News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၁၄)
18-Aug-2018


ကွန်ပျူတာခေတ်ဦးက လူငယ်နှစ်ယောက်အကြောင်း

ကွန်ပျူတာခေတ်ဦးတွင် မိုက်ခရိုကွန်ပျူတာများအတွက် BASIC လိုပရိုဂရမ်မျိုးကို မည်သူမှ မရေးသားနိုင်ခဲ့ကြပေ။ ဂိတ်စ်နှင့် အယ်လန်တို့က နောင်တစ်ချိန်တွင် Software Developer ဖြစ်လာကြမည့်သူတွေကို ရှေ့ဆောင်လမ်းပြကာ လုပ်ငန်းတစ်ခုအတွက် standard တစ်ခုကို ဖော်ထုတ်ပြသခဲ့ကြခြင်းဖြစ်သည်။ သူတို့က BASIC နှင့် ပတ်သက်ပြီး တိုးတိုးတိတ်တိတ်သာ ဈေးကွက်ကိုဖော်ထုတ်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ကွန်ပျူတာခန်းအတွင်း တစ်နေ့တစ်နာရီ နှစ်နာရီလောက်သာအိပ်ကာ သူတို့ လုပ်ဆောင်ခဲ့ကြသည်။ လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေချိန်တွင် ဂိတ်စ်သည် PDP-10 ကွန်ပျူတာနောက်တွင် ခေတ္တနားကာလဲလျောင်းတတ်သည်။ များသောအားဖြင့် ကွန်ပျူတာခုံပေါ်တွင် ခေါင်းစိုက်ပြီးအိပ်ပျော်နေတတ်သည်က များသည်။ လန့်နိုးသည်နှင့် ချက်ချင်း ကီးဘုတ်ကို ထရိုက်နေတတ်ပြန်သည်။ 

သူနှင့် အယ်လန်တို့နှစ်ယောက် အိပ်ချိန်ထက် အလုပ်လုပ်ချိန်တွေက ပိုများသည်။ တစ်နေ့ အဆောင်ရှိ ထမင်းစားခန်းတွင် စားသောက်နေစဉ် သူတို့နှစ်ယောက် BASIC တွင်လိုအပ်နေသည့် သင်္ချာနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုနေကြသည်။ ကွန်ပျူတာထဲတွင် ကိန်းဂဏန်များကို ဖြေရှင်းပေးနိုင်သည့် floating point routines နှင့်ပတ်သက်သော ပရိုဂရမ်အသေးစားလေးတစ်ခုအကြောင်းဖြစ်သည်။ သင်္ချာဆိုင်ရာတွက်ချက်မှုအပိုင်းတွင် အပေါင်း၊ အနုတ်၊ အမြောက်၊ အစားဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့် အပိုင်းကိုဖြစ်သည်။ ဂိတ်စ်ရော အယ်လန်ပါ ထိုပရိုဂရမ်အတွဲကို မည်သို့ရေးရမှန်းသိကြသည်။ သို့သော် သူတို့က ထိုပရိုဂရမ်လောက်ကိုရေးပြီး အချိန်အကုန်မခံနိုင်ကြတော့။ 

စားပွဲတွင်ထိုင်ရင်း အခြားကျောင်းသားတစ်ယောက်ဖြစ်သည့် မွန်တီဒါဗီဒေါ့ဖ်၏ floating point routines အကြောင်း ပြောပြချက်များကို သူတို့နားထောင်နေကြသည်။ ဒါဗီဒေါ့ဖ်ပြောတာတွေက သူတို့အာရုံကို ဖမ်းစားထားသည်။ “ကျွန်တော် ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိတယ်” ဟု သူကပြောလိုက်သည်။

ဂိတ်စ်နှင့် အယ်လန်တို့က ထိုအကြောင်းကို ပိုသိချင်သေးသည်။ ဒါဗီဒေါ့ဖ်နှင့် ပြောလိုက်ရသည့် အခိုက်အတန့်လေးအတွင်း သူတို့က Altair ကွန်ပျူတာအတွက် သူတို့လုပ်ဆောင်နေသည့် ပရောဂျက်အကြောင်းကို ပြောပြလိုက်သည်။ ဒါဗီဒေါ့ဖ်ကလည်း သူကူညီမည်ဟု ပြောလိုက်သည်။ နောက်ရက်အတော်ကြာမှ သူတို့နှစ်ယောက် လုပ်ငန်းထဲသို့လာရန် ဖိတ်ခေါ်ခံရသည်။ သို့သော် အလုပ်လာလုပ်ရန်သာပြောပြီး လုပ်ခအကြောင်းတော့ လေသံမဟခဲ့ပေ။ ယခု ကာလီဖိုးနီးယားရှိ Cupertino ကွန်ပျူတာနှင့် အီလက်ထရွန်နစ်တွင် လုပ်ကိုင်နေသည့် ဒါဗီဒေါ့ဖ်က ထိုအကြောင်းနှင့်ပတ်သက်ပြီး -

“ကျွန်တော်တို့က နှုတ်နဲ့ခေါ်ပြီး လေနဲ့သဘောတူညီထားကြတာ။ သူတို့က ဒီကိစ္စတွေဟာ ပိုက်ဆံပေးမှခေါ်လို့ရတယ်ဆိုတာ သိပုံမရဘူး။ သူတို့က ငွေရှာဖို့ပဲသိပြီး ငွေပေးဖို့တော့ မသိပေမယ့် သူတို့ကို ကျွန်တော် ယုံကြည်လို့ ဘာကတိမှမရလည်း ဝင်လုပ်ခဲ့တယ်” ဟု ပြန်ပြောပြသည်။

ဂိတ်စ်ကဲ့သို့ပင် ဒါဗီဒေါ့ဖ်လည်း ကျောင်းကိုပစ်ပြီး ပရောဂျက်တွင်သာအချိန်ပြည့်လုပ်နေတော့သည်။ အမှန်တော့ ဒါဗီဒေါ့ဖ်သည် BASIC တွင်ပါဝင်ခဲ့သော်လည်း အမေ့ခံတစ်ယောက်ဖြစ်ခဲ့ရသည်။ နောက်နှစ်အနည်းငယ်အကြာတွင် ဂိတ်စ်တစ်ယောက် နိုင်ငံတွင်းထုတ် မဂ္ဂဇင်းများ၏ မျက်နှာဖုံးတွင်ပါလာသည်။ သတင်းထောက်တွေကလည်း ဟားဗတ်ကျောင်းမှထွက်ပြီး သူငယ်ချင်းအယ်လန်နှင့်ပေါင်းကာ BASIC ကို လုပ်ငန်းသုံးအတွက် တီထွင်ပြီး ချမ်းသာနာမည်ကျော်သွားပုံတွေက ရေးမကုန်နိုင်လောက်အောင်ဖြစ်သည်။ သို့သော်ထိုအထဲတွင် ဒါဗင်ဒေါ့ဖ် အကြောင်းတစ်လုံးမျှပင်မတွေ့ရ။ သူ့အကြောင်းကို Fire in the Valley ဆိုသည့် စာအုပ်ထဲတွင်သာ အနည်းငယ်တွေ့လိုက်ရသည်။ သူ့ပထမအမည် Monte ကိုပင် ထိုစာအုပ်ထဲတွင် Marty ဟုမှားပြီး ပေါင်းထားသေးသည်။

“TIME မဂ္ဂဇင်းကြီးရဲ့အဖုံးမှာ ကျွန်တော် ဂိတ်စ်ရဲ့ပုံကို ပထမဦးဆုံးမြင်လိုက်ပြီး အဲဒါကိုရေးတာသူနဲ့ ပေါလ်တို့ပဲပါတယ် ကျွန်တော့်နာမည်ကိုတော့ မဖော်ပြထားဘူး။ နည်းနည်းတော့ စိတ်ပျက်သွားမိတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး”ဟု ဒါဗီဒေါ့ဖ်က ပြောကြားခဲ့သည်။ 

ဂိတ်စ်နှင့် အယ်လန်တို့ ဒါဗီဒေါ့ဖ်ကိုခေါ်လိုက်ချိန်က သူတို့လုပ်ဆောင်နေသည်မှာ လေးပတ်ခန့်သာ ရှိသေးသည်။ သူတို့ Popular Electronics ထဲတွင် ဖော်ပြထားသည့် ဆောင်းပါးအတွင်း မပါသည့် Altair ကွန်ပျူတာအကြောင်းနှင့်ပတ်သက်ပြီး MITS ရှိ အင်ဂျင်နီယာများနှင့် အကြိမ်များစွာ စကားပြောကြသည်။ ရောဘတ်ကလည်း သူတို့နှစ်ယောက် Albuquerque သို့လာပြီး BASIC အကြောင်း ရှင်းလင်းသရုပ်ပြမည်ကို သိချင်နေသည်။ ဂိတ်စ်က ရောဘတ်ကို နောက်သုံးလေးပတ်အတွင်းလာပြီး BASIC  ကိုပြမည်ဟု ပြောလိုက်သည်။ သူတို့အနေနှင့် ဘယ်အချိန်ပြီးရမည်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ဂိတ်စ်ကတိခံထားသည်က သုံးလေးပတ်အတွင်းဖြစ်သည်။ သို့သော် နောက်ထပ် လေးပတ်ထပ်ကြာပြီး ရှစ်ပတ်ဖြစ်သွားသည်။ သူတို့လိုချင်သည့် အတိုင်းအတာမရမချင်း ပြန်လုပ်နေသောကြောင့် ဖြစ်သည်။ သူတို့တွင် Altair ကွန်ပျူတာမရှိသော ကြောင့် ဤမျှကြာသွားရခြင်းဖြစ်ကြောင်း ပြောကြသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် သူတို့အသင့်ဖြစ်နေကြပြီ။ အယ်လန်က တစ်ညနေခင်းတွင် ရောဘတ်ကို တွေ့ဆုံရန် ချိန်းလိုက်သည်။ ဂိတ်စ်ကတော့ သူ့သူငယ်ချင်းကို အိမ်ပြန်တစ်ရေးတစ်မောအိပ်ပြီး နောက်တစ်နေ့မှ တွေ့ရန်ပြောသည်။ ဂိတ်စ်သည် ကွန်ပျူတာခန်းတွင်ဆက်နေပြီး ပရိုဂရမ်ကို နောက်ဆုံးအကြိမ်အထိ အမှားကင်းရန် ပြန်စစ်နေသည်။ သူက ဘော့စ်တွန်ရှိ လိုဂန်နိုင်ငံတကာလေဆိပ်သို့ နောက်တစ်နေ့နံနက် အချိန်မီအရောက်လာခဲ့မည်ဟု ပြောထားသည်။ 

Albuquerque သို့ လေယာဉ်ဆိုက်ခါနီးတွင် အယ်လန်က ရုတ်တရက် “O My God” ဟု ထအော်လိုက်သည်။ သူ့ကိုဘေးမှ ခရီးသည်တစ်ယောက်က စိုက်ကြည့်နေသည်။ သူနှင့် ဂိတ်စ်တို့ Bootstrap ကိုရေးရန် မေ့နေကြသည်။ Bootstrap ဆိုသည်မှာ Altair ကွန်ပျူတာက BASIC ပရိုဂရမ်ကိုသိစေရန်အတွက် စတင်ပေးရမည့် Instruction များ ဖြစ်သည်။ ၈၀၈၀ နှင့်ပတ်သက်ပြီး machine language တွေကို စက္ကူအပိုင်းအစများပေါ်တွင် ချရေးကြရသည်။ အယ်လန်တစ်ယောက် ဂျက်လေယာဉ်ပြေးလမ်းပေါ်တွင် ဘီးတွေကို ချလုလုအချိန်တွင်မှ ရေးပြီးသွားသည်။ (နောက်ပိုင်း အယ်လန်နှင့် အမြဲတမ်းပြိုင်ဘက်ဖြစ်နေသည့် ဂိတ်စ်တို့ ပရိုဂရမ်အတွက် အတိုဆုံးနှင့် အထိရောက်ဆုံး loader ကို မည်သူရေးခဲ့ကြောင်း ပြောကြငြင်းကြလျှင် ဂိတ်စ်သာအနိုင်ရသည်)

အက်ရောဘတ်သည် အယ်လန်ကို လေဆိပ်တွင် လာတွေ့သည်။ သူက ပစ်ကပ်ကားကြီးကို မောင်းလာသည်။ Albuquerque သို့ ရောက်ချိန်အထိ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသေး။ သူ့ကို ရောဘတ်က MITS သို့ ခေါ်သွားမည်ကိုတော့ စိုးရိမ်နေမိသည်။ 

MITS (Micro Instrumentations & Telemetry Systems) ကုမ္ပဏီသည် Route 66 တွင် အခြေစိုက်ထားပြီး မြို့တွင်းရှိ စတိုးဆိုင်ကြီးများအတွက် ကွန်ပျူတာဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးနေရသည်။ အလှပြင်ဆိုင်များမှသည် ပင်းမင်းဆိုင်များအထိ ဝန်ဆောင်မှုပေးနေရသော ကုမ္ပဏီကြီးလည်း ဖြစ်သည်။ ရောဘတ်က နောက်တစ်နေ့နံနက်တွင် BASIC ကို စမ်းသပ်ရန် အယ်လန်နှင့် တွေ့မည်ဟု ပြောလိုက်သည်။ လေဆိပ်နှင့် မဝေးသည့် ဈေးကြီးသော ဟိုတယ်တစ်ခုတွင် သူ့ကိုကားမောင်းပို့ပေးသည်။ အနာဂတ်သူဌေးလောင်းဖြစ်လာမည့် အယ်လန်တွင် ထိုဟိုတယ်တည်းခိုခ ပေးစရာပိုက်ဆံမပါလာ။ သို့ဖြစ်ရာ ရောဘတ်ထံမှ ပိုက်ဆံချေးရတော့သည်။ 

ထိုညတွင် အယ်လန်သည် စိုးရိမ်ပူပန်စွာဖြင့် ဂိတ်စ်ကို ကင်းဘရစ်ချ်သို့လာရန် လှမ်းခေါ်သည်။ သူ့ကို လေဆိပ်သို့လာကြိုသည့် လူအကြောင်း၊ သူ့ထံတွင် ပိုက်ဆံမရှိတော့သည့်အကြောင်းတွေလည်း ပါသည်။ သို့ဖြစ်ရာ ယနေ့ညနေတွင်ပင် သူ့ကိုလာတွေ့ရန် ချိန်းလိုက်သည်။ သူတို့နှစ်ယောက်စလုံး စိတ်ပူပန်နေကြသလို၊ စိုးရိမ်နေကြသည်။ သူတို့ ဆက်သွယ်လုပ်ကိုင်ရမည့် ကုမ္ပဏီက အောင်မြင်နေသည့် လုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ သူတို့ အချိန်လာဖြုန်းသလို ဖြစ်နေမည်လား။

နောက်တစ်နေ့နံနက်တွင် ရောဘတ်သည် အယ်လန်ကို လာခေါ်သည်။ သူတို့ MITS သို့ ပြန်လာကြသည်။ BASIC ကို သူတို့ စမ်းသပ်ကြမည်။ Code တွေကို စက္ကူအစအနများပေါ်တွင် ရေးလာကြသည်။ အများပြည်သူသုံးရန် ထုတ်ရောင်းသည့် Altair ကွန်ပျူတာနှင့် MITS တွင်ရှိနေသည့် ကွန်ပျူတာများ ပုံစံနှင့် အနေအထားမတူညီကြပေ။ Altair ကွန်ပျူတာတွေက Memory 7K နှင့် Run ကြသည်။ မြင်ကွင်းက Teletype ဖြစ်သည်။ အယ်လန်ကလည်း မော်နီတာမြင်ကွင်းဖြင့်လုပ်ထားသည့် Altair ၏ Output တွေကို နားမလည်။ သို့သော် Altair က စက္ကူတိပ်တွေကိုဖတ်နိုင်သည့် Tape Reader တွေနှင့် ချိတ်ဆက်နိုင်သည်။ အယ်လန်က BASIC တိပ်ကို တိုက်ရိုက် စက်ဖြင့်ချိတ်ဆက်လိုက်သည်။ သူ့တွင် Loader ပရိုဂရမ်ကလည်း ရှိနေပြီ။ သို့သော် သူတို့စမ်းသပ်ခဲ့သည့် ကွန်ပျူတာနှင့် ယခုကွန်ပျူတာက Sequence ချင်းမတူ။ Altair ၏ Sequence က ပျမ်းမျှ အဆ ၃၀၀၀၀ လောက်မြန်နေသည်။ 

အယ်လန်အနေနှင့် ယခုမှ Altair ကို ကိုင်ဖူးခြင်းဖြစ်သည်။ ဂိတ်စ်နှင့်သူ ကြိမ်ဖန်များစွာ 8080 ပုံစံတူ Chip များဖြင့် စမ်းသပ်ခဲ့ကြသည်။ ထိုစဉ်က အောင်မြင်နေပြီး ယခုလက်တွေ့လုပ်ချိန်တွင် ဘာမှပေါ်မလာ။ အယ်လန်တစ်ယောက် ဒုက္ခရောက်နေသည်။ 

ရုတ်တရက် Altair ကွန်ပျူတာက အသက်ဝင်လာသည်။ Memory size? ဟုမေးသည်။ အယ်လန်က 7K ဟု ရိုက်ထည့်ပေးလိုက်သည်။ ကွန်ပျူတာကလည်း အသင့်ဖြစ်နေကြောင်းပြောသည်။ အယ်လန်က “print 2 + 2” ဟု ရိုက်ထည့်ပေးလိုက်သည်။ Altair က ၄ ဟု အဖြေပြန်ပေးသည်။ 

“သူတို့ကွန်ပျူတာနဲ့ အလုပ်လုပ်နေမှန်းသိတော့ အဲဒီကလူတွေ ကြက်သေသေသွားတယ်။ ကွန်ပျူတာ ကုမ္ပဏီတစ်ခုအနေနဲ့ ရိုက်စားခွင်တစ်ခု ထပ်ရသွားတာပေါ့။ ကျွန်တော်လည်း ကိုယ်လုပ်ခဲ့တာတစ်ခုက အောင်မြင်နေတာတွေ့လိုက်ရတော့ စိတ်ထဲမှာပျော်သွားပေမယ့် ထိန်းပြီးအံ့ဩပုံမပေါက်အောင် ဟန်ဆောင်လိုက်ရတယ်”ဟု အယ်လန်က နောက်ပိုင်းတွင် ပြန်ပြောပြသည်။ 

သူတို့တီထွင်ထားသည့်ကွန်ပျူတာ၏ သမိုင်းဝင်အဖြစ်အပျက်နှင့်ပတ်သက်ပြီး ရောဘတ်ကလည်း “ကျွန်တော် မျက်လုံးတွေပြာသွားတယ်။ တကယ့်ကို လေးစားဂုဏ်ယူစရာကောင်းပါတယ်။ Altair ဟာ တကယ်တော့ System တွေ ရှုပ်ထွေးလှပါတယ်။ သူတို့ ဒီလိုမျိုး တစ်ခါမှမတွေ့ဖူးကြဘူး။ ကျွန်တော် ကွန်ပျူတာပရိုဂရမ်တွေများစွာနဲ့ ကြုံဖူးပေမယ့် ခုတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော်တို့ ဘာဆက်လုပ်ရမယ်ဆိုတာ မြင်သွားတယ်”ဟု ပြန်ပြောပြသည်။ 

ထိုနေ့တွင် အယ်လန်တစ်ယောက် 101 ကွန်ပျူတာ ဂိမ်းစာအုပ်တစ်အုပ်ကိုရသွားသည်။ Altair ကွန်ပျူတာပေါ်တွင် လပေါ်သို့ ယာဉ်ဆင်းသက်ရသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ ထိုဂိမ်းပရိုဂရမ်သည် လိတ်ဆိုက်တွင်ရှိစဉ်က ဂိတ်စ်ရေးခဲ့သည့် ဂိမ်းပရိုဂရမ်နှင့် အတော်လေးဆင်တူသည်။ လပေါ်သို့ သတ်မှတ်ထားသည့် လောင်စာမကုန်မီ အချိန်မီယာဉ်ဆင်းသက်နိုင်စေရန် တီထွင်ဖန်တီးရေးသားထားသည့် ဂိမ်းတစ်ခုဖြစ်သည်။ ထိုဂိမ်းသည် နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်၏ BASIC ပရိုဂရမ်ဖြင့် ပထမဦးဆုံးရေးသားသည့် ဂိမ်းဖြစ်လာသည်။ 

ထိုအချိန်တွင် Popular Computer ဆိုသည့် စကားလုံးကခေတ်စားလာသည်။ PC တော်လှန်ရေးက စတင်ခဲ့ပြီ။ ဂိတ်စ်နှင့် အယ်လန်တို့သည် ထိုနည်းပညာတော်လှန်ရေးတွင် မီးရှို့ပေးသူတွေဖြစ်လာသည်။ ထိုမီးက တောမီးပမာ နည်းပညာလောကကို တောက်လောင်ကျွမ်းစေခဲ့သည်။ သူတို့စတင်လိုက်သည့် မဖြစ်စလောက် ပရိုဂရမ်လေးဖြင့် Santa Clara Valley သည် Silicon Valley ဖြစ်လာသည်။ ဂိတ်စ်ကိုလည်း အမေရိကန်သမိုင်းတွင် အသက်အငယ်ဆုံး ဘီလျံနာသူဌေးကြီးတစ်ယောက်ဖြစ်စေခဲ့ပါသည်။

E-01