News

POST TYPE

YOUTH

၂၀၁၈ အောင်မြင်သော လူငယ်စွန့်ဦးလုပ်ငန်းရှင်လေးများ
18-Aug-2018 tagged as



အဒဲ အာချာ (Adella Archer)

ဆရာဖြစ်သူ ထရေစီ ကော့ဖ်မန်း ၂၀၁၅ ခုနှစ်က ပန်ကရိကင်ဆာဖြင့် ကွယ်လွန်သွားသောကြောင့် အသက် ၂၇ နှစ်အရွယ် အဒဲအာချာတစ်ယောက် ဆရာဖြစ်သူထံက အမွေကိုဆက်ခံရန် ဆုံးဖြတ်လိုက်သည်။ “ဆရာမက ကျွန်မအပေါ် အတော်လေး လွှမ်းမိုးမှုရှိပါတယ်။ သူ့အတွက် ကျွန်မ တစ်ခုခု လုပ်ပေးချင်ခဲ့မိတယ်” ဟုလည်း သူက ပြောကြားခဲ့သည်။ 

သူ ဤသို့ဆုံးဖြတ်ရန် တွန်းအားတွေကလည်း ဖြစ်လာသည်။ ကော့ဖ်မန်း၏ မိဘတွေက သူ့ကို ဆရာ့အရိုးပြာတွေကို မျှဝေပေးခဲ့သည်။ ထို့ကြောင့် ဆရာ့ခြေရာနင်းမည်ဟု သူက ယတိပြတ်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်က သူသည် တောင်ကာရိုလိုင်းနားရှိ စိန်ထုတ်လုပ်ရေး ဓာတ်ခွဲခန်းတစ်ခုတွင် အလုပ်လုပ်နေသည်။ တစ်နေ့တွင် သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြာမှ စိန်ကို မဖန်တီးနိုင်ဘူးလားဟု သူ့ကို ဆွေးနွေးသည်။ ကာဗွန်ပါသည့် ပစ္စည်းများကို စိန်ဖြစ်အောင်လုပ်နိုင်ကြောင်း သူတို့သိထားကြသည်။ တန်ဖိုးရှိသည့် စိန်ဆိုသော ရတနာကို ပုံစံပြောင်းထုတ်လုပ်ရန် သူတို့စိတ်ကူးနေကြသည်။

ထိုစိတ်ကူးလေးတစ်ချက်ကို အခြေခံပြီး အာချာတစ်ယောက် စိတ်ကူးကို လက်တွေ့ဖြန့်ထုတ်လိုက်ရာ ယနေ့ဆိုလျှင် Eterneva ဆိုသည့် စိန်အတုထုတ်လုပ်သော ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်နေပြီ။ ကုမ္ပဏီကို ထူထောင်ထားသည့် ၈ လတာ ကာလအတွင်း ဖောက်သည်များမှာသည့် အလေးချိန်၊ အရောင်အသွေး၊ ဖြတ်သား၊ အပြင်အဆင်၊ အရွယ်အစားများအတိုင်း ပြုလုပ်ပေးသည့်အပြင် လက်စွပ်၊ လည်ဆွဲ ကြိုက်သည့် ရတနာများကို ဖန်တီးပေးနေသည့် ကုမ္ပဏီကြီးတစ်ခုအဖြစ် နာမည်ကျော်လာခဲ့ရသည်။

သူ့လုပ်ငန်းပေါက်လာမှန်းသိသည့်အခါ အာချာတစ်ယောက် ဈေးကွက်ကို တိုးချဲ့လာခဲ့သည်။ နှစ်ပေါင်း ၃၀ ခန့် ဈေးကွက်သေသလို ဖြစ်နေသည့် စိန်တုလုပ်ငန်းမှာလည်း အာချာ၏ထိုးဖောက်နိုင်စွမ်းကြောင့် ပြန်ပြီး အသက်ဝင်လာရကြောင်း မြောက်အမေရိကတိုက် စိန်တုလုပ်ငန်းအဖွဲ့က ဝန်ခံခဲ့သည်။ အမေရိကတွင် ဈေးကွက်သေသလို ဖြစ်နေသည့် စိန်တုထုတ်လုပ်ရေးလုပ်ငန်းသည် ဝင်ငွေ ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံအထိ တိုးတက်မြင့်မားလာသော လုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့သည်။

Eterneva လုပ်ငန်းသည် အမ်စတာဒန်ရှိ စိန်ထုတ်လုပ်ရေးဓာတ်ခွဲခန်းကတစ်ဆင့် စိန်များကို ထုတ်လုပ်ပေးရာမှ ယခုအခါ အော်စတင်၌ ဓာတ်ခွဲခန်းတစ်ခုကို ဆောက်လုပ်နိုင်ခဲ့သည်။ သူတို့လုပ်ငန်းက ဖောက်သည်၏ စိတ်တိုင်းကျ ပြုပြင်ဖန်တီးပေးရေးဖြစ်သည်။ အဆင့်တိုင်းတွင် ဖောက်သည်၏ စိတ်ကြိုက်အနေအထားအတိုင်း ပြုပြင်ပေးသည်။ ပြီးဆုံးသည်အထိ ဖောက်သည်၏ စိတ်တိုင်းကျအတိုင်း ပြုပြင်ပေးသည်။ တက္ကဆက်ရှိ ထုတ်လုပ်ရေးဌာနသည် ဖောက်သည်တို့၏ အိမ်တံခါးဝအရောက် ပို့ပေးပြီး ဝန်ဆောင်မှုကို ဂရုစိုက်သောကြောင့် သူနှင့်ဆက်သွယ်သူမှန်သမျှ ကျေနပ်မှုများလည်း ရှိကြသည်။

“ကျွန်မက ကျွန်မဖောက်သည်တွေကို အရေးအပါဆုံး ပုဂ္ဂိုလ်တွေလို့ သဘောထားတယ်” ဟု အာချာက ပြောနေခြင်းမှာ သူတို့ကုမ္ပဏီဆောင်ပုဒ်တစ်ခုပမာ ဖြစ်ခဲ့ရသည်။ 

ဆရာဖြစ်သူကို ရည်မှန်းပြီး ကော့ဖ်မန်း၏ အကြိုက်ဆုံးအရောင်ဖြစ်သည့် အဝါရောင်စိန်ကို ဆရာ့အရိုးပြာက ထုတ်လုပ်ပြီး မိသားစုကို လက်ဆောင်ပြန်ပေးခဲ့သည်။ နောက်ပိုင်း ထိုအဝါရောင်စိန်ကို ဖောက်သည်တွေက သဘောကျပြီး သူ့ထံကမှာကြသည်။ အစဉ်အလာအရ စိန်ဖြူကိုသာ လူတွေနှစ်သက်သည်ဟု ထင်ကြသော်လည်း စိန်ပြာ၊ စိန်နီ၊ စိန်စိမ်း၊ စိန်ပန်းရောင်၊ စိန်ဝါနှင့် စိန်နက်တို့ကိုပါ ဖောက်သည်များအလိုကျ ထုတ်လုပ်ပေးခဲ့ရသည်။

သူတို့ထုတ်လုပ်သည့် စိန်တုမှာ စိန်အစစ်ထက်ပင် ဈေးကောင်းပေးပြီး ဝယ်ကြသည်အထိ ဖြစ်ခဲ့ရသည်။ ဒသမ ၅ ကာရက်လျှင် ဒေါ်လာ ၇,၀၀၀ ခန့်ပေးရသည်။ သူတို့ကုမ္ပဏီနှင့် ပြိုင်ဘက်ကုမ္ပဏီ ပေါင်းများစွာ ရှိနေသည့်ကြားမှ Eterneva သည် အောင်မြင်ကျော်ကြားမှုများ ရလာသည်။ သူတို့၏ ဖောက်သည်အပေါ် ဂရုစိုက်ခြင်းကြောင့်လည်း ဖြစ်မည်။ စိန်မှာသော ဖောက်သည်ထံ သူတို့လုပ်ဆောင်နေသည့် အနေအထား၊ ပြန်ကြားစာများ၊ နောက်ဆုံးအဆင့် ဓာတ်ပုံများကို မပြတ်ပို့ပေးနေသည်မှာ သူတို့၏ အကောင်းဆုံး ဝန်ဆောင်မှုဖြစ်ပြီး ကျော်ကြားမှုကို ရစေခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် သူတို့ ကုမ္ပဏီကို စတင်ထူထောင်ပြီးနောက် လအနည်းငယ်အတွင်း မူရင်းအလုပ်က သူတို့ သူငယ်ချင်းနှစ်ယောက် ထွက်လိုက်ကြသည်။ Eterneva တွင် အချိန်ပြည့်ထိုင်ပြီး လုပ်ကြသည်။ ထိုနှစ်ထဲမှာပင် အရောင်းက ဒေါ်လာ ၂၈၀,၀၀၀ ဖြစ်လာသည်။ ၂၀၁၈ ခုနှစ်အတွက် ရထားသည့် အလုပ်တွေက ဒေါ်လာ ၂ သန်းဖိုးရှိသည်။ 

သူတို့အောင်မြင်လာသည့် အကြောင်းများထဲတွင် သေသူတို့၏ အရိုးပြာများကို စိန်အဖြစ် ထုတ်လုပ်ပေးနိုင်ခြင်းကြောင့်လည်းပါသည်။ ကွယ်လွန်သူ၏ အရိုးပြာတွေကို မြှုပ်နှံခြင်း၊ ဖြန့်ပက်လိုက်ခြင်းထက် တန်ဖိုးရှိသော စိန်အဖြစ် ပြုပြင်ပြောင်းလဲပေးနိုင်သည်ဆိုခြင်းက သူတို့အလုပ်ကို စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။ ပူဆွေးသောကရောက်နေသူများအတွက် သူတို့က အကောင်းဆုံး အထိမ်းအမှတ်တစ်ခုအဖြစ် ဖန်တီးပေးနိုင်ခြင်းမှာ လူတိုင်းကိုလည်း စိတ်ချမ်းသာမှုကို ဖြစ်စေခဲ့သည်။ 

စိန်အတုကို အထိမ်းအမှတ်လည်ဆွဲ၊ လက်စွပ်နှင့် ထိန်းသိမ်းစရာတန်ဖိုးရှိ ပစ္စည်းတစ်ခုအဖြစ် ဖန်တီးပေးနိုင်ခဲ့သည့် အာချာ၏စိတ်ကူးသည် သူ့အနာဂတ်ကို ပိုပြီး တောက်ပစေခဲ့သည်။ သူက -

“အမှန်တော့ ကျွန်မက လူတစ်ယောက်နဲ့ တစ်ယောက် ဆက်နွှယ်မှုတွေကို မပျောက်ပျက်သွားစေချင်တာပါ။ အလားတူပဲ ကမ္ဘာလောကကြီးကလည်း ကျွန်မကို သတိရစေချင်လို့ပါ” ဟု သူ့ခံယူချက်ကို ရှင်းပြသည်။



ရှီကီမို (Siqi Mou)

တစ်ယောက် သူ့အသားအရေများ ပြောင်းလဲလာခြင်းကို ကောလိပ်ရောက်မှ စတင်သတိထားမိသည်။ သူ့မျက်နှာတွင် ဝက်ခြံတွေ ထွက်လာသည်။ ထိုဝက်ခြံတွေကြောင့် စိတ်ပျက်အားငယ်ခဲ့ရသည်။ သို့သော် သူ့အားနည်းချက်ကို အားသားချက်တစ်ခုဖြစ်အောင် မည်သို့လုပ်ရမည်နည်းဟု စဉ်းစားသည်။ 

ယခုအခါ အသက် ၂၉ နှစ်ရှိပြီဖြစ်သည့် ရှီကီမိုသည် မျက်နှာတွင် ဝက်ခြံတွေနှင့် စိတ်ပျက်ခဲ့ရပြီး တစ်နှစ်ခန့်အကြာ၌ အင်ဒိုနီးရှားနိုင်ငံ၏ Bloomberg TV အစီအစဉ်တွင် ပါဝင်ခွင့်အတွက် ဒေသတွင်း အလှကုန်လုပ်ငန်းတစ်ခုက သူ့ကိုကမ်းလှမ်းသည်။ ဓာတုပစ္စည်းမပါဝင်သည့် အလှကုန်များဖြင့် သူ့မျက်နှာကို ကုသပေးရန် ဖြစ်သည်။ ရှီကီမိုက လက်မခံခဲ့ပေ။ သို့သော် ၂၀၁၆ ခုနှစ်တွင် သူသဘောတူလိုက်သည်။

ယခုအခါ ရှီကီသည် နယူးယောက်စီးတီးတွင် ကိုယ်ပိုင် အလှကုန်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ သူ့လုပ်ငန်းကိုလည်း HelloAva ဟု အမည်ပေးထားခဲ့သည်။ အမေရိကတွင်ပင် သူ့ဖောက်သည်ပေါင်းက ၄၀,၀၀၀ ခန့်ဖြစ်လာပြီး ၂၀၁၇ ခုနှစ်တွင် သူ့လုပ်ငန်းဝင်ငွေမှာ ဒေါ်လာ ၃၅၀,၀၀၀ ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ယင်းပမာဏ၏ နှစ်ဆဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။ 

HelloAva သည် ကိုယ်ပိုင်ထုတ်လုပ်သည့် ပစ္စည်းမရှိပေ။ သို့သော် သူတို့က ဖောက်သည်တို့၏ အရေပြားဆိုင်ရာ အလှအပထိန်းသိမ်းရေး၊ မည်သို့ ဂရုပြုစောင့်ရှောက်ရေး၊ မည်သည့်ပစ္စည်းများ အသုံးပြုရေးတို့ကို အကြံပေးသည့် လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေခြင်းဖြစ်သည်။ သူတို့ HelloAva ကုမ္ပဏီဝန်ဆောင်မှုကို Facebook ကတစ်ဆင့်လည်း ရယူနိုင်သည်။ Facebook Messenger ကို ဖွင့်ထားပြီး အရေပြားဆိုင်ရာ ပြဿနာများကို သူတို့အား မေးမြန်းနိုင်သည်။ မျက်နှာတွင် ဖြစ်ပေါ်နေသည့် အရေးအကြောင်း၊ အစက်အပြောက်၊ ဝက်ခြံစသည့် ပြဿနာအားလုံးကို သူတို့နှင့် ဆွေးနွေးနိုင်ရန် စီစဉ်ပေးထားသည်။

HelloAva အနေနှင့် လမ်းညွှန်ပေးမည့် အလှကုန်ပစ္စည်းများသည် လိုင်စင်ရ ခိုင်မာသည့် ကုမ္ပဏီများ ထုတ်လုပ်သော ပစ္စည်းများဖြစ်သည်။ သူတို့နှင့် ဆက်သွယ်လာသူများကို မေးခွန်းများ အပြန်အလှန် မေးမြန်းမည်။ မေးမြန်းမှုကိုလည်း နားလည်သူများက ဂရုတစိုက်ဖြေကြားနိုင်စေရန် စီစဉ်ပေးသည်။ HelloAva နှင့် Follow လုပ်ထားသူများမှာ အကြံပြုချက်များရယူပြီး သူတို့ အကြံပေးသည့် အလှကုန်နှင့် ဆေးများကို ဝယ်သုံးခြင်းဖြင့် ကုသမှုကို ခံယူနိုင်စေရန် စီစဉ်ပေးထားသည်။ 

HelloAva အနေနှင့် မိမိတို့ ဖောက်သည်များ၏ ကိုယ်ရေးအချက်များ၊ ဆွေးနွေးချက်များကို ထိန်းသိမ်းပေးထားသည်။ သူတို့ HelloAva နှင့် ယခုအခါ ဆက်သွယ်ထားသော အလှကုန်ပစ္စည်းအမျိုးပေါင်း ၂၀၀၀ ခန့်ရှိသည်။ ကုမ္ပဏီ ၈၀ ခန့်က ထုတ်လုပ်သော ပစ္စည်းများဖြစ်သည်။ ထို့ပြင် သူတို့ကုမ္ပဏီ၏ တိကျသော ဝန်ဆောင်မှုများကြောင့် Danhua Capital, First Cut Ventures, Long Capital Ventures လုပ်ငန်းရှင်ကြီးများက HelloAva တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းအထိ ရင်းနှီးမြှုပ်နှံမှုများ လုပ်လာကြောင်းလည်း တွေ့ရသည်။ 

သူတို့ကုမ္ပဏီသည် လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှိကီမိုက ပြောဆိုသည်။ တစ်နည်းပြောရလျှင် ဈေးကွက်လိုအပ်ချက်ကြောင့် သူတို့ဖြစ်တည်လာသလို၊ ဆိုရှယ်မီဒီယာကို ကောင်းကောင်းအသုံးချပြီး ဝန်ဆောင်မှုကောင်းစွာ ပေးနိုင်ခဲ့ခြင်းကြောင့်လည်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းက တစ်ဆင့်အကြံပြုချက်များကို လူတိုင်းရယူလိုကြ သည်။ အထူးသဖြင့် သူတို့လို ကုမ္ပဏီတစ်ခုအနေနှင့် ရပ်တည်ပြီး ကျောထောက်နောက်ခံရှိသူများကို ပိုပြီး ယုံကြည်ကြသည်။ 

HelloAva နောက်တွင် အလှကုန်လုပ်ငန်းကုမ္ပဏီကြီးတွေ ရှိသည်။ ထို့ကြောင့်လည်း ၂၀၁၇ ခုနှစ်က HelloAva ဝင်ငွေသည် တိုးလာသလို သူတို့နှင့် ဆက်သွယ်သည့် ကုမ္ပဏီများကလည်း အကျိုးအမြတ်များ ရရှိခဲ့သည်။

HelloAva တွင် ပြိုင်ဘက်လုပ်ငန်းများဖြစ်သည့် Proven နှင့် Beauty by Design စသည့် အဖွဲ့တွေ ရှိလာသည်။ သို့သော် သူတို့ အကောင်းဆုံးဝန်ဆောင်မှုများနှင့် ဖောက်သည်များကို ကိုယ့်ထံခေါ်ရန်သာဖြစ်သည်။ 

ရှီကီမိုကတော့ သူ၏ တိုက်ပွဲအကြောင်းနှင့် ပတ်သက်ပြီး ဤသို့ပြောကြားသည်။

“ကျွန်မမှာ အတွေ့အကြုံသာ မရှိခဲ့ဘူးဆိုရင်၊ ကျွန်မ သူတို့ကို ဘာဆိုတာ ပြန်ပြီး အကြံပေးနိုင်မှာ မဟုတ်ဘူး”ဟု ဆိုသည်။

တစ်ချိန်က ကျောင်းသူဘဝတွင် ဝက်ခြံထူခဲ့သော ကောင်မလေးတစ်ယောက်က အခွင့်အရေးကို အခွင့်အလမ်းအဖြစ် ပြောင်းလဲအသုံးချနိုင်ခဲ့ပုံ ဖြစ်ပါသည်။

E-01

(Ref: Bloomberg)

  • TAGS