News

POST TYPE

YOUTH

လူငယ်နှင့် စေတနာ့ဝန်ထမ်းအလုပ်
01-Dec-2018


ကမ္ဘာအနှံ့ စေတနာ့ဝန်ထမ်းအလုပ် (Volunteer) ဆိုသည်က လူငယ်များကြားတွင် အလွန်ရေပန်းစားသည့် စကားလုံးတစ်လုံးအဖြစ် တွေ့ရမည်ဖြစ်သည်။ လူတိုင်းသည် ကြင်နာသနားစိတ်၊ ညှာတာထောက်ထားစိတ်များရှိကြသဖြင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တစ်ချိန်ချိန်တွင် စေတနာ့ဝန်ထမ်း လုပ်တတ်သူများ ဖြစ်သွားတတ်ပါသည်။ 

စေတနာ့ဝန်ထမ်း အလုပ်ဆိုသည်မှာ စိန်ခေါ်ခြင်း အခံရဆုံး အလုပ်တစ်ခုဖြစ်သည်။ မထင်မှတ်ဘဲ လုပ်လိုက်သည့်လုပ်ငန်းက ဘဝတွင် ပီတိဖြစ်စရာ အကောင်းဆုံး ဆုလာဘ်တစ်ခုခုကို ခံစားရရှိနိုင်သော်လည်း လူတိုင်းမလုပ်နိုင်သည့် အလုပ်တစ်ခုလည်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်နေစဉ် တာဝန်တစ်ခုခုကို သတ်မှတ်ပေးခြင်းခံရသည်။ ကိုယ်ကျိုးစွန့်ကာ လုပ်ရသော်လည်း ချီးကျူးခံချင်မှ ခံရနိုင်သည်။ မျက်နှာမရ၊ ခြေဖြင့် အကန်ခံရကိန်းလည်း ကြုံကောင်း ကြုံနိုင်သည်။ စိတ်ကောင်းစေတနာကောင်းဖြင့် လုပ်ဆောင်သည်ဆိုသော်လည်း ဝေဖန်မှုကို ခံရကောင်းခံရနိုင်သည်။ ထို့ကြောင့် လူတိုင်းစေတနာ့ဝန်ထမ်း လုပ်ကောင်းလုပ်နိုင်သော်လည်း သတိထားစရာ ကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ စေတနာ့ဝန် ထမ်းလုပ်လိုသူတွေအတွက် အရေးကြီးသည်မှာ

ကြောက်ရွံ့စိတ်ကင်းမဲ့စွာဖြင့် ချဉ်းကပ်ပါ

စေတနာ့ဝန်ထမ်းလုပ်လိုသူတစ်ဦးသည် နယ်ပယ်သစ်တစ်ခုကို ရောက်သွားသလိုဖြစ်သဖြင့် သတ္တိတော့ ရှိရန်လိုသည်။ သာမန်သက်သောင့်သက်သာဖြင့် နေထိုင်ရသည့်အနေအထားတစ်ခုမှ နယ်ပယ်သစ်တစ်ခုကို ရောက်သွားနိုင်သည်၊ ဘာသာစကားအသစ်နှင့် လူမျိုးဘာသာပေါင်းစုံအသစ်ကို ဆက်သွယ်ရမည့် နယ်ပယ်တစ်ခုသို့ ရောက်သွားနိုင်သည်။ တစ်နည်းပြောရလျှင် အချိန်မရွေး ပကတိအရှိတရားတစ်ခုကို ရင်ဆိုင်တတ်ရန်လိုသည်။ မိမိနောက်ကွယ် ကအခြေအနေတွေကို မေ့ထားရမည်။ မိမိအပေါ် မလိုလားသူတွေနှင့်လည်း တွေ့ကောင်းတွေ့နိုင်သည်။ ရိုင်းစိုင်းသူတွေနှင့်လည်း ကြုံကောင်းကြုံနိုင်သည်။ မည်သို့ဆိုသည် မိမိသည် မှန်ရာကို လုပ်မည်ဆိုသည့် စိတ်ဓာတ်ကိုသွင်းပြီး မကြောက်မရွံ့ရင်ဆိုင်တတ်ရန် အရေးကြီးသည်။ ကိုယ့်ခံစားချက်များကိုမေ့ပြီး သူ့ခံစားချက်များကို ထည့်သွင်းစဉ်းစားပေးနိုင်ရန် ကြိုးစားသင့်သည်။ 

စိတ်ရှည်သည်းခံပါ

စေတနာ့ဝန်ထမ်းသမားတစ်ဦးအတွက် အရေးအကြီးဆုံးမှာ စိတ်အရှည်ဆုံး၊ သည်းခံနိုင်စိတ်အရှိဆုံး ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်နှင့် ကိုယ့်စိတ်ကို ဦးစွာပြောင်းလဲလိုက်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ ပထမဆုံး လုပ်ငန်းထဲ ဝင်လိုက်သည်နှင့် စိတ်စေတနာကြောင့် နုတ်မရလောက်အောင် စူးနစ်ဝင်သွားရခြင်းမျိုးကို ရင်ဆိုင်ရတတ်သည်။ ဘာလုပ်လုပ်ကိုယ်ထင်ထားသလို ဖြစ်ချင်မှလည်း ဖြစ်လာပါလိမ့်မည်။ မည်သို့ဆိုစေ စိတ်ရှည် ဇွဲသန်သည်းခံရန်သာဖြစ်သည်။ ထင်သလိုဖြစ်မလာလည်း ငါသည် ငါ့စေတနာဖြင့် ပြောင်းလဲလိုက်မည်ဆိုကာ စိတ်ရှည်ရန်လိုအပ်သည်။

ဖောက်ထွက်တွေးပါ

စေတနာ့ဝန်ထမ်းကောင်းတစ်ယောက်သည် လမ်းညွှန်တတ်သည်။ စီမံခန့်ခွဲ ဆောင်ရွက်နိုင်စွမ်းရှိသည်။ သူတို့ လုပ်ဆောင်သည့်အလုပ်ကို အပြည့်ဝဆုံးလုပ်ဆောင်ပေးချင်မှ ပေးနိုင်ပါလိမ့်မည်။ သို့သော် သူတို့သည် အကောင်းဆုံး လုပ်ဆောင်ပေးမည့်သူများသာဖြစ်သည်။ မြင့်မြတ်သည့်စိတ်ဓာတ်ဖြင့် ဖြေရှင်းရင်ဆိုင်ရန် ဖြစ်သည်။ မိမိတို့လုပ်ဆောင်ရသည့် လုပ်ငန်းများသည် အကျိုးအမြတ်မရှိဟု ခံယူထားပြီးဖြစ်သောကြောင့် ငွေရေးကြေးရေးကိစ္စသည် ကိုယ်ကျိုးအတွက် အရေးမကြီးဟုခံယူထားရမည်။ အရေးကြီးသည်မှာ သာမန်လမ်းရိုးလမ်းဟောင်း အတွေးများထက် ဖောက်ထွက်တွေးတတ်ရန်လိုသည်။ အကောင်းဆုံးမည်သို့ လုပ်ဆောင်ပေးရမည်နည်းဟု စေတနာစိတ်ဖြင့် ဖောက်ထွက်တွေးပြီး ဆောင်ရွက်ပေးလိုက်ပါ။

ကြိုတင်လေ့လာပါ

စေတနာ့ဝန်ထမ်းအလုပ်များသည် များသောအားဖြင့် NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကြရသည်က များသည်။ ထို့ကြောင့် အလုပ်သဘောအရ လူနည်းနည်းနှင့် ကျဲကျဲဝိုင်းကြရသည်က များသည်။ ကိုယ့်ကို ကြီးကြပ်သူအနေနှင့် အလွန်အလုပ်များပြီး ကိုယ့်အပေါ် တာဝန်လွှဲအပ်သွားသည်များလည်း ရှိတတ်သည်။ ထို့ကြောင့် ကိုယ်ကချည်းနောက်လိုက် ဖြစ်ချင်မှဖြစ်မည်၊ တစ်ချိန်ချိန်တွင် ခေါင်းဆောင်ဖြစ် ကောင်းဖြစ်နိုင်ကြောင်း သိထားရမည်။ မိမိလုပ်ငန်းနှင့်ပတ်သက်ပြီး ကြိုတင်လေ့လာထားသင့်ပါသည်။ ကိုယ့်တာဝန်အပြင် သူများတာဝန်တွေကိုပါ ဆောင်ရွက်ရတော့မည်ဟု ခံယူထားရန်ဖြစ်သည်။ ကိုယ်ကျင့် တရားကောင်းမွန်သူများဖြစ်ရေး၊ အနာဂတ်တွင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရေးတို့ကို ကြိုးစားပြီး လေ့လာထားစေလိုပါသည်။

နှိမ့်ချပါ

စေတနာ့ဝန်ထမ်းအလုပ်ဆိုသည်မှာ သူတစ်ပါးကို အကူအညီပေးရန်ဖြစ်ကြောင်း မမေ့သင့်ပါ။ ကိုယ်ကျိုးလုပ်ရန် မဟုတ်၊ အများအကျိုးဆောင်ရန်ဖြစ်ကြောင်း အမြဲသတိမူနေရမည်ဖြစ်သည်။ စေတနာ့ဝန်ထမ်းအလုပ်သည် အတ္တသမားများနှင့် မသင့်လျော်ပါ။ အများအကျိုးဆောင်၍ ကိုယ့်အကျိုးအောင်မည်ဟူ၍လည်း မျှော်လင့်ထားရန် မဖြစ်နိုင်ပါ။ အများအကျိုးဆောင်ရန် သက်သက်သာဖြစ်သင့်ပါသည်။ စေတနာ့ဝန်ထမ်းသမားများသည် အကောင်းမြင်စိတ်ထားများ ရှိရန်လိုပါသည်။ ထို့ကြောင့် ဘာလုပ်ပေးရမည်နည်းဟု ရိုကျိုးစိတ်ဖြင့် အကျိုးဆောင်ပေးရန်သာဖြစ်သည်။ မောက်မာစရာအကြောင်း လုံးဝမရှိသည့် လုပ်ငန်းလည်းဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်မိမိ အတွေ့အကြုံရင့်ကျက်ပြီး ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အကျိုးဆောင်သူတစ်ဦး ဖြစ်လာစေရန်လည်း ကြိုးစားသင့်ပါသည်။ 

အဖွဲ့လိုက်လုပ်ဆောင်ပါ

စေတနာ့ဝန်ထမ်းအလုပ်သည် တစ်ဦးတည်းလုပ်ဆောင်ရမည့် အလုပ်မဟုတ်ပါ။ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်းက အရေးကြီးပါသည်။ စေတနာ့ဝန်ထမ်းအများစုသည် နိုင်ငံရေးအရအတိုက်အခိုက်များနှင့် ရင်ဆိုင်ရတတ်ပါသည်။ ထို့ကြောင့် မိမိတို့လုပ်သမျှသည် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်သင့်ပါသည်။ တစ်ဦးဆောင်သော်မရ၊ အများနှင့် ပူးပေါင်းဆောင်ရွက်ရန်စိတ်ထားမျိုးရှိသူသာ စေတနာ့ဝန်ထမ်းအလုပ်တွင် အောင်မြင်နိုင်ပါလိမ့်မည်။ 

E-01