

ဖြေ - အမျိုးသမီးတွေအတွက် ရာသီလာချိန်ဟာ ပြဿနာအတက်ဆုံးဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပေါ်နေကြောင်း သိရတယ်။ ကင်ညာမှာဆိုရင် မိန်းကလေးတွေ ရာသီလာချိန်ဆိုရင် ကျောင်းမတက်နိုင်ကြဘူး။ လစဉ် အနည်းဆုံး လေး၊ ငါးရက်လောက် ကျောင်းပျက်ကြရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ရာသီလာချိန် အခုအခံ၊ အကာအကွယ်တွေ မရှိကြလို့ပဲ။ ယူဂန်ဒါနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ မိန်းကလေးတွေ ရာသီလာချိန်ဆိုရင် တစ်ပတ်၊ ရှစ်ရက်လောက် ကျောင်းကနေခွင့်ယူနေကြတာတွေ ရှိနေတယ်။

မေး - အိုးမဲ့၊ အိမ်မဲ့တွေအတွက် ဘာကြောင့် ဒီလိုလုပ် ပေးချင်စိတ်ပေါ်ခဲ့ရတာလဲ။
ဖြေ - အိုးမဲ့၊ အိမ်မဲ့တွေမှာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရတာပါ။ သူတို့ဘဝတွေဟာ လမ်းဘေးနေတဲ့ တစ်ဦးချင်းဘဝတွေနဲ့တော့ မတူပါဘူး။ အိုးမဲ့၊ အိမ်မဲ့ဆိုတာက အိမ်ပိုင်သာမရှိတာ သူတို့အပေါင်းအသင်း မိတ်ဆွေတွေနဲ့ အခန်းခတွေကို စုပေါင်းပေးပြီး နေထိုင်ကြတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဘဝတွေနဲ့ နေထိုင်ရတဲ့ အမျိုးသမီးတွေမှာ လူကြားသူကြား ရာသီလာတဲ့ ပြဿနာဖြေရှင်းဖို့ဆိုတာ အခက်အခဲတွေရှိပါတယ်။ သူတို့မှာ အကာအကွယ်ပစ္စည်းတွေ အဆင်သင့်ရှိရင် ပြဿနာမရှိပါဘူး။ မရှိသူတွေအတွက် အခက်အခဲတွေဖြစ်ရပါတယ်။

မေး - PERIOD ကို စတင်ထူထောင်ရာမှ အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ရသလဲ။
ဖြေ - ကျွန်မတို့အဖွဲ့အစည်းအနေနဲ့ စတင်ပြီး လှုပ်ရှားချိန်မှာ ပထမဆုံးရင်ဆိုင်ခဲ့ရတာက ငွေကြေးပေါ့။ ကျွန်မတို့က ဘယ်သူတွေ လိုအပ်နေတယ် ဆိုတာကို သိတယ်။ ဒါပေမဲ့ သူတို့ကို ထောက်ပံ့ဖို့ဆိုတာ ကျွန်မတို့ကို အထောက်အပံ့တွေ ရဖို့လည်းလိုတယ်။ ကျွန်မတို့ စတင်လှုပ်ရှားချိန်မှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းထုတ်လုပ်သူတွေနဲ့ ဆွေးနွေးရတယ်။ သူတို့နဲ့ ချိတ်ဆက်မိဖို့ဆိုတာလည်း အလွန်ခက်ခဲခဲ့ပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ပြီး လုပ်ဆောင်ခဲ့ရပါတယ်။

မေး - မင်းတို့လို PERIOD အဖွဲ့မျိုးထူထောင်ချင်တဲ့ အခြားလူငယ်တွေအတွက် ဘာများအကြံပြုချင်သလဲ။
ဖြေ - ကိုယ်လုပ်ချင်တဲ့နယ်ပယ်အကြောင်းကို ကောင်းကောင်းသိအောင် ဦးစွာလေ့လာသင့်ပါတယ်။ ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ဦးစွာအဖြေရှာထားပြီးဖြစ်ရမယ်။ ကိုယ်လုပ်မယ့် အစီအစဉ်တွေဟာ အခြားလုပ်နေတဲ့ အဖွဲ့အစည်းတွေပုံစံအတိုင်း အတူတူပဲဖြစ်နေမယ်ဆိုရင် အများကြီးတွေးပြီး လုပ်ဆောင်နေစရာမလိုပါဘူး။ အခြားလုပ်ငန်းတူ အဖွဲ့တွေနဲ့လည်း ပြိုင်ဆိုင်နေစရာ မလိုပါဘူး။ မပူးပေါင်းနိုင်လည်း ကိစ္စမရှိပါဘူး ကိုယ့်အဖွဲ့နဲ့ ကိုယ်အကောင်းဆုံးလုပ်ဖို့ပါပဲ။ ကိုယ်တိုင်လုပ်နိုင်သလောက်လုပ်ပါ။ ကိုယ်လုပ်လိုက်တာကို ဘယ်လိုတုံ့ပြန်သလဲဆိုတာ နားထောင်ပါ။ ဘယ်လိုတုံ့ပြန်သည်ဖြစ်စေ စိတ်ဓာတ်မကျပါနဲ့။ အကောင်းဆုံးလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါ။ 

မေး - ရှေ့ဆက်ဘာတွေလုပ်ဖို့ စိတ်ကူးထားသလဲ။
ဖြေ - PERIOD ကို ဆက်ပြီးတော့ လှုပ်ရှားသွားမယ်။ ကျွန်မတို့က ၂၀၁၇ ခုနှစ် မေလမှ ရုံးခန်းကို တရားဝင် ဖွင့်ခဲ့ပါတယ်။ ခုဆိုရင် ကျွန်မတို့ အချိန်ပြည့်ဝန်ထမ်းတွေ ငှားပြီးလုပ်နေရတယ်။ ပြည်တွင်းမှာ ရုံးတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားနေရတယ်။ ပြီးတော့ ကင်းဘရစ်ချ်စီးတီးကောင်စီအတွက်လည်း ကျွန်မလုပ်ဦးမယ်။ ကျွန်မ စာအုပ်တစ်အုပ်လည်း ရေးနေတယ်။ The Menstrual Movement ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်မယ်ထင်တယ်။ အဲဒီအမည်နဲ့ပဲ လူငယ်လှုပ်ရှားမှုတစ်ခုကို လုပ်ဖို့ရှိတယ်။ 

အိုကာမိုတိုသည် ၂၀၁၆ ခုနှစ်ကစတင်ပြီး နိုင်ငံရေးတွင် ဝင်ရောက်လှုပ်ရှားရန် ဆုံးဖြတ်လိုက်လေသည်။ သူက ဝင်ငွေနည်းသူများအတွက် အိုးအိမ်များရရှိရေး၊ ရရှိသည့် အိုးအိမ်များကလည်း အဆင့်အတန်းမီရေးတို့အပြင် ရာသီဥတုပြောင်းလဲမှုအပေါ် အစိုးရက အာရုံစိုက်လာစေရေးတို့ကို အလေးထား လုပ်ဆောင်လိုသည်။ ထို့ကြောင့် ယင်းသဘောတရားများနှင့် ပတ်သက်သည့် စာပေတွေကိုလေ့လာရသည်။ အထူးသဖြင့် အင်တာနက် Google ကို အားကိုးပြီး အချက်အလက်များကို စုဆောင်းရှာဖွေဖတ်ခြင်းဖြစ်သည်။ မြို့တော်ကောင်စီဝင်များ၏ အိုးအိမ်ပြဿနာ ကိုင်တွယ်ဖြေရှင်းနေပုံများကို သဘောမကျစရာ တွေ့ရသည်။ သူက မြို့တော်ကောင်စီအနေနှင့် အိုးမဲ့၊ အိမ်မဲ့တို့ဘဝများနှင့် ဝင်ငွေနည်း ပြည်သူများအတွက် ပိုပြီးလုပ်ဆောင်ပေးသင့်သည်ဟု ယူဆပြီး နိုင်ငံထဲတွင် ဝင်ရောက်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူက ပြည်သူတွေထဲ ဆင်းသည်။ ပြည်သူတွေနှင့်တွေ့ပြီး လက်တွေ့ဘဝများကို စုံစမ်းသည်။ ကင်းဘရစ်ချ်တွင် အစိုးရကျောင်းများ၌ တက်နေသည့် ကျောင်းသား ၄၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်းမိသားစုများမှ မွေးဖွားလာခဲ့ကြသူများဖြစ်သည်။ သူတို့ဘဝကို အကောင်းဆုံးလုပ်ဆောင်ပေးချင်သောကြောင့် သူက အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး နိုင်ငံရေးကိုလည်း သီးခြားလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လတွင် စီးတီးကောင်စီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် လူငယ်နာဒင်းမေဇင်နှင့် တွေ့ဆုံစကားပြောဖြစ်သည်။ သူနှင့် နေ့လယ်စာစားရင် စကားပြောစဉ် နာဒင်းကိုယ်တိုင်က “ဘာဖြစ်လို့ မင်းကိုယ်တိုင်က အဖွဲ့အစည်းတစ်ခု ထူထောင်ပြီး စီးတီးကောင်စီမှာ ဝင်ရောက်အရွေးမခံသလဲ”ဟု တိုက်တွန်း ပြောကြားလိုက်ခြင်းကြောင့် နိုင်ငံရေးကို လှုပ်ရှားရန် သူ့စိတ်ကူးတွေက ပိုပြီးခိုင်မာလာခဲ့ရသည်။

သူ့အရွယ် မိန်းကလေးတစ်ယောက်က အဖွဲ့ထောင်ပြီး လှုပ်ရှားရကောင်းမှန်းမသိခဲ့ပေ။ ပြီးတော့ သူက ဘွဲ့လည်းမရသေး။ သို့သော် ကင်းဘရစ်ချ်၏ လူဦးရေ ၃၀ ရာခိုင်နှုန်းမှာ လူငယ်တွေဖြစ်သည်။ သူ့ကို အားပေးထောက်ခံနိုင်သည်ဟု ယုံကြည်ပြီး စီးတီးကောင်စီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။ 

ထိုအချိန်က ကင်းဘရစ်ချ်တွင် လူ ၁၁ ဦးလျှင် ၄ ဦးသာ အိုးနှင့်အိမ်နှင့် နေထိုင်နိုင်ကြသည်။ လမ်းဘေးနေများ၊ အိုးအိမ်တည်းခိုခန်းတို့တွင် ကပ်နေသူတွေ အလွန်များသည်။ သူတို့သည် လမ်းဘေးတွင် ဖြစ်သလို ချက်ပြုတ်စားသောက်နေကြရသည်လည်း ရှိသည်။ အိုကာမိုတိုအနေနှင့် ဤဘဝထဲက ထွက်လာသူဖြစ်သောကြောင့် သူတို့အကြောင်းများကို စာနာပြီး အိုးနဲ့အိမ်နှင့်ဖြစ်စေရန် လမ်းကြောင်းဖော်ပေးလို စိတ်များလည်း ရှိနေခဲ့သည်။

အိုကာမိုတို ပြောသည့် စကားလေးတစ်ခွန်းက စိတ်ဝင်စားစရာဖြစ်သည်။

“ကိုယ်တိုင် မဆင်းရဲဖူးရင် ဆင်းရဲသူတွေရဲ့ အခွင့်အရေးကို ရအောင်လုပ်ပေးဖို့ မလွယ်ပါဘူး” ဆိုသည့်စကားသည် သူ့အတွက် ဘဝနှင့်ရင်းပြီး ရလာသည့် စကားများဖြစ်သည်။ 

 E-01

(Ref: Teen Vogue, Self.com, Allure, Mashable Asia)