News

POST TYPE

YOUTH

လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း
24-Nov-2018
လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း

“ဘာလုပ်မည်ဟု မစီစဉ်ရသေးလျှင် ဘာမှ ဖြစ်လာမည်မဟုတ်”ဟု ဂျင်မက်ကေးဆိုသူက ပြောဖူးသည်။ တစ်ခုခုလုပ်ရန် ကွက်လပ်က စလိုက်မည်။ ကွက်လပ်တွင် တစ်ခုခုချမရေးမချင်း ဘာမှဆက်လုပ်ရန်မဖြစ်ဟု ဆိုလိုခြင်းဖြစ်သည်။ သဘောမှာ ဘာလုပ်လုပ် အစီအစဉ်ဇယားကို တိကျစွာ ရေးသားလုပ်ဆောင်ရန်ဖြစ်သည်။

အစီအစဉ်များကို စနစ်တကျ ရေးဆွဲပြီးလုပ်လျှင် ဘာလုပ်ရမည်ကိုလည်းသိသည်။ ဘာဖြစ်လာနိုင်မည်ကိုလည်း သိသည်။ အလုပ်ကလည်း အလိုလို ရှေ့ဆက်နိုင်သည့် အနေအထားကို ရောက်သွားမည်။ လုပ်ငန်းစဉ်ဇယား မည်သို့ရေးဆွဲသင့်သနည်း။

(၁) ဘာလုပ်မည်ဆိုခြင်းကို အမြဲချရေးလိုက်ပါ။ စိတ်ကူးထဲတွင် မှတ်ထားသည်ဆိုခြင်းမှာ လက်တွေ့တွင် အလုပ်မဖြစ်ပါ။ စိတ်ဆိုသည်မှာ အမျိုးမျိုး ပြောင်းလဲနေနိုင်သည်။ ဘာလုပ်မည်ဆိုခြင်းကို အတိအကျ ရေးချထားလိုက်လျှင် သူ့လုပ်ငန်းစဉ်အတိုင်း လိုက်သွားလိမ့်မည်။ တစ်နေ့တာတွင် အပိုင်းကဏ္ဍ များစွာရှိနေနိုင်သည်။ တစ်ချိန်တည်းတွင် တွန်းလုပ်ရသည်လည်း ရှိမည်၊ အချိန်ဆွဲလုပ်ရသည်လည်း ရှိနိုင်သည်။ အရေးပေါ်ကိစ္စတွေက ဝင်လာနိုင်သည်။ ကိုယ့်အစီအစဉ်ကို မပျက်စေလိုလျှင် ရေးဆွဲချထားရမည်။

(၂) အစီအစဉ်ဇယား ရေးဆွဲပြီးပြီဆိုလျှင် မကြာခဏ စစ်ဆေးကြည့်ရမည်။ တစ်လစာ လုပ်ငန်းစဉ်ကို ရေးဆွဲထားသည်ဆိုလျှင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ ပြန်စစ်ရမည်။ တစ်ပတ်စာ လုပ်ငန်းအစီအစဉ်ဆိုလျှင် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်မှ နှစ်ကြိမ်ခန့် စစ်ဆေးသင့်သည်။ တစ်နေ့စာ အစီအစဉ်ရေးဆွဲထားလျှင် တစ်နာရီတစ်ကြိမ် ပြန်လည် စစ်ဆေးသင့်သည်။ စစ်ဆေးခြင်းဆိုသည်မှာ စိတ်ကိုဆန်းစစ်နေခြင်းဖြစ်သည်။ ငါဘာတွေလုပ်ပြီးပြီလဲဟု ဆန်းစစ်နေခြင်းက ရှေ့ဆက်ရန်ဖြစ်စေသည်။

(၃) ဘာလုပ်လုပ် ကိုယ်လုပ်မည့် အလုပ်၏ အချိန်အတိုင်းအတာကို လုံလောက်အောင် စီမံခန့်ခွဲနိုင်ရမည်။ အလုပ်ဆိုသည်မှာ သူ့အချိန်အတိုင်းအတာအတွင်း သတ်မှတ်ထားသလောက်သာ လုပ်ရမည်။ တစ်နာရီနှင့် ပြီးရမည့်အလုပ်ကို တစ်ရက်အချိန်မဆွဲထားသင့်ဟု ဆိုလိုခြင်းဖြစ်သည်။ အလုပ်တစ်ခုအတွက် အချိန်မည်မျှ လိုသနည်းဆိုခြင်းကိုမသိဘဲ လုပ်ငန်းအချိန်ဇယားကို ဆွဲနိုင်မည်မဟုတ်ပါ။ အချိန်တိုပြီးရမည်ကို အချိန်ဆွဲတတ်ခြင်းက ပြဿနာဖြစ်သည်။ အချိန်ကို အတိအကျမှန်းနိုင်ရမည်။ နည်းလည်းမနည်း၊ များလည်း မများအောင် စီမံခန့်ခွဲနိုင်ခြင်းမှာ အရည်အချင်းတစ်ခုဖြစ်သည်။

(၄) လုပ်နိုင်သလောက် လုပ်ရန်ဖြစ်သည်။ ကိုယ်ခန္ဓာက အစွမ်းရှိသလောက် လုပ်ရန်ဖြစ်သည်။ မနိုင်ဝန်မထမ်းရန်လိုသည်။ ထို့ကြောင့် နိုင်သလောက် လုပ်ရန်သာ အစီအစဉ်များကို ချမှတ်သင့်သည်။ မနက်စောစော လုပ်တတ်လျှင် စောစောထ၍ ပြီးအောင်လုပ်မည်။ နေမြင့်မှ အိပ်ရာထတတ်သူသည် ကြိုတင် ပြင်ဆင်ထားမှုများဖြင့် အစီအစဉ်ကို ပြီးမြောက်အောင် လုပ်နိုင်သည်။ နေမြင့်မှ အိပ်ရာကထသူသည် အလုပ်တွင် စွမ်းအင်လျော့ကျတတ်သည်။ ထို့ကြောင့် နောက်ကျမှ အိပ်နိုင်အောင်ကြိုးစားပြီး မိုးလင်းလျှင် အလုပ်တွေပြီးနေအောင် စီမံထားနိုင်ရမည်။

လုပ်ငန်းတစ်ခုလုပ်ရာတွင် အစီအစဉ်ဇယားကို ကိုယ်တိုင် ရေးဆွဲသည်က အကောင်းဆုံးဖြစ်သည်။ သူများ စီစဉ်ပေးသည့်အထဲတွင် လှုပ်ရှားခြင်းထက် ကိုယ်တိုင်ရေးဆွဲသည့် အစီအစဉ်တွင် ကိုယ်တိုင်လှုပ်ရှားနိုင်အောင် လုပ်ဆောင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

နေ့တစ်နေ့ ကုန်ဆုံးသည်နှင့် ငါဘာတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း သုံးသပ်မည်။ ထိုသုံးသပ်ချက်သည် ကိုယ်ရေးဆွဲထားသည့် လုပ်ငန်းစဉ်ဇယားနှင့်သာ ပိုင်းဖြတ်ရမည်ဖြစ်သည်။ သို့မှသာ ငါမည်မျှလုပ်ဆောင်နိုင်ခဲ့သည်ဆိုခြင်းကို ပိုင်းဖြတ်နိုင်ပါသည်။ 
ဘာလုပ်မည်ကို ကြိုတင်ပြင်ဆင်ကာ အစီအစဉ်များ ချမှတ်ပြီးမှ ခရီးဆက်ခြင်းက ဘဝကို စနစ်ကျစွာဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ပါသည်။

E-01
(Ref: Scheduling Your Work)