News

POST TYPE

YOUTH

မကွေးတိုင်းအတွင်းရှိ လူငယ် ၁၅၀၀ အလုပ်အကိုင်ရရှိစေရန် လုပ်ဆောင်မည်
24-Aug-2018
မကွေး၊ ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ် ၁၅၀၀ အတွက် သင်တန်းများပို့ချကာ အလုပ်အကိုင်ရရှိစေရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အလုပ်အကိုင်ကျွမ်းကျင်မှု စီမံကိန်းမန်နေဂျာ ဒေါ်ငြိမ်းငြိမ်းအိက ပြောကြားသည်။

လူငယ်များ အလုပ်အကိုင်ရရှိစေရန်အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၄ နှစ်စီမံကိန်းချမှတ်ထားပြီး ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ ဆံပင်နှင့်မျက်နှာ အလှပြုပြင်မှုသင်တန်း၊ ပန်းရန်ကျွမ်းကျင်မှုသင်တန်းနှင့် အမျိုးသမီးအဝတ်အထည် ချုပ်လုပ်ခြင်းသင်တန်းများကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးပါက အလုပ်အကိုင်ရရှိစေရန် တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များကို ချိတ်ဆက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သက်မွေးပညာနဲ့ ပတ်သက်ပြီး တိုင်းအတွင်းမှ လူငယ်အများအပြား အလုပ်အကိုင်လိုအပ်နေပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေမှာ အရည်အသွေးမီ ထုတ်လုပ်နိုင်ဖို့ ဒီအသက်မွေးကျောင်းပညာ အဆင့်မြင့်သင်ယူထားတဲ့ လူငယ်တွေလိုအပ်ပါတယ်”ဟု မြန်မာနိုင်ငံပုဂ္ဂလိက နည်းပညာနှင့် သက်မွေးပညာသင်ကျောင်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးမင်းမင်းက ပြောပြသည်။

သင်ကြားမည့် သင်တန်းတစ်ခုလျှင် ၃ လကြာ သင်ကြားမည်ဖြစ်ပြီး တိုင်းအတွင်းရှိလူငယ် ၁၅၀၀ ခန့် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရန် ပြုလုပ်မည်ဖြစ်ကြောင်း HELVETAS (မြန်မာ) ထံမှ သိရသည်။
 
R-23


  • VIA