News

POST TYPE

YOUTH

ပညာရေးနှင့် လူငယ်တို့ မျှော်လင့်ချက်
01-Dec-2018


ကျောင်းတွေက ခေတ်ကိုထင်ဟပ်ပြီး လက်တွေ့အကျိုးရှိစေမည့်ပညာများကို ဘာတွေသင်ကြားပေးနိုင်ခဲ့သနည်းဟု မေးခွန်းများထုတ်လာကြသည်။ ကျောင်းတွေက စာတွေ့တွေသင်ပေးပြီး လက်တွေ့နှင့်ကင်းဝေးခဲ့သော အကျိုးဆက်များကြောင့် ပညာရေးတွင် သံသယများလည်း ဖြစ်လာကြသည်။ 

ကျောင်းတွင် သမိုင်း၊ အင်္ဂလိပ်၊ ဇီဝဗေဒ၊ သင်္ချာ၊ သိပ္ပံစသည့် ဘာသာရပ်များကို လေ့လာခြင်းမှာ ဘဝ တစ်ခုလုံးအတွက် ပြည့်စုံသွားပြီလား။ စာတတ်ခြင်းမှာ လူငယ်တို့ဘဝအတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။ စာတွေကို အလွတ်ရအောင်ကျက်နိုင်ခြင်းက စာတတ်ခြင်းလား။ ဘွဲ့တွေရပြီး လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျမဖြစ်ဆိုသည့် စိန်ခေါ်ချက်တွေက လူငယ်တွေကို စိုးရိမ်သောကဖြစ်စေခဲ့သည်မှာ နှစ်ပေါင်းကြာပြီ။ သူတို့အပေါ် ဖိစီးချက်တွေကများလာသည်။ မိဘတွေက သူတို့အတွက် အများကြီးရင်းနှီးပေးခဲ့ရသည်။ သူတို့လည်း စာတွေ အများကြီး ကျက်ခဲ့ရသည်။ သို့သော် သူတို့ကို အသိအမှတ်ပြုမှုက နိမ့်ကျလာသည်။

လူငယ်တွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးပါ

ပညာသင်ကြားခြင်းသည် ဖိစီးမှုကင်းရမည်။ ကိုယ်ရွေးချယ်မှုအပေါ် ကိုယ်ပျော်ရမည်။ သူများရွေး ချယ်ပေးသည့် ပညာ၊ အမှတ်ကောင်းသောကြောင့် ယူလိုက်ရသည့်ပညာမျိုးမဖြစ်သင့်။ ကိုယ့်ရွေးချယ်မှုအပေါ် ကိုယ်တာဝန်ယူ တာဝန်ခံနိုင်မည့် စိတ်ဓာတ်မျိုးရှိရန်လိုသည်။ ပျော်ရွှင်မှုဆိုသည်မှာ အမှီအခိုကင်းရမည်။ သူများအပေါ် မှီခိုနေရသည့် ပျော်ရွှင်မှုသည် စစ်မှန်သောဘဝတစ်ခုကို မပိုင်ဆိုင်နိုင်သေးဟုဆိုရ မည်။ ငါ့ရွေးချယ်မှုကို ငါလုပ်နိုင်ရမည်ဆိုသည့် စိတ်ဓာတ် မျိုး ရှိစေချင်သည်။

အကောင်းမြင်ပါ

အကောင်းမြင်စိတ်သည် အကောင်းမြင်ဘဝ ကို ဦးဆောင်လမ်းပြသည်။ အကောင်းမြင်စိတ်ဖြင့်သာ အခွင့်အလမ်းကောင်းများစွာကို ရရှိနိုင်သည်။ အခက်အခဲဆိုသည်မှာ ဘဝကို ပိုပြီး ကြံ့ခိုင်သန်စွမ်းစွာဖြင့် ရင်ဆိုင်နိုင်စွမ်းရှိစေသည်။ အခက်အခဲများကို ရင်ဆိုင်ရလာလျှင် စိတ်ဓာတ်မကျဘဲ အကောင်းမြင်စိတ်ဖြင့် ရှေ့ဆက်နိုင်ရန် အရေးကြီးသည်။ အမှတ်ကောင်းကောင်းမရခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ်ပါ။ ကျောင်းတွေက အမှတ်ကောင်း၊ ဂုဏ်ထူးရသူတွေကို ချီးမြှောက် တတ်သည်ဆိုခြင်းမှာ ဘဝတွင် အရေးပါသည့်ကိစ္စတစ်ခု မဟုတ်ပါ။

အဆင့်ထက် လေ့လာပညာရှာခြင်းကို အားပေးပါ

အဆင့်ဆိုသည်မှာ သတ်မှတ်ချက်တစ်ခုသာ ဖြစ်သည်။ အရေးပါသည်ဟု စိတ်ထဲတွင် ဖိစီးမထားစေလိုပါ။ ဘဝတွင် အဆင့်ဆိုသည်မှာ အရေးမပါဟုပြောခြင်းသည် အဆင့်ကောင်းတိုင်း တတ်မြောက်မှု နှင့် မသက်ဆိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ အဆင့် ကောင်းတိုင်း မတတ်ပါ။ ထို့ကြောင့် အရေးကြီးသည် မှာ အမှန်တကယ် လေ့လာခြင်းနှင့် တတ်မြောက်ခြင်း ဖြစ်သည်ကို စိတ်ထဲတွင် မေ့မထားသင့်ပါ။ ယနေ့ ခေတ်သည် အမှတ်ခေတ် မဟုတ်ပါ။ အတတ်ခေတ် ဖြစ်လာကြောင်း သတိမူသင့်ပါသည်။ အရေအတွက် ထက် အရည်အချင်းက ပိုပြီး အရေးကြီးကြောင်း သတိထားသင့်ပါသည်။

လိုက်လျောညီထွေနေတတ်အောင်နေပါ

တိရစ္ဆာန်များသော်မှပင် ရာသီဥတုနှင့် လိုက် လျောညီထွေဖြစ်အောင် နေတတ်သည်။ ကမ္ဘာကြီး တွင် ပြောင်းလဲမှုတွေက အရမ်းများသည်။ ပြောင်းလဲမှုနှင့်အညီ (ခေတ်နှင့်အညီ) နေထိုင်တတ်အောင်ကြိုး စားစေချင်သည်။ နည်းပညာခေတ်တွင် လူငယ်တို့ သည် နည်းပညာအထောက်အကူဖြင့် ပြောင်းလဲတိုး တက်အောင် ကြိုးစားရမည်။ တိုးတက်မှုနှင့် လိုက်လျာ ညီထွေဖြစ်အောင်နေတတ်ရမည်။ ကိုယ်တိုင်က ခေတ်ရေစီးကြောင်းတွင် လိုက်ပါနိုင်အောင်ကြိုးစားရမည်။ လိုက်ပါရန်ဆိုသည်မှာ ငြိမ်ပြီး လိုက်သွားရန်မဟုတ်ပါ။ တီထွင်ကြံဆပြီး လိုက်ပါသွားရန်ဖြစ်သည်။ ခေတ်သစ်တွင် ကွန်ရက်ချိတ်ဆက်ခြင်း၊ နည်းပညာ အဆင့်မြှင့်ခြင်းတို့က အရေးကြီးသည်။ ဖုန်းတစ်လုံး နှင့် ကမ္ဘာပတ်နိုင်သည်ကို မမေ့ထားသင့်ပါ။ နည်းပညာ ကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် ဘဝကို မြှင့်တင်သင့်ပါသည်။

ကိုယ့်ကိုယ်ကိုယ်အားကိုးလိုက်ပါ

ကမ္ဘာကြီးက လူငယ်တို့ မသိလိုက်သည်တို့ကို ပြောင်းလဲနေပါသည်။ နည်းပညာသည် အကျိုးရှိအောင် သုံးနိုင်လျှင် ထိုင်နေရင်းဖြစ်စေ၊ ထသွားရင်းဖြစ်စေ ပညာရနိုင်ပါသည်။ အင်တာနက်ခေတ်ကြီးက ကမ္ဘာကြီးကို မထင်မှတ်သည့် ပြောင်းလဲမှုများကို လုပ်လိုက်သည်။ ကိုယ့်ရှေ့ကို ကမ္ဘာကြီးရောက်လာသည်။ ကမ္ဘာထဲကို ဝင်မည်လား၊ ရွာထဲတွင် နေမည်လား စဉ်းစားသင့်သည်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမှာ ပညာဖြစ်သည်။ ပညာကို လွတ်လပ်စွာလေ့လာပါ။ ကိုယ့်အားကိုယ်ကိုးရန်ဆိုသည်မှာ အင်တာနက်ကလွဲပြီး အခြားနေရာ အကောင်းဆုံးအဖြစ် မတွေ့သေးပါ။

E-01

(Ref: Things we wish the school would have taught us)