News

POST TYPE

YOUTH

အနာဂတ်ကို ပုံဖော်နေသော လူငယ်များ
08-Dec-2018


လီဆာ ရန်ရန်ဟူ

သူ့နာမည်က လီဆာ ရန်ရန်ဟူ (Lisa Ranran Hu) ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွက် Time မဂ္ဂဇင်းကြီး၏ ကမ္ဘာ့အထူးချွန်ဆုံး လူငယ် ၃၀ ထဲတွင် တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခြင်းခံခဲ့ရသူဖြစ်သည်။ 

ရန်ရန်ဟူ၏ ယောကျာ်းဆန်ဆန် နေထိုင်သည့် စတိုင်လ်ကို အနောက်နိုင်ငံသားတွေကကြိုက်ကြသည်။ သို့သော် တရုတ်အဖွဲ့အစည်းက သူ့စတိုင်လ်ကို လက်ခံမရနိုင်သေး။ ထို့ကြောင့်လည်း သူ့ကို “ပုံမှန်မဟုတ်သော လိင်စိတ်ရှိသူ” တစ်ဦးအဖြစ် ချိုးချိုးဖဲ့ဖဲ့ပြောကြသည်။ ဟူတစ်ယောက်  “Escape” ဆိုသည့် ၇၅ မိနစ်စာ ရုပ်ရှင်ဇာတ်လမ်းတိုလေးကို ထုတ်လုပ်လိုစိတ်ဖြစ်သွားသည်။ ထိုရုပ်ရှင် ဇာတ်လမ်းတိုလေးက လိင်ပြောင်း ခွဲစိတ်ထားသူတစ်ယောက်အကြောင်းဖြစ်သည်။ သူ့ကိုယောကျာ်းလား၊ မိန်းမလားဟု သက်သေခံတင်ပြရမည့် အနေအထားဖြစ်လာသောအခါတွင် အခက်ကြုံရပုံများကို ပီပြင်စွာရိုက်ကူးပြထားသည်။

ထိုဇာတ်ကားကို ရန်ရန်ဟူသည် သူငယ်ချင်း ၃၇ ဦးနှင်အတူ ပူးပေါင်းရိုက်ကူးကား ထုတ်လုပ်ခြင်းဖြစ်သည်။ သူတို့ သူငယ်ချင်းတွေအားလုံး ဘေဂျင်းမှ နာမည်ကျော် ရန်မင်းတက္ကသိုလ်တွင် ထိုဇာတ်ကားကို သွားရိုက်ကြသည်။ သူတို့အားလုံး ကျောင်းဝင်းထဲတွင် နေ့စဉ်သွားလာနေကျ သဘာဝအတိုင်း အဝတ်အစားများနှင့်ပင် ထိုဇာတ်ကား ရိုက်ကူးခဲ့သည်။ နောက်ဆုံး သူတို့သူငယ်ချင်းတွေ စုထုတ်သည့် ဇာတ်ကားလေးကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့သည်။ လိင် မခွဲခြားရေး၊ လိင်ခွဲခြားမှုဆန့်ကျင်ရေးတွင် ပီပြင်လွန်းသောကြောင့် ရန်ရန်ဟူ တစ်ယောက် နေ့ချင်း၊ ညချင်း နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်လာသည်။ ထိုစဉ်က သူ့အသက်မှာ ၁၈ နှစ်သာရှိသေးသည်။ သူက-

“လိင်တူချင်း ဆက်ဆံပေါင်းသင်းနေသူတွေရဲ့ ဘဝကို သေသေချာချာမသိဘဲ အကြောင်းမဲ့ မုန်းတီးနေကြသူတွေကို သိစေချင်လို့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်” ဟု Time မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Escape ဇာတ်ကားတိုလေးကို လူကြိုက်များခဲ့ကြသည်။ ထိုကားထဲတွင် ဇာတ်ကောင်အဖြစ် ရိုက်ကူးခဲ့သော ကျန်ယုကျီသည် လိင်ပြောင်းထားသူတစ်ယောက်ဖြစ်သည်။ သူ့ကို ကျောင်းတွင် ယောကျာ်းလား၊ မိန်းမလားဟု ခွဲခြားရန် အနေအထားဖြစ်လာသည့်အခါတွင် ဇာတ်လမ်းတွေက ရှုပ်လာသည်။ လီဆာသည် ထိုကားကိုရိုက်ရန်အတွက် သူငယ်ချင်းတွေနှင့် ပရောဂျက်တစ်ခုလို အစီအစဉ်တွေချသည်။ ကွမ်ကျိုးရှိ လိင်ပြုပြင်ပြောင်းလဲပေးရသည့် နေရာတစ်ခုနှင့် အွန်လိုင်းကချိတ်ဆက်ပြီး အပြန်ပြန်အလှန်လှန် မေးခွန်းတွေ ထုတ်ရသည်။ လိင်ပြောင်းထားသူများ၏ စိတ်ဓာတ်နှင့် ခံစားချက်များကိုလည်း သူက လိုက်မေးပြီးမှ ဤရုပ်ရှင်ကို သရုပ်ဖော်ခြင်းဖြစ်သည်။ 

Escape ရုပ်ရှင်ဇာတ်ကားထွက်လာသည့်အခါတွင် တရုတ်လူ့ဘောင်အတွင်း၌လည်း ရိုက်ခတ်သွားသည်။ လိင်ပြောင်းထားသူတွေမှာရော အခွင့်အရေး မရှိသင့်တော့ဘူးလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ လိင်ပြောင်းလိုက်ခြင်းမှာ ရာဇဝတ်မှုကျူးလွန် တာလားဟူ၍လည်း ဆူညံသွားခဲ့ရသည်။ အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်၏ ရုပ်ရှင်က တရုတ်ကိုသာမက ကမ္ဘာကိုပါ ကိုင်လှုပ်သွားတော့သည်။ 

“ကျွန်မအနေနဲ့ ဇာတ်ကားကို ကြည့်မိပြီး လူတွေ စိတ်ပြောင်းသွားရင် ကျေးဇူးပါပဲ။ လူနည်းစုလေးလို ဖြစ်နေတဲ့ လူတွေအပေါ်မှာလည်း စာနာထောက်ထားဖို့ ပြောချင်တာပါ”ဟုလည်း သူက ဆိုသည်။ 

လီဆာသည် ယခုအခါ UCLA (University of California, Los Angeles) တွင် တက်ရောက် ပညာသင်ကြားနေပြီဖြစ်သည်။ မေဂျာဘာသာအဖြစ် စိတ်ပညာကို လေ့လာနေပြီး မိုင်နာဘာသာရပ်အဖြစ် ရုပ်ရှင်ရိုက်ကူးရေးသင်တန်းများကို တက်နေသည်။ စိတ်ပညာကို သင်ကြားရခြင်းမှာ သူ့အတွေးအမြင်ကို ပိုပြီးချဲ့ထွင်နိုင်ရန် ဖြစ်သည်ဟုဆိုသည်။ လူတွေ၏ စိတ်ကိုသိမှ သူဘာလုပ်ရမည်ဆိုခြင်းကို ကောင်းစွာ ပိုင်းဖြတ်နိုင်မည်ဟု ခံယူထားသည်။ ရုပ်ရှင်သီအိုရီနှင့် သမိုင်းတို့ကိုလည်း သူလေ့လာနေပြီး ဟောလိဝုဒ်နှင့် အမေရိကန် ရုပ်ရှင်အကြောင်းလည်း သူကောင်းစွာ လေ့လာနိုင်မည်ဟု မျှော်လင့်ထားသည်။ သူ့လို ဘေဂျင်းတွင် ကြီးပြင်းခဲ့ရသူ တစ်ယောက်အတွက် အမေရိကန် ပြည်ထောင်စုသို့ရောက်ခိုက် လေ့လာသင်ယူစရာတွေက များလှသည်။ 

ယခုလည်း လီဆာသည် အကြောင်းအရာတစ်ခု ကို ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရန် ပြင်ဆင်နေပြန်သည်။ သူရိုက်ကူးမည့် အကြောင်းအရာမှာ စိတ်ကျန်းမာရေး ချို့တဲ့သူတစ်ဦးနှင့် သူ့ကိုယ်သူ သတ်သေသွားရသည့် အကြောင်းများဖြစ်သည်။ ထို့ကြောင့် သူက စိတ်ကျဝေဒနာ စွဲကပ်နေသူတွေအကြောင်းကို လေ့လာသည်။ သူ့ပရောဂျက်အောင်မြင်ရေးအတွက် သူလက်ရှိ တက်နေသည့် စိတ်ပညာသင်တန်းက သူ့ကိုများစွာ အထောက်အကူပေးသည်။ သို့သော် သူ့ဇာတ်ကားတွင် စိတ်ရောဂါဝေဒနာရှင်အဖြစ် သရုပ်ဆောင်ရမည့် သူမှာ အခက်အခဲတွေအများကြီး ရင်ဆိုင်ရနိုင်သည်။ လီဆာက ရုပ်ရှင်ရိုက်ကူးရာတွင် လိင်ပြောင်းလဲသူ တစ်ဦးအကြောင်းကို ရိုက်ကူးစဉ်ကတည်းက သဘာဝကျမှုကို ဦးစားပေးလွန်းခဲ့သောကြောင့်ဖြစ်သည်။ 

“ကျွန်မက ခုရိုက်မယ့်ကားမှ စိတ်ကျဝေဒနာဆိုတာ ကိုယ့်အမှားကြောင့် ဖြစ်ရတယ်ဆိုတာကို ပြောချင်တာ။ ဆိုလိုချင်တာက စိတ်ကျတယ်ဆိုတာ မရှိဘူးလို့ကို ရုပ်ရှင်ကတစ်ဆင့် ပြောချင်တယ်”ဟု လီဆာက ပြောဆိုသည်။

ဟောလိဝုဒ်လို နေရာတွင် သူကလာပြီး ရုပ်ရှင်တစ်ကား ဖန်တီးမည်ဆိုခြင်းမှာ စွန့်စားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟောလိဝုဒ်က ယောကျာ်း ဒါရိုက်တာတွေ လွှမ်းမိုးထားသောကြောင့်ဖြစ်သည်။ လီဆာက Avatar ဆိုသည့် ရုပ်ရှင်ကားကိုကြည့်ရင်း စိတ်ကူးတွေယဉ်မိသည်။ သူက မဖြစ်နိုင်ဘူးထင်သည့် အရာကို လက်တွေ့ မျက်တွေ့ဘဝတွင် အဖြစ်နိုင်ဆုံး လုပ်ဆောင်ပြရန် စိတ်သန်သဖြင့် သူသာ ရုပ်ရှင်ရိုက်ကူးရမည်ဆိုလျှင် မည်သို့ရိုက်ကူးမည်ဆိုခြင်းကို အကြိမ်ကြိမ် ပုံဖော်ကြည့်မိသည်။ 

“ရုပ်ရှင်ဆိုတာက မှော်ဆန်ဆန်လုပ်ရတဲ့ အလုပ်တစ်ခုပါ။ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်ပြရတာ။ စိတ်ကူးထဲရှိတာကို ရှိသလို ပုံဖော်နိုင်တယ်။ ကျွန်မက စိတ်ကူးကို လက်တွေ့ဖြစ်လာအောင်ပဲ လုပ်ချင်တယ်”ဟု သူက ဆိုသည်။ 

အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက် ညဘက်အပြင်တွင် တစ်ယောက်တည်း လမ်းလျှောက်နေသည်။ စကတ်လေးဝတ်ထားပြီး မျက်နှာတွင် မိတ်ကတ်တွေခြယ်ထားသည်။ ဒေါက်မြင့် ဖိနပ်ကလေးကို စီးထားသည့် ကောင်မလေးနှင့် လမ်းတွင် လူတစ်ယောက် တိုက်မိကြသည်။ “ဆောရီးနော် မိန်းကလေး”ဟု ထိုသူက ပြောပြီး လမ်းဆက်လျှောက်သွားသည်။ ထိုအဖြစ်အပျက်ကို ကြည့်နေသည့် ကျောင်းသားအုပ်စု၏ မျက်နှာတွင် ပျော်ရွှင်သော မျက်နှာပေးများဖြစ်သွားသည်။ သူတို့က “မိန်းကလေး”ဟုပြောပြီး တောင်းပန်သွားသည့် စကတ်ဝတ်ထားသူတို့လည်း ပြုံးပြီးကြည့်နေကြသည်။ 

ထိုအခန်းသည် “Escape”ထဲက ဇာတ်ဝင်ခန်း တစ်ခန်းဖြစ်သည်။ ဘေဂျင်း အထက်တန်းကျောင်းမှာ ကျောင်းသား အုပ်စုတစ်စုက လိင်ပြောင်းလဲထား သူတစ်ဦး၏ဘဝကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ ထို ၇၅ မိနစ်စာကားတိုလေးကို ဘေဂျင်းတွင် ရုံလေးရုံ၌ တင်ပြခဲ့သည်။ မည်သူတွေက မည်သို့ဝေဖန်သည်ဆိုစေ နိုင်ငံတော်ထုတ် သတင်းစာ People’s Daily မှ အကောင်းမြင်သဘောဖြင့် ဝေဖန်ပေးလိုက်ခြင်းက ကျောင်းသားတွေအတွက် အားတက်စရာဖြစ်ခဲ့ရသည်။ 

လီဆာ၏ အောင်မြင်မှုမှာ တစ်ဟုန်ထိုးဖြစ်သည်။ အွန်လိုင်းကတစ်ဆင့် ကော်ပီ ၁၀၀ ရောင်းလိုက်ရသည်။ ဇာတ်ကားကို ရိုက်ကူးသူမှာ အသက် ၁၈ နှစ်သာရှိ သေးသည့် ဟူရန်ရန်ဟု သတင်းတွေက ပေါက်နေသည်။ YouTube တွင်လည်း အင်္ဂလိပ်စာတန်းထိုးဖြင့် တင်သည်။ ကမ္ဘာအထိပေါက်ပြီး ချီးကျူးသံတွေရခဲ့သည်။ 

“ကျွန်မက လိင်ပြောင်းထားသူတွေ၊ ယောကျာ်းလျာ၊ မိန်းမလျာတွေကို လူ့ဘောင်အဖွဲ့အစည်းမှာ အသုံးမဝင်တဲ့ သူတွေအဖြစ် ချိုးနှိမ်တာကို မလိုလားအပ်တဲ့ အရာတစ်ခုအနေနဲ့ ပြောချင်တာပါ။ လူတွေက သူတို့ကိုတွေ့ရင် တစ်မျိုးမြင်ကြတယ်။ ဒီရုပ်ရှင်မှာ သူတို့လည်း သာမန်သူလိုငါလိုပါပဲဆိုတာ ပြောချင်တာ”ဟု လီဆာက ရှင်းပြသည်။ 

ရုပ်ရှင်ကပေါက်သွားပြီး ချီးကျူးအားပေးခြင်း ခံရသည်ဆိုသော်လည်း တရုတ်လူ့ဘောင်၏ ပကတိလောကတွင် ယောကျာ်းလျာ၊ မိန်းမလျာတို့ကို ပြဿနာတစ်ရပ်အနေနှင့် ရှုမြင်နေကြဆဲဖြစ်သည်။ တရုတ် ဥပဒေတွင် လိင်ပြောင်းလဲခွင့်ကို သက်သေခံကတ်ပြားများတွင် ခွင့်ပြုပါသည်။ သို့သော် သူသည် အမှန်တကယ် လိင်ပြောင်းထားသူဖြစ်ရမည်။ ထို့ပြင် အသက် ၂၀ အောက် အရွယ်တွေကို လိင်ပြောင်းလဲခွင့်မပြုထားပေ။ 

လီဆာ၏ Escape ရုပ်ရှင်တိုလေးသည် အောင်မြင်လာသည်ဆိုသော်လည်း တရုတ် အစိုးရက ဖွဲ့စည်းထားသော အွန်လိုင်းအဖွဲ့အစည်း တစ်ခုဖြစ်သည့် China Netcasting Services Association အဖွဲ့က ထိုဇာတ်ကားကို အွန်လိုင်းကတစ်ဆင့် ဖယ်ရှားပစ်ခဲ့သည်။ သူတို့အကြောင်းပြချက်မှာ ဆိုရှယ်လစ်စနစ်၏ ဂုဏ်သိက္ခာများကို ကျဆင်းစေပြီး၊ ဇာတ်လမ်းထဲတွင် ပုံမှန်မဟုတ်သည့် လိင်ဆက်ဆံမှု အခန်းများကို ထည့်သွင်းထားသောကြောင့်ဟု အကြောင်းပြကြသည်။ တရုတ်နိုင်ငံ၏ ၁၉၉၇ ခုနှစ် ဥပဒေအရ လိင်တူချင်းဆက်ဆံမှုကို ခွင့်ပြုထားခြင်းမရှိပေ။ လိင်တူချင်း ဆက်ဆံသူများကိုလည်း စိတ်ပုံမှန်မဟုတ်သူများအဖြစ် သတ်မှတ်ထားသောကြောင့် လီဆာတို့လို လူငယ်တွေက ထိုးဖောက်ပြီး ရုပ်ရှင်ဖြင့် စည်းရုံးသော်လည်း အစိုးရနှင့် ထိပ်တိုက်တွေ့စရာ ဖြစ်ခဲ့ရသည်။ 

ကွမ်ကျိုးလိင်ပြုပြင်ပြောင်းလဲသူများအဖွဲ့က အာဏာပိုင်အဖွဲ့၏ အရေးယူမှုအပေါ် ဝေဖန်ပြစ်တင်ကြသည်။ ဖျော်ဖြေရေးသဘောဖြင့် တင်ပြချက်ကို အရေးယူရန်မသင့်ကြောင်း ပြောကြသည်။ ကျောင်းသားများ ဖန်တီးထားသည့်အနုပညာကို အားပေးရန် ထောက်ပြသော်လည်း အစိုးရကလက်မခံ။ ကျောင်းများတွင် ပြသခြင်းကို ပိတ်ပင်ခဲ့ကြသည်။ ထို့ပြင် ရန်မင်း တက္ကသိုလ်ကိုလည်း ထိုဇာတ်ကားအား ကန့်ကွက်ရန် ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖိအားပေးနေသည်။ သူတို့ကျောင်းဝတ်စုံများကို ကျောင်းသားများက ဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။ 

ကွန်မြူနစ်လူငယ်အဖွဲ့ကလည်း Escape ဇာတ်ကားနှင့် ပတ်သက်ပြီး အချက်နှစ်ချက် ထောက်ပြကာ ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ တစ်ချက်မှာ ချစ်ကြိုက်ခန်းများကို ရိုက်ကူးရာတွင် ကျောင်းယူနီဖောင်းတွေကို ဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ လိင်ပြောင်းလဲခြင်းဆိုသည့် ဝေါဟာရသည် ခေတ်မီလွန်းနေပြီး ဆိုရှယ်လစ်အတွေးအခေါ်ကို ဆန့်ကျင်ရာရောက်နေသောကြောင့်ဖြစ်သည်။

လီဆာကတော့ ရှင်းပါသည်။ “ဘက်မလိုက် ပါနှင့်”ဟု ကြွေးကြော်ထားသည်။ တရုတ်မှတ်တမ်း ရုပ်ရှင်တိုလေးကို သူတင်ဆက်ရခြင်း ရည်ရွယ်ချက်က လိင်ခွဲခြားမှုမရှိ၊ အားလုံးကို လူကိုလူလိုမြင်ပြီး တန်းတူညီမျှ ဆက်ဆံကြရန်သာဖြစ်သည်။ လိင်ပြောင်းခြင်း၊ ယောကျာ်းလျာ၊ မိန်းမလျာဖြစ်ခြင်း၊ လိင်တူဆက်ဆံသည်ဆိုခြင်းများကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွင် ခွဲခြားစရာမလို၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင် ပြောင်းလဲရန်မလို၊ အကြမ်းဖက်နှိမ်ချစရာမလို၊ ဆေးကုသရာတွင် ခွဲခြားစရာမလိုဆိုသည့် သဘောသက်ရောက်စေရန် လှုပ်ရှားတင်ပြနေကြခြင်းသာဖြစ်သည်။ လီဆာက -

“ကျွန်မ မိဘတွေနဲ့ ဆရာတွေက ကျွန်မကို ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ဖို့ပြောပါတယ်။ သူတို့က မိန်းမတစ်ယောက်အနေနဲ့ ရုပ်ရှင်တစ်ခုကို ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး အားပေးကြတယ်”ဟု ပြောကြသည်။ တရုတ်လို အဖွဲ့အစည်းတွင် ဤဇာတ်ကားလို ထိုးဖောက်ထွက်လာသည့် အတွေးအမြင်ကားများ ပေါ်ထွက်လာပြီး အောင်မြင်ခဲ့သော်လည်း လက်တွေ့ရင်ဆိုင်နေရသည့် ပြဿနာမှာ သူ့အတွက် ရင်လေးစရာတွေဖြစ်ခဲ့ရသည်။ 

“ကျွန်မတို့မျိုးဆက်သစ်လူငယ်တွေဟာ အသိဉာဏ် ဗဟုသုတတွေ ပိုရှိဖို့လိုပါတယ်။ ကျွန်မတို့ ပညာရေးလောကကြီး တစ်ခုလုံးကိုလည်း ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ဓာတ်တွေရှိဖို့လိုတယ်။ ဒါပေမဲ့ ကျွန်မတို့ လူငယ်တွေ ဘယ်လောက်ပဲပြုပြင် ပြောင်းလဲမှုတွေ လုပ်နေသည်ဖြစ်စေ ကျွန်မတို့ ပတ်ဝန်းကျင်က မျက်ကွယ်ပြုချင်တာတွေရှိနေတယ်”ဟု သူက ဆိုသည်။

တရုတ်လူ့ဘောင်က မည်မျှတင်းကျပ်စွာ ဘောင်ခတ်ထားသည်ဆိုသော်လည်း အသက် ၂၀ မကျော်သူတွေက သူတို့နည်း၊ သူတို့ဟန်ဖြင့်ရအောင် ဖောက်ထွက်ပြနေသည်။ 

E-01

(Ref: Teen Vogue, Time, The New York Times, People’s Daily)