News

POST TYPE

YOUTH

အနာဂတ်ကို ပုံဖော်နေသော လူငယ်များ
01-Dec-2018


ရှစ်ဘီ ဒီ ဂုဇ်မန်း (Shibby de Guzman)

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ဒူတာတေးလို လူကို အန်တုရဲသူမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်နေသည်ဆိုလျှင် သင်မည်သို့ထင်မည်နည်း။ မူးယစ်စစ်ပွဲကို စစ်ကြေညာ ပြီး တွေ့သမျှသတ်ပစ်ဟု အမိန့် ထုတ်ထားသည့် လူကြမ်း သမ္မတကို ဂုဇ်မန်းက ဆန့်ကျင်နေသည်။ ယခုအထိတော့ ဂုဇ်မန်းကို မည်သူမှ ဖမ်းဆီးခြင်းမပြုသေး။ သူက ဒူတာတေးကိုသာမဟုတ် ကွယ်လွန်သွားခဲ့သည့် အာဏာရှင် မားကို့စ်ကိုလည်း ဆန့်ကျင်သူဖြစ်သည်။ 

ဂုဇ်မန်းသည် လည်ပင်းတွင် ဆိုင်းဘုတ်တစ်ခု ချိတ်ကာ၊ လက်ကိုင်စပီလေးတစ်ခုဖြင့် တစ်ကိုယ်တော် လှည့်လည်ဆန္ဒပြတတ်သည်။ အဓိက သူမကျေနပ်သည့် ကိစ္စမှာ မူးယစ်သမားများကို နှိမ်နင်းသည်ဆိုပြီး တရားလက်လွတ် သတ်ဖြတ်နေမှုများဖြစ်သည်။ 

သူက ဆိုရှယ်မီဒီယာကတစ်ဆင့် စာတွေ ရေးတင်သည်။ သူ့ကို ထောက်ခံသူတွေများလာသည်။ ဂုဇ်မန်းနှင့် အဖွဲ့ကို အာဏာပိုင်တွေက ဦးနှောက်ဆေး ခြင်းခံထားရသူတွေဟု စွပ်စွဲသည်။ ကလေးတွေကို မှိုင်းတိုက်ပြီး အစိုးရကို ဆန့်ကျင်ခိုင်းသူများ ရှိနေ သည်ဟု ဝေဖန်ကြခြင်းဖြစ်သည်။ 

“ကျွန်မတို့ဟာ တရားတယ်၊ မတရားဘူး ဆိုတာ လောက်တော့သိတယ်။ ကျွန်မတို့ဟာ မတရားမှုတွေကို တိုက်ပွဲ ဝင်နေတာ” ဟု သူကဆိုသည်။ ဂုဇ်မန်းသည် ဖိလစ်ပိုင်နိုင်ငံမှ လူငယ်တိုင်းကို သူ၏ တိုက်ပွဲဝင်မှု၌ ပါဝင်လာရန် ဖိတ်ခေါ်ထားသည်။ 

“ရှင်တို့သိထားဖို့က ပြည်သူတွေမှာ အခွင့်အရေး ဆိုတာရှိတယ်။ အဲဒီအခွင့်အရေးတွေကို အာဏာပိုင် တွေက ဖောက်ဖျက်စော်ကားနေတယ်ဆိုတာ သိဖို့ လိုတယ်” ဟု သူက ရဲရဲတောက် ပြောကြားခဲ့သည်။ 

သူ့ကို ဖိလစ်ပိုင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မိန်းကလေးတစ်ဦးအနေနှင့် ကမ္ဘာကသိကြသည်။ မားကို့စ် အလောင်းကို ဖိလစ်ပိုင်ပြန်ယူပြီး မြေမြှုပ် သြင်္ဂိုဟ်မည်ဆိုကတည်းက သူက ဆန့်ကျင်တိုက်ပွဲ ဝင်ခဲ့သည်။ ထို့ပြင် ဥပဒေမဲ့ ထင်ရာတရားစီရင်ပြီး ပြည်သူတွေကို သတ်ခွင့်ပေးနေသည့် သမ္မတဒူတာတေးကိုလည်း သူက ဆန့်ကျင်နေသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် Time မဂ္ဂဇင်းကြီးက ကမ္ဘာ့ကျော်ကြားသည့် လူငယ် ၃၀ စာရင်း၌ ထည့်သွင်း ဂုဏ်ပြုပေးခဲ့သည်။

ဂုဇ်မန်းကို ၂၀၀၀ ပြည့်နှစ်တွင် မွေးသည်။ မနီလာစိန့်စကော်လက်စ်တီကာကောလိပ်တွင် ကျောင်းတက်နေသည်။ အသက် ၁၃ နှစ်ကတည်းက မိခင်နှင့်အတူ လူ့အခွင့်အရေးတိုက်ပွဲတွေ ဝင်ခဲ့သည်။ ဒူတာတေးက လူတိုင်းကို တရားမဲ့စီရင်ခိုင်းထားသဖြင့် သူကလည်း လည်ပင်းတွင် “ငါတို့အားလုံး မူးယစ်ဆေးသမားတွေ ဖြစ်နိုင်သည်” ဆိုသည့် စာတမ်းကို ချိတ်ပြီး ဆန္ဒပြနေသူ ဖြစ်သည်။ 

၂၀၁၆ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ဂုဇ်မန်းသည် ဖိလစ်ပိုင်တရားရေးဌာနကို ဆန္ဒပြခဲ့သည်။ ယခင်အာဏာရှင် မားကို့စ်ကို ဖိလစ်ပိုင်တွင် ပြန်လည် မြေမြှုပ်ခွင့်ပြုခဲ့သောကြောင့်ဖြစ်သည်။ ထိုဆန္ဒပြပွဲ ကစပြီး သူ့အရွယ်နှင့် လှုပ်ရှားမှု လုပ်နေသူအဖြစ် ထင်ရှားကာ ဆိုရှယ်မီဒီယာများတွင် ထင်ရှားသွားခဲ့ရသည်။ ထိုအချိန်က အသက် ၁၃ နှစ် ကိုးတန်းသာ ရှိသေးသည်။ သူတို့ကို ကျောင်းတွင် သမိုင်းသင်ကြားရာ၌ မျိုးချစ်စိတ်ဓာတ်ဆိုသည်ကို လွဲမှားစွာ သင်ကြားနေသည်ဟု သူက Facebook ပေါ်တွင် စတင်ဝေဖန်ရေးသားခဲ့သည်။ ထို့ကြောင့် လူတွေက စိတ်ဝင်စားပြီး ဝိုင်းဝန်းဝေဖန်ဆွေးနွေးစရာဖြစ်ခဲ့ရသည်။ ပြည်သူတွေ အားပေးမှုက ဂုဇ်မန်းကို ဆန္ဒထွက်ပြစေရန် အားတစ်ခုဖြစ်လာစေခဲ့သည်။ ကလေးများကို ဆန္ဒထွက်ပြခိုင်းသည်ဆိုကာ သူနေသောကျောင်းကို ကလေးများအား အဓမ္မခိုင်းသည်ဟုလည်း အစိုးရက ဝေဖန်ခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် ဂုဇ်မန်းသည် အခြားဆန္ဒပြ အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ သူတို့က သမ္မတ ဒူတာတေးနှင့် လွှတ်တော်ကို ဆန္ဒပြကြခြင်းဖြစ်သည်။ ပြည်သူတွေကို အဓမ္မသတ်ဖြတ်နေခြင်းများကို ရပ်တန့်ရန် တိုက်ပွဲဝင်နေသည်။ တစ်နည်းအားဖြင့် လူငယ်တွေက အာဏာရှင်နှင့် အာဏာရှင်ဆန်ဆန် စီရင်နေမှုများအား တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ 

၂၀၁၇ ခုနှစ်တွင် Time မဂ္ဂဇင်းတွင် ပါလာပြီး နောက် ဂုဇ်မန်းအကြောင်း လူသိများသွားသည်။ အခြား လူငယ်များလည်း မတရားသည့် အမိန့်အာဏာများကို တိုက်ပွဲဝင်ဆန့်ကျင်ရမည်ဆိုသည့် သဘောတရား များ ကောင်းစွာနားလည်လာပြီး သူနှင့်အတူ ပူးပေါင်း ပါဝင်လာကြသည်။ တစ်နည်းအားဖြင့် ဖိလစ်ပိုင်တွင် ဖိနှိပ်နေသည့် သေနတ်သမား သမ္မတကို မကြောက်မရွံ့ ဖီဆန်အန်တုနေသူ ဂုဇ်မန်းနှင့် လူငယ်တို့မှာ အံ့အားသင့်စရာ သတ္တိခဲလေးတွေသာဖြစ်သည်။



နိုအာ ဂိုလန် (Noa Golan)

နိုအာက အသက် ၁၉ နှစ်သာရှိသေးသည်။ အစ္စရေးနိုင်ငံသူ အမျိုးသမီးလေးက ထူးခြားစွာဖြင့် အစ္စရေး စစ်တပ်ကို ဆန့်ကျင်ပြီး သိမ်းပိုက် နယ်မြေများ ဆန့်ကျင်ရေးလှုပ်ရှားမှုကို လုပ်ဆောင်နေသူ တစ်ဦးဖြစ်လာသည်။ သူက ငယ်စဉ်က အစ္စရေးစစ်တပ် တွင် အမှုထမ်းရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ 

သို့သော် နိုအာတစ်ယောက် ယခုတော့ အစ္စရေးနိုင်ငံ ဟိုင်ဖာအနီးရှိ စစ်တပ်အကျဉ်းထောင် အမှတ် ၃၉၆ တွင် အကျဉ်းစံနေရသည်။ သူ့ကို အစ္စရေးအစိုးရက သစ္စာဖောက်သူရဲဘောကြောင်သူဟု သုံးနှုန်းထားသည်။ သူ့ကို ဘယ်တော့ လွှတ်ပေးမည်မှန်းမသိ။ သူက စစ်မှုထမ်းရန် ငြင်းဆန်နေသောကြောင့် အဖမ်းခံထားရခြင်း ဖြစ်သည်။ 

နိုအာကို နိုင်ငံတကာကဆက်သွယ်သော်လည်း သူ့ကို အဆက်အသွယ်များ ဖြတ်တောက်ထားသည်။ သူ့ကို အနောက်နိုင်ငံ သတင်းထောက်များက မိခင်နှင့် အဒေါ်ဖြစ်သူတို့ကို ကြားခံထားပြီး တိတ်တဆိတ်ဆက်သွယ်ကာ မေးခွန်းများ ဖြေခိုင်းရသည်။ ထို့ကြောင့် ကမ္ဘာက အစ္စရေးမူဝါဒများကို အစ္စရေးလူငယ်များ အပြည့်အဝမထောက်ခံကြကြောင်း သိရှိလာခဲ့ကြရသည်။ 

နိုအာသည် စစ်တပ်က စွပ်စွဲသလို သရဲဘောကြောင်သူမဟုတ်။ တိုင်းပြည်တာဝန်ထမ်းဆောင်ချင် စိတ်ရှိသော်လည်း အသက် ၁၇ နှစ်အရောက်တွင် သူ့ကို စစ်မှုထမ်းရန် ဆင့်ခေါ်ရာ ငြင်းဆိုလိုက်သည်။ သူက အကြမ်းဖက် သတ်ဖြတ်နေမှုများတွင် သူမပါလိုကြောင်း ပြတ်သားစွာဖြင့် ဆန့်ကျင်နေခြင်းဖြစ်သည်။ 

“စစ်ပွဲဟာ အဖြေဆိုရင် ကျွန်မတို့ဟာ မေးခွန်းမှားတွေ အမေးခံနေရသူတွေပါ” ဟုသူက ပြောရုံမက သူငယ်ချင်းတွေထံလည်း ထိုစာတမ်းတွေရေးကာ ပို့စ်ကတ်လေးတွေ ပို့ပေးတတ်သည်။ အစ္စရေးနိုင်ငံတွင် ဘာသာရေးအစွဲကြီးသူတွေကလွဲပြီး စစ်မှုထမ်းရန် ငြင်းဆန်သည့်လူငယ်ရှားသည်။ နိုအာက ပြတ်သားစွာ ငြင်းဆိုလိုက်ခြင်းသည် အစ္စရေးစစ်တပ်အတွက် အရှိုက်ထိုးခံလိုက်ရသလိုဖြစ်သွားသည်။ နိုအာ တစ်ယောက် ယခုလို ဆန့်ကျင်ခုခံလိမ့်မည်ဟူ၍လည်း မည်သူမှ မတွေးထားမိကြပေ။

သူ့ထံတွင် အစ်ကိုနှစ်ယောက်ရှိသည်။ တစ်ယောက်က ၂၉ နှစ်၊ နောက်တစ်ယောက်က ၂၄ နှစ်ဖြစ်သည်။ သူတို့အားလုံး စစ်မှုထမ်းပြီးဖြစ်သည်။ သူတို့က ညီမဖြစ်သူ၏ ဆန့်ကျင်မှုကို ထောက်ခံသည်။ သို့သော် သူတို့ ညီမကို နိုင်ငံရေးအတွေးအခေါ် နုသေးသည်ဟု ဝေဖန်သည်။ 

အစ္စရေးနိုင်ငံတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရန် သတင်းပို့ရသည်။ သို့သော် အစ္စရေသိမ်းပိုက် နယ်မြေများအတွင်းရှိနေသည့် အာရပ်တွေတော့ စစ်မှုထမ်းရန် မဆင့်ခေါ်ပေ။ အမျိုးသားတွေက ၂ နှစ်နှင့် ၈ လ စစ်မှုထမ်းပေးရသည်။ အမျိုး သမီးတွေက ၂ နှစ်စစ်မှုထမ်းရသည်။ လွန်ခဲ့သည့် ၂ နှစ် အတွင်း ဘာသာရေး ခြွင်းချက်ကြောင့်မဟုတ်ဘဲ စစ်မှုထမ်းရန် ငြင်းဆန်သဖြင့် ဖမ်းဆီးထားခြင်းခံရ သော အမျိုးသမီးပေါင်း ၁၀ ဦးရှိ သည်။ 

နိုင်ငံအတွင်း စစ်မှုထမ်းရန် ငြင်းဆန်မှုများ ရှိသည်။ နိုအာတစ်ယောက် ငြင်းဆန်သည့်အခါတွင် အာဏာပိုင် တွေကဖမ်းပြီး ထောင်ချသည်။ စစ်ထဲ သို့ဝင်ရောက်မည့် သူများကို စစ်တပ်က “မင်းတို့ မိသားစုတွေကို ထိခိုက် နာကျင်အောင် လုပ်သူတွေကို သတ်မှာလား” ဟုမေးတတ်သည်။ မည်သူမှ]မသတ်ဘူး} ဟူ၍ ငြင်းဆိုခွင့်မရှိ။ သတ်မည်ဆိုသည့် တစ်သံတည်း ထွက်ကြရသည်။ နိုအာကတော့ မသတ်ဘူးဟု ဗြောင် ပြောသည်။ 

အစ္စရေးစစ်တပ်သည် မည်သို့ငြင်းငြင်း နိုင်ငံရေး ခံယူချက်မျိုးနှင့် ငြင်းဆိုလျှင် လုံးဝခွင့်မလွှတ်တတ်ပေ။ သူတို့က စစ်မှုထမ်းခွင့်သည် ဥပဒေဖြင့်ပြဋ္ဌာန်း ထားခြင်းဖြစ်သောကြောင့် လိုက်နာရမည်သာဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးလောက်ဘာမှအရေးမကြီးဟုလည်း သူတို့ယူဆထားသည်။ 

နိုအာ၏ ငြင်းဆိုမှုကို စစ်တပ်က လုံးဝလက်မခံပေ။ စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူရမည်သာဖြစ်ကြောင်း ပြောကြားသည်။ နှစ်စဉ် ငြင်းဆန် သူမရှိ။ ပြဿနာလည်းမရှိ။ နိုအာက ပြဿနာမရှိ ပြဿနာလာရှာသည်ဟုလည်း သူတို့က ယူဆနေကြသည်။ နိုအာရေးသည့် စာတစ်စောင်တွင် -

“ဒီတိုင်းပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး အတွက် အခြေအနေ ပတ်ဝန်းကျင်အားလုံးက အတူတူပဲ။ အားလုံး တစ်မြေတည်းနေ တစ်ရေတည်းသောက် ကြီးပြင်းလာကြရတာပဲ။ အဲဒါ ဘာဖြစ်လို့ အမုန်းတရားတွေ၊ အကြောက်တရားတွေ ဖြစ်အောင် လုပ်နေကြတာလဲ။ ဘာဖြစ်လို့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ပြီး စိုးမိုးအုပ်ချုပ်နေရသလဲ” ဟု သူက မေးခွန်းပြန်ထုတ်ထားသည်။

ထောင်ထဲတွင် နိုအာသည် စစ်မှုထမ်းရန် ဆန့်ကျင်သည့် အခြားအမျိုးသမီး ၉ ဦးနှင့်အတူ နေရသည်။ သူ့မိသားစုကို နှစ်ပတ်လျှင် တစ်ကြိမ်တွေ့ခွင့်ပြုသည်။ 

“သမီးက အခြေအနေကောင်းပါတယ်။ သူက အပြင်ကနေ သူ့ဆီကို အားပေးတဲ့ စာတွေရောက်တာကို ပြတယ်။ သူတို့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြီး လေ့လာသင်ယူမှုတွေ လုပ်နေပါတယ်”ဟု သူ့မိခင်ကဆိုသည်။ 

နိုအာသည် အီတလီတွင် ကျောင်းသွားတက်သည်။ ပညာတော်သင်ဆုဖြင့်သွားတက်ခြင်းဖြစ်ပြီး သူတက်သည့် အက်ဒရီယာတစ်ကမ္ဘာ့ကောလိပ်တွင် ပါလက်စတိုင်းက ကောင်မလေးတစ်ယောက်နှင့်တွေ့ပြီး သူတို့အကြောင်းတွေကို လေ့လာခွင့်ရခဲ့သည်။ ထို့ကြောင့်လည်း ပါလက်စတိုင်းတို့အပေါ် ကိုယ်ချင်းစာပြီး တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး အမျိုးသမီးလေးများထဲတွင် ရှာမှရှားသည့် သူရဲကောင်း ဆတ်ဆတ်ကြဲလေးဖြစ်သည်။

(Ref: The Independent, Time)