News

POST TYPE

YOUTH

အလေ့အထကောင်းတစ်ခု တည်ဆောက်ခြင်း
08-Dec-2018


ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာသည်ဟု ပြောကြသည်။ အပြုသဘောဖြင့် လုပ်ဆောင်လိုက်လျှင် ရလဒ်ကောင်းတစ်ခု ထွက်လာနိုင်ပါသလား။ ကိုယ်က မည်သို့စိတ်ဆောင်ပြီး အောင်မြင်စေရန် လုပ်ဆောင်နိုင်သနည်းဆိုခြင်းကို ဆန်းစစ်ရန်လိုပါသည်။

တစ်ခုခုလုပ်တော့မည်ဆိုလျှင် ပန်းတိုင်ရှိရမည်။ ပန်းတိုင်ကို ဦးတည်ထားပြီး လုပ်ဆောင်နိုင်ရမည်။ ပန်းတိုင်ကို ချရေးထားလိုက်ပါ။ ဘာတွေ လိုမည်နည်း။ ငွေဘယ်လောက်လိုမည်နည်း။ လူဘယ်လောက်လို မည်နည်း အကွက်ချကာ တွက်ချက်ပြီး ရေးချထားလိုက်ပါ။

ကိုယ်လုပ်နိုင်သလောက်ကို ဆန်းစစ်ပါ။ ဘာလုပ်မည်နည်း။ ဘာကြောင့် လုပ်မည်နည်း။ ဘယ်လောက် ကြာအောင်လုပ်မည်နည်း။ ကိုယ်တိုင်က မည်မျှပါဝင်လုပ်ဆောင်မည်နည်း။ အကူအညီ မည်မျှယူမည်နည်း။

အချိန်ကို အသုံးချရန်အတွက် စီမံခန့်ခွဲပါ။ အကောင်းဆုံး စီမံခန့်ခွဲနိုင်မှုနှင့် အချိန်ကို အကျိုးအရှိဆုံး အသုံးချနိုင်ခြင်းကသာ တိုးတက်အောင်မြင်စေနိုင်ပါလိမ်မည်။ အချိန်ကို ခန့်ခွဲစီမံနိုင်လျှင် အချိန်မီပြီး နိုင်ပါသည်။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ကိုယ်လုပ်ရမည့်လုပ်ငန်းစဉ်များကို ချရေးလိုက်ပါ။ မည်သည့်အချိန်တွင် မည်မျှအထိ ပြီးစီးနေရမည်ကို ဇယားဆွဲလိုက်ပါ။ သတ်မှတ်ချိန်ရောက်တိုင်း မည်မျှသော အတိုင်းအတာအထိ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သနည်းဆိုခြင်းကို ဆန်းစစ်လိုက်ပါ။

အချိန်ဖြုန်းရာရောက်သည့် ကိစ္စမှန်သမျှ ဖြတ်တောက်လိုက်ပါ။ ဘဝတွင် တန်ဖိုးမဲ့စွာဖြင့် အချိန်တွေ ကုန်ရမည်ကို စိုးရိမ်လိုက်ပါ။ ပျင်းရိစရာကောင်းခြင်းကို အလုပ်ဖြင့် ကုစားသူတွေသာ ကြီးပွားချမ်းသာကြသည်။ ပျင်းစရာကောင်းသည်ဆိုကာ ဖဲဝိုင်း၊ အရက်ဝိုင်းထိုင်သူတွေ မကြီးပွားကြပါ။ 

ဆင်ခြေမပေးပါနှင့်။ ကိုယ်တာဝန်ယူထားသည့် အလုပ်တစ်ခုသည် မပြီးခြင်း၊ မအောင်မြင်ခြင်းသည် ကိုယ်အသုံးမကျခြင်းသာဖြစ်သည်။ အခြားသူကို အပြစ်မလွှဲပါနှင့်။ ကိုယ်တိုင်က ရဲရဲကြီး တာဝန်ခံလိုက်ပါ။ ဘာကြောင့် မအောင်မြင်ရသနည်း၊ မပြီးရသနည်း ဆန်းစစ်လိုက်ပါ။ ပြုပြင်လိုက်ပါ။ ကိုယ့်အားနည်းချက်ကို မြင်လာလျှင် ထပ်မံတာဝန်ယူလိုက်ပါ။

မည်သည့်အတွက်ကြောင့်နှင့်မှ အချိန်မဆွဲပါနှင့်။ ပြီးအောင်လုပ်ရမည့်ကိစ္စကို ပြီးအောင်လုပ်ပြီးမှ နားလိုက်ပါ။ မပြီးသေးဘဲ ပြီးနိုင်ပါတယ်ဟုထင်ကာ အချိန်ဆွဲလိုက်ခြင်းက အလှည့်အပြောင်း၊ အတိမ်းအစောင်း တစ်ခုခုကို ရင်ဆိုင်ရနိုင်ပါသည်။ အလုပ်တွင် ကိုယ့်ဘက်က အလုံခြုံဆုံး၊ အကာအကွယ် အပေးနိုင်ဆုံး၊ အခိုင်အမာ တည်ဆောက်ပြနိုင်ဆုံးဖြစ်ရန် လိုပါသည်။ တွန်းရမည်ကို အားကုန်တွန်းလိုက်ပါ။ ပန်းတိုင်ရောက်သွားမှ နားလိုက်ပါ။

အလုပ်ကို တာဝန်ယူစိတ်ဖြင့် လုပ်တတ်သူတိုင်း ကိုယ့်အလုပ်အပေါ် တာဝန်ခံစိတ်ဖြင့် လုပ်တတ်ပါသည်။ အပြုသဘောဆောင်ပြီး အကောင်းမြင်စိတ်ဖြင့် လုပ်ဆောင်လျှင် အောင်မြင်နိုင်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်မှာ အပြုသဘောဆောင်သည့် အလုပ်ဆိုင်ရာ သဘောထားဖြစ်သည်။ 

E-01