News

POST TYPE

YOUTH

လူငယ်နှင့် ရှက်ကြောက်ခြင်း
09-Oct-2016 tagged as လူငယ်ရေးရာ


“ရှက်ကြောက်ခြင်း ဆိုသည်မှာ အတားအဆီး တစ်ခုအနေနှင့် နေရာတိုင်းတွင် ရှိနိုင်ပါသည်။ ထိုအတားအဆီးကို သင်ကိုယ်တိုင် နည်းနည်းချင်း တွန်းပြီး ဖယ်ရှား ပစ်လိုက်နိုင်ပါသည်”

လူငယ်များကို သတိထားကြည့်မိသည်။ လူစုံသည့် နေရာ၊ လူများသည့်နေရာ ရောက်လျှင် စိတ်မသက်မသာ ဖြစ်သွားတတ်သည်။ အတန်းထဲတွင် စာရပါလျက် လက်ထောင်ရန် မဝံ့မရဲ ဖြစ်တတ်သည်။ အတန်း ရှေ့ထွက်ခိုင်းပြီး စကား ပြောခိုင်းလျှင် ကြောက်ဒူးတွေတုန်ပြီး စကား တစ်လုံးမျှ မထွက် ဖြစ်ကုန်ကြသည်။

ထိုအခြင်းအရာများသည် ရှက်ကြောက်ခြင်းဆိုသည့် သဘောတရားများနှင့် ဆက်စပ်နေသည်။ ဘာကြောင့် ရှက်ရသနည်း ဆိုသည့် အကြောင်းတရားကို သိလျှင် ရှက်ခြင်းကိစ္စ လျော့ပါးသွားနိုင်မည် ထင်သည်။

ဘာကြောင့် ရှက်ရသနည်း။ ပြန်မေးကြည့်စေချင်ပါသည်။ ရှက်ရခြင်း အကြောင်းတရား နှစ်ခု ရှိပါသည်။ ပထမ အရှက်တရားသည် စိတ်ကြောင့် ရှက်ခြင်း(Physiologically Shy) အမျိုးအစား ဖြစ်သည်။ ထိုသူမျိုးသည် မွေးလာကတည်းက စိတ်ခံစားမှု အားနည်းတတ်ကြသည်။ စိတ်ဖိစီးမှုလည်း များပြီး ချက်ချင်း မစူး မစမ်း တုံ့ပြန်ပြောဆို တတ်သူများ ဖြစ်သည်။ ထစ်ခနဲ ဆိုလျှင် ပေါက်ကွဲတတ်သည်။

မရှက်တတ်သူများကို လေ့လာ ဆန်းစစ်ကြည့်လျှင် သူတို့သည် သရဲကားလို ကြောက်စရာ ထိတ်လန့်စရာ ကောင်းသည့် ရုပ်ရှင်ကားများကို ကြည့်လျှင်လည်း သူတို့ နှလုံးခုန်နှုန်းတွေ မြန်လာတတ်သည်။ သို့သော် သူတို့တွင် စိတ်ဖိစီးမှုတွေ သိပ်မရှိ။ ချက်ချင်း ကြောက်ရွံ့ စိုးရိမ်စိတ်များ ပျောက်ကွယ် သွားတတ်သည်။

စိတ်ကြောင့် ရှက်ကြောက်ခြင်း ဖြစ်နေသူ လူငယ်များသည် စိတ်ဖိစီးမှုများလျှင် သူတို့ ခံစားမှုသည် အထွတ်အထိပ်ကို ရောက်လာတတ်သည်က များသည်။ စိတ်ဖိစီးလာလျှင် ထိုသူတို့သည် သာမန် လူများထက် တုံ့ပြန်မှုလည်း မြန်တတ်သည်။ စိတ်နောက်ကိုယ်ပါ အမြန်ဆုံး လုပ်ဆောင် တတ်သူများသည် ရှက်ကြောက်ခြင်းကြောင့် စိတ်ဝေဒနာ ခံစားနေရသူများ ဖြစ်ကြောင်းလည်း ပညာရှင်များက ထောက်ပြကြသည်။

လူငယ် ၇ ဦးတွင် ၁ ဦးသည် (Physiologically Shy) ဖြင့် မွေးဖွား လာကြသူများ ဖြစ်ကြသည်။ လူငယ် ၁၅ ရာခိုင်နှုန်းခန့်မှာ အရှက်တရားများဖြင့် စိတ်ခံစား နေရသူများဟု ဆိုနိုင်သော်လည်း ကျောင်းများတွင် ရှက်တတ်သူ လက်ထောင် ဆိုပါက ၆ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်းလည်း လေ့လာ ဆန်းစစ်သူများက ဆိုကြသည်။ တစ်နည်း ဆိုရလျှင် မရှက်တတ်သူများကပါ သူတို့ကိုယ် သူတို့ ရှက်တတ်သူများ ဖြစ်ကြောင်း ဝန်ခံပြောဆို နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်နည်း။

“သူတို့က ပထမဆုံး ရည်းစားနဲ့ ချိန်းတွေ့တာ၊ အလုပ် အင်တာဗျူး ဝင်တွေ့တာ၊ လူရှေ့သူရှေ့ စကားထွက်ပြောရင် ရှက်တတ်တာတွေကို သူတို့ကိုယ် သူတို့ ရှက်တတ်သူတွေလို့ ထင်နေကြတာ”ဟု ဒေါက်တာ လာရီ နယ်လ်ဆန်က ဆိုသည်။ သူက ဆက်ပြီး “ဒါက ဖြစ်ရိုးဖြစ်စဉ်တွေပဲ။ အဲဒီလိုဖြစ်တိုင်း ရှက်တတ်သူလို့ ပြောလို့ မရဘူး”ဟု ဆိုသည်။

ထိုသူမျိုးကို (Physiologically Shy) အမျိုးအစားတွင် မထည့်သင့်ဘဲ ရှက်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နေသူများ (Self-consciously Shy) များဟု သတ်မှတ်နိုင်သည်။ တစ်နည်း ပြောရလျှင် ထိုသူမျိုး လူငယ်များသည် သူတစ်ပါးက သူတို့ကို မည်သို့ ထင်သွားမည်နည်းဟု တွေးကြောက်ကြသူများ ဖြစ်သည်။ အခြေအနေ အချိန်အခါအရ ရှက်ခြင်း သာဖြစ်ပြီး Physiologically Shy သဘောမျိုး မဟုတ်ပေ။

“အချို့ လူငယ်တွေက တကယ်တော့ ရှက်ကြောက်တာ ရောဂါဝေဒနာ တစ်ခုလို ခံစားနေရသူတွေ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖက်သားက သူတို့ကို ဆန့်ကျင်မှာ ဝေဖန်မှာ အပြစ် ပြောမှာကို ကြောက်နေ ရှက်နေကြတာမျိုးတွေလည်း ရှိတတ်ပါတယ်”ဟု လာရီက ရှင်းပြသည်။ 

ရှက်ခြင်း နှစ်မျိုးရှိပါသည်။ Physiologically Shy နှင့် Self-consciously Shy ဟူ၍ဖြစ်သည်။ မိမိကိုယ်မိမိ မည်သည့် အမျိုးအစားတွင် ပါနေသည်ကို ပြန်လည် ဆန်းစစ်ရန် လိုပါသည်။ ရှက်ကြောက်မှုကို အလွယ်တကူ ကုစား ဖျောက်ပစ်နိုင်ပါသည်။ 

အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသူ ကယ်လီ ဆမ်မာကွန်းက -

“ကျွန်မ ငယ်ငယ်က အရမ်း ရှက်တတ်တယ်။ လူကြားထဲ သွားရမှာလည်း ကြောက်တယ်။ လူရှေ့စကား ထွက်ပြောဆိုရင် ဘာပြောရမှန်းကို မသိတော့ဘူး။ ပြန်စဉ်းစား ကြည့်လိုက်တော့ ကိုယ့်ကိုယ်ကိုယ် အရူး လုပ်နေသလို မြင်လာတယ်။ တစ်နေ့ အတန်းရှေ့ကို စကား ထွက်ပြောရမယ့်ကိစ္စ ဖြစ်လာတယ်။ ရှက်ပြီး ရှောင်လို့ ဖြစ်နေမယ့် ကိစ္စမှ မဟုတ်တာ ဒါကြောင့် အတန်းရှေ့ ရဲရဲထွက်ပြီးရင် ဆိုလိုက်တယ်။ အဲဒီကတည်းက မရှက်တော့ဘူး”ဟု သူမက ဆိုသည်။

ကယ်လီကို မရှက်အောင် မည်သို့ ကြံဆောင်ခဲ့သနည်းဟု မေးကြည့်ရာတွင် သူမက-

“ကျွန်မ ဒီအတိုင်းနေလို့ မရတော့ဘူး။ သူငယ်ချင်းတွေနဲ့ လျှောက်ပြီး စကား ပြောကြည့်တယ်။ မသိတာတွေကို မေးကြည့်တယ်။ သူတို့ ပြောတာတွေ မှတ်ထားတယ်။ အပြန်အလှန် ဆွေးနွေးတာတွေ လုပ်ရင်းနဲ့ ရဲတင်းမှုတွေ ရလာတယ်။ ရှက်တယ်ဆိုတာ တစ်ခုခု ပြောလိုက်ရင် မှားသွားမလား၊ ငါ့ကို လှောင်များ လှောင်လေမလားလို့ ထင်မိလို့ပါ။ နောက်တော့ သူတို့ဟာ သူငယ်ချင်းတွေပဲ ရှက်စရာ ကြောက်စရာမှ မလိုတာ။ ငါပြောတဲ့ အချက်တွေဟာ ပိုင်နိုင်မယ် မှန်ကန်မယ် ဆိုရင် သူတို့ကို ကြောက်စရာ မလိုဘူးဆိုတဲ့ အတွေးတွေ ရလာတယ်။ ဒါကြောင့် စိတ်ကို တည်ငြိမ်အောင် ထားပြီး အကောင်းဆုံး ရင်ဆိုင်လိုက်တာ”ဟု ပြောကြားသည့်စကားမှာ အလေးထား စဉ်းစားစရာ ဖြစ်ပါသည်။

ကယ်လီသည် အမှန်တော့ သူ့ကိုယ်သူ ရှက်တတ်သူဟု ထင်နေသည့် Self-consciously Shy အမျိုးအစားတွင် ပါဝင်နေသူ တစ်ဦးဖြစ်သည်။ သူ့အတွက် ရှက်ကြောက်ခြင်း ဆိုသည်မှာ ပြောင်းလဲ ယူနိုင်သည့် အံ့သြဖွယ် ကောင်းသော လှည့်စားမှု တစ်ခုဖြစ်နေသည်။ အမှန်တော့ သူများတွေ၏ ထင်မြင် ယူဆချက်ကို မည်မျှအထိ အလေးထားသင့်သနည်း ဆိုသည့်အချက်အပေါ် အမြင်ကလည်း အရေးကြီးသည်။ ကိုယ့်ကိုယ်ကိုယ် သူများနှင့် သွားပြီး နှိုင်းယှဉ်လိုက်လျှင် ယုံကြည်မှု လျော့နည်း သွားတတ်ပါသည်။ လူတိုင်းကို အထင်ကြီးစရာ မလို သူလိုကိုယ်လို ဆိုသည့် ပိုင်းဖြတ်နိုင်စွမ်းကလည်း အရေးကြီးပါသည်။ ကိုယ့်ကိုယ်ကိုယ် သူများနှင့် မနှိုင်းယှဉ်ပါနှင့်။ ငါက ဘာဆိုသည်မှာ ငါ့အတွက် ပိုပြီး အရေးကြီးကြောင်း သတိပြုရန် လိုသည်။

ရှက်တတ်သူများအတွက် အကြံပြုချင်ပါသည်။

- မိမိကိုယ်မိမိ ပြန်မေးကြည့်စေချင်ပါသည်။ ငါ မည်သူနည်း။ ငါသည် အထူး စပယ်ရှယ် မွေးဖွားထားသော သူလား။
- ကိုယ်က ရှက်နေလျှင် သူများကို စိတ်ထဲတွင် ထည့်တွေးကြည့်လိုက်ပါ။ သူ ဘာကြောင့် မရှက်သလဲ ဆိုသည်ကို တွေးကြည့်ပါ။
- ရှက်သည်ဟု ထင်လျှင် အသက်ပြင်းပြင်း ရှူကြည့်လိုက်ပါ။
- ပြုံးနိုင်အောင် ကြိုးစားကြည့်ပါ။
- စိတ်ကျဉ်းကျပ်နေလျှင် အပြင် တစ်နေရာရာ ထွက်ပြီး လွတ်လပ်စွာ နေထိုင်ကြည့်လိုက်ပါ။
- ရှေ့မတိုးရဲဘူးဟု ထင်နေလျှင် ဘာဖြစ်သလဲ ဆိုသည့် စိတ်ဓာတ်ဖြင့် တစ်လှမ်း တိုးကြည့်လိုက်ပါ။
- လေ့ကျင့်နိုင်ပါသည်။ မရှက် မကြောက်အောင် လေ့ကျင့်နိုင်ပါသည်။
- ဘာကြောင့် ရှက်နေရသလဲ အကြောင်းတရား ပြန်စဉ်းစားပါ။ အကူအညီ တောင်းလျှင်လည်း တောင်းကြည့်လိုက်ပါ။ ကိုယ်က အကူအညီ ပေးနိုင်လျှင်လည်း ပေးကြည့်လိုက်ပါ။
- ဘယ်တော့မှ စိတ်ပျက်ခြင်း အားလျှော့ခြင်း နောက်ဆုတ်ခြင်း မလုပ်လိုက်ပါနှင့်။
မရှက်တတ်ဘူးဟု ထင်နေသူများကိုလည်း အကြံပြုချင်ပါသည်။
-အဘယ်ကြောင့် မရှက်ရသနည်း ဆိုသည့် အကြောင်းကို ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်စေလိုပါသည်။ ဘာကြောင့် ငါသည် မရှက်တတ်သူ ဖြစ်သွား ရသနည်း ဆိုသည့်အချက် ဖြစ်သည်။

ရှက်ကြောက်တတ်သူများကို မရှက်ကြောက် တတ်သူများက လက်တွဲ ခေါ်ယူနိုင်ပါသည်။ သို့သော် ဆောင်ရန် ရှောင်ရန်လေးတွေတော့ သတိထားရမည်။

ဆောင်ရန်မှာ - 

လှုပ်ရှား လုပ်ဆောင်မှုတိုင်း သို့မဟုတ် စကားပြော ပွဲတိုင်းတွင် ပါဝင်နိုင်အောင် ကြိုးစားစေချင်သည်
- ရှက်တတ်သူများကို အားပေး စကားပြောကြားပေးစေလိုသည်။
- ရှက်တတ်သူကို လက်တွဲခေါ်သည့် အနေနှင့် သူနှင့်အတူ လျှောက်လည်သင့်သည်။ လူသစ်များနှင့် တွေ့ဆုံမိတ်ဆက် စကား ပြောနိုင်အောင် ကြိုးစားသင့် သည်။
- ရှက်တတ်သူများတွင် သူတို့၏ သီးခြား အစွမ်းအစလေးများ ရှိတတ်သည်။ ထိုအစွမ်းအစလေးများ ကို ရှာဖွေထားသင့်သည်။ တစ်ချိန်ချိန်တွင် ထုတ်ဖော် ချီးကျူး ပေးနိုင်ပါသည်။
- ရှက်နေ ကြောက်နေသူများ၏ ပြောလာသည့် စကားများကို စိတ်ရှည်စွာ နားထောင် ပေးသင့်ပါသည်။
- မိမိကိုယ်တိုင်က ရိုးသားစွာဖြင့် သူ့ကို ချဉ်းကပ်ကြောင်း စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြသင့်ပါသည်။
- အားပေးစကား ပြောရုံသက်သက် မဟုတ် သူ့ နှုတ်မှ စကားများ သွန်ကျလာသည်အထိ ပြောဆိုလာစေရန် အကူအညီ ပေးသင့်ပါသည်။

ရှောင်ရန်များ -

- ရှက်တတ်သူတွေနှင့် စကားပြောလျှင် သူတို့ ပြောဆိုနေချိန်တွင် စကား ဖြတ်မပြောမိစေရန် သတိ ထားရမည်။
- ရှက်သည်ဟု ပြောလျှင် အဲဒါ ရှက်စရာလား ဆိုသည်ကို ထောက်ပြနိုင်စွမ်း ရှိရမည်။ လူကြားထဲ ထွက်ပြီး စကား ပြောရမည်ကို ရှက်သည်ဟု ပြောလျှင် အဘယ်ကြောင့် ရှက်စရာ မကောင်းကြောင်းကို ထောက်ပြနိုင်စွမ်း ရှိရမည်။
- ရှက်ကြောက်ခြင်း ဆိုသည်မှာ အတွေ့အကြုံ မရှိသေးခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု မရှိသေးခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စေရန် မည်သို့ပြုမူ ဆောင်ရွက်သင့်သည်၊ ခိုင်မာစေရန် အချက်အလက် အထောက်အထားများကို မည်သို့ ရှာဖွေ စုဆောင်းပြီး သိအောင် လုပ်ထားသင့်ကြောင်း ပြောပြနိုင်သည်။ မသိမှုက ရှက်ကြောက်စိတ်ကို ဖြစ်စေကြောင်း ရှင်းပြနိုင်သည်။
- ရှက်သည်ဆိုသော သူငယ်ချင်း သို့မဟုတ် တပည့်အတွက် ဘာက ရှက်စရာ ကောင်းလို့လဲ ဆိုသည့်အဖြေကို ပူးပေါင်းရှာဖွေ လိုက်သည်နှင့် ရှက်စရာမှာ အလိုလို ပျောက်သွားနိုင်ပါသည်။

မောင်ခေတ်
(မှတ်ချက်။ Brigham Young University မှ လူသားရင်းမြစ် ဖွံ့ဖြိုးရေးဌာန တွဲဖက် ပါမောက္ခ ဒေါက်တာ Larry Nelson ၏ Why Am I Shy? ဆောင်းပါးကို အခြေခံပါသည်။)