News

POST TYPE

YOUTH

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများအတွင်း အမေရိကန်သံတမန်၏ကားကို လက်နက်ကိုင်လူတစ်စုတိုက်ခိုက်
07-Aug-2018


ဒက္ကား ဩဂုတ် ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် စနေနေ့ညက အမေရိကန်သံအမတ်၏ ယာဉ်တန်းကို လက်နက်ကိုင်လူတစ်စုက တိုက်ခိုက်ခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သံအမတ်ကြီးမာဆီယာဘာနီကက်နှင့် သူမ၏ လုံခြုံရေးအဖွဲ့မှာ အန္တရာယ်မရှိဘဲ လွတ်မြောက်သွားသော်လည်း ကားနှစ်စီး ပျက်စီးသွားခဲ့သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းသားထောင်ပေါင်းများစွာ ဆန္ဒပြမှု သီတင်းတစ်ပတ်ရှိလာချိန်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က ဆန္ဒပြသူများကို ဖြိုခွဲရန်ရဲများက မျက်ရည်ယိုဓာတ်ငွေ့များကို အသုံးပြုခဲ့သည်။ လမ်းပေါ် အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဆန္ဒပြသူအနည်းဆုံး ၅၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့သည်။

အာဏာရပါတီနှင့် ပတ်သက်သော နိုင်ငံရေးအုပ်စုများက ပါတီရုံးများဆီသို့ ချီတက်လာသော ကျောင်းသားများကို ရိုက်နှက်ခဲ့ကြသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ ပြီးခဲ့သောနှစ်ရက်အတွင်း တုတ်များကိုင်ဆောင်ကာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသော အမည်မသိ လူအုပ်စုများက ဆန္ဒပြကျောင်းသားများကို ဝင်ရောက်တိုက်ခိုက် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အရေအတွက် ဒါဇင်နှင့်ချီ၍ ထိုခိုက်ဒဏ်ရာရခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်စဉ်များတွင် ဆန္ဒပြသူများအား တိုက်ခိုက်ခဲ့ခြင်းကို ရှင်းလင်းချက်ပေးရန် ကျောင်းသားများက တောင်းဆိုလျက်ရှိသည်။

ကျောင်းသားများ အကြမ်းဖက်ခံရမှုကို ပြစ်တင်ရှုတ်ချလိုက်သော အမေရိကန်သံအမတ်က “ဒီမိုကရေစီအခွင့်အရေးကို ကျင့်သုံးပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျောင်းသားလူငယ်တွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်မှုကို ဘယ်ကိစ္စနဲ့မှ အကြောင်းပြလို့မရပါဘူး” ဟု ပြောကြားသွားသည်။

ထိုအတောအတွင်း အာဏာပိုင်များ၏ ကိုင်တွယ်ပုံများကို မီဒီယာအင်တာဗျူးတွင် ပြစ်တင်ဝေဖန်ခဲ့သော လူ့အခွင့်အရေးလှုပ်ရှားသူ ဓာတ်ပုံသတင်းထောက် ရှာဟီဒူးအလမ်ကို Facebook ပို့စ်များနှင့်ပတ်သက်၍ ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဝါမီလိခ်ပါတီမှ အတွင်းရေးမှူး အိုဘေဒူကပ်ဒါကမူ ကျောင်းသားများက စတင်တိုက်ခိုက်သောကြောင့် ပါတီဝင်များက ခုခံကာကွယ်ခြင်းသာဖြစ်သည်ဟု ပြောကြားသည်။ “ပါတီရုံးထဲကို သူတို့ဝင်လာရင် ကျုပ်တို့က အနမ်းပေးပြီး ကြိုရမှာလား” ၎င်းကဆိုသည်။

ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာက ဆန္ဒပြမှုများ လုံလောက်နေပြီဖြစ်ရာ ဆန္ဒပြသူများအိမ်ပြန်ကြပါဟု တိုက်တွန်းလိုက်ပြီး လမ်းအန္တရာယ်ကင်းရှင်းရေးစီမံချက်ကို စတင်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက လုံခြုံရေးတာဝန်ရှိသူများ၏ သည်းခံမှုသည် အကန့်အသတ်ရှိကြောင်းနှင့် ဘောင်ကျော်လာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။

အစိုးရက ကျောင်းသားတို့၏ ဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေနှင့် စနေနေ့က 3G နှင့် 4G အင်တာနက်လိုင်းများကို ၂၄ နာရီကြာ ရပ်ဆိုင်းပစ်ခဲ့သည်။

F-04