News

POST TYPE

YOUTH

အသက် ၂၀ အောက် ထွန်းပေါက်ခဲ့သူများ (၃)
04-Aug-2018



Isabella Dymalovski

အစ္စဘဲလားသည် အသက် ၁၆ နှစ်သားရှိသေးသည့် စီးပွားရေးလုပ်ငန်းရှင်လေးတစ်ဦး ဖြစ်လာသည်။ သူက Luv Ur Skin ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသည်။ သူ့လုပ်ငန်းက သဘာဝအတိုင်း အသားအရေကို ထိန်းသိမ်းထားနိုင်စေမည့်နည်းများနှင့် လိမ်းဆေးများကို ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။ သဘာဝဆေးဖက်ဝင်အပင်များက ထုတ်သည့် လူးဆေးသည် နာမည်ကျော်သွားပြီး လုပ်ငန်းရှင်ကြီး ဖြစ်ခဲ့ရသည်။ အလှကုန်လုပ်ငန်းအဖြစ် ခန္ဓာကိုယ်လိမ်းဆေး၊ နှုတ်ခမ်း အရောင်တင်ဆီ၊ လက်သည်းဆိုးဆေးများကို ထုတ်လုပ်လျက်ရှိသည်။ 

သူက ဘရော့ဒ်ဝေးလိုနေရာတွင် သူ့ကိုယ်ပိုင်ဆိုင်ခန်းကြီးတစ်ခုကို ဖွင့်လှစ်နိုင်သည်အထိ ကြိုးစားမည်ဆိုသော စိတ်ဓာတ်ဖြင့် လုပ်ကိုင်နေသည်။ သူ၏ အလုပ်နှင့်ပတ်သက်သည့် အကြံပြုချက်က တစ်ခွန်းတည်းဖြစ်သည်။ “နားထောင်ပါ” ဟူ၍ဖြစ်သည်။ သူဘာကို နားထောင်ခိုင်းသနည်းတွေးကြည့်ကြစေချင်သည်။



Benjamin Kapelushnik

ဘင်ဂျမင်သည် အသက် ၁၈ နှစ်သာရှိသေးသည်။ Sneakerdom.com ဆိုသည့်လုပ်ငန်းကို ထူထောင်ထားနိုင်သူတစ်ယောက် ဖြစ်နေပြီ။ သူထူထောင်ထားသည့်  Sneakerdom.com သည် အွန်လိုင်းအရောင်း ဌာနတစ်ခုဖြစ်သည်။ သူ့ရောင်းကုန်တွေက ရှားပါးပစ္စည်း လူငယ်အသုံးအဆောင်များဖြစ်သည်။ ကန့်သတ်ထုတ်ထားပြီး နာမည်ကြီးသူများသာ သုံးဆောင်လေ့ရှိသော ဖိနပ်၊ ဦးထုပ်၊ အင်္ကျီ စသည်တို့ကို မှာသူတို့အလိုကျ ရှာဖွေပြီး ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားသည်။ သူ့အွန်လိုင်းအရောင်းဌာနကို နာမည်ကျော် ဒီဂျေသမားတွေပင် ဆက်သွယ်ပြီး ပစ္စည်းတွေမှာနေကြရသည်။ ယခုနှစ်အတွက် သူ့အရောင်းမှာ ဒေါ်လာတစ်သန်းကျော် ရှိနေပြီ။

သူ ဘာကြောင့် အောင်မြင်လာသနည်းနှင့် အောင်မြင်ရန်လမ်းညွှန်မှာ ရိုးရိုးလေးဖြစ်သည်။

“ကျွန်တော့်အမေက ကျွန်တော့်ကိုပြောတဲ့အတိုင်း လိုက်လုပ်တာပါပဲ။ အမေက ကိုယ့်စိတ်ကူးအတိုင်း လိုက်လုပ်၊ ကိုယ်သန်ရာ ကိုယ်လုပ်လို့ ပြောတယ်။ ကျွန်တော် အဲဒီအတိုင်း လိုက်လုပ်ခဲ့တာပဲ”



Logan Guleff

လိုဂန်သည် အသက် ၁၆ နှစ်သာရှိသေးသည်။ သူသည် အစားအသောက် စွန့်ဦးလုပ်ငန်းရှင်တစ်ဦးအဖြစ် နာမည်ကျော်သည်။ Logan’s Rub ပြိုင်ပွဲတွင် အနိုင်ရရှိထားသူတစ်ဦးလည်း ဖြစ်သည်။ သူက Logan’s Rub ဆိုသည့် အစားအစာတစ်မျိုးကို တီထွင်နိုင်ခဲ့သည်။ အမဲသားကင်နှင့် ကြက်ဥကိုရော စပ်ထားသည့် အစားအစာတစ်မျိုးဖြစ်သည်။ သူက မြေအောက်လျှို့ဝှက်ပါတီပွဲလေးများတွင် လိုက်ပြီး လက်စွမ်းပြချက်ပြုတ်ပေးရသည်။ 

သူ့ရည်မှန်းချက်ကို သူက ထုတ်ပြောရာတွင် အသက် ၂၀ လောက်၌ ကိုယ်ပိုင်အစားအသောက်လိုင်း သန့်သန့် ပြသသည့် ရုပ်သံအစီအစဉ်တစ်ခုကို ထူထောင်ရန်ဖြစ်သည်ဟုဆိုသည်။ သူက ချက်နည်းပြုတ်နည်း စာအုပ်တွေကိုလည်း ရေးသားရောင်းချရန် စီစဉ်ထားသည်။ တစ်နေ့တွင် သူတီထွင်ထားသော ချက်ပြုတ်နည်းများကို စားဖိုမှူးတိုင်း လိုက်ပြီးချက်ပြုတ်စေရမည်ဟု ဆိုသည်။ ထို့ပြင်ဖြစ်နိုင်လျှင် NASA အဖွဲ့နှင့်အတူ အင်္ဂါဂြိုဟ်ပေါ်အထိ လိုက်ပြီးချက်ပြုတ်ပေးဦးမည်ဟု ဆိုသည်။ အာကာသခရီးသွားခေတ်တွင် အာကာသခရီး၌ စားဖိုမှူးအဖြစ် တာဝန်ထမ်းဆောင်ချင်သည်ဟု သူက ဆိုသည်။ သူ့ဝါဒက -

“ကျွန်တော့်အမေက ကျွန်တော့်ကို မင်းစိတ်ကူးထဲမှာရှိတဲ့အတိုင်းလုပ်လို့ အမြဲအားပေးတယ်။ ကျွန်တော်က ကိုယ့်စံနှုန်းအတိုင်း တီထွင်နိုင်အောင် ကြိုးစားပြီး ခိုင်မာအောင်လုပ်မယ်”



Aaron Easaw

အေရွန်သည် ACE Venture Capital လုပ်ငန်းကို ထူထောင်ထားသူဖြစ်ပြီး အသက်က ၂၀ ဖြစ်သည်။ သူ့လုပ်ငန်းက ရင်းနှီးမြှုပ်နှံလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် စွန့်ဦးလုပ်ငန်းရှင်များကို အထောက်အကူပေးရန်ဖြစ်သည်။ လုပ်ငန်းများကို မည်သို့ အောင်မြင်စေရန် လုပ်ဆောင်သင့်ကြောင်း သူ့ထံက အကြံဉာဏ်တွေ ယူကြရသည်။

သူက ဘာလုပ်လုပ် အများနှင့်မတူအောင် လုပ်ငန်းကို ဖောက်ထွက်လုပ်ဆောင်တတ်စေရန် အကြံပြုတတ်သည်။ ထို့ကြောင့်လည်း လုပ်ငန်းရှင်တွေက သူ့ကို စိတ်ဝင်စားစွာဖြင့် ဆက်သွယ်ကြသည်။ သူ့အကြံပြုချက်က“အတိတ်မှာ မနေခဲ့နဲ့။ ခင်ဗျားတို့အမှားတွေကို သင်ခန်းစာယူလိုက်ပြီး ရှေ့ဆက်နိုင်အောင် ကြိုးစား” ဖြစ်သည်။



Benjamin Stern

ဘင်ဂျမင်သည် အသက် ၁၉ နှစ်သာရှိသေးသည်။ Nohbo ကုမ္ပဏီကို ထူထောင်ထားသည်။ Nohbo သည် တစ်ကိုယ်ရေသုံးပစ္စည်းများကို ထုတ်လုပ်သည်။ ခေါင်းလျှော်ရည်၊ ဆံပင်အလှဆီ၊ ကိုယ်ခန္ဓာသန့်စင်ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဆပ်ပြာဆီများထုတ်လုပ်သည်။ သူ့အနာဂတ်ရည်မှန်းချက်က

“ဒါပဲလုပ်မယ်။ လုပ်ငန်းကို တိုးတက်အောင် ထပ်ပြီးထူထောင်မယ်။ အောင်မြင်လာရင်လည်းရသမျှကို လုပ်ငန်းထဲမှာပဲ ပြန်ပြီးမြှုပ်နှံမယ်” ဖြစ်သည်။

သူ့ကိုလုပ်ငန်းနှင့်ပတ်သက်ပြီး အကြံပြုခိုင်းရာတွင် -

“ဘာမှလုပ်မပြရသေးပဲ ဘာကောင်မှမဟုတ်ဘူးလို့ ကျွန်တော့်ရှေ့နေက ရည်ညွှန်းတဲ့စကားလေးကိုပဲ ကိုးကားပြောချင်ပါတယ်” ဟု သူကဆိုသည်။



Ollie Forsyth

အိုလီသည် ယခု အသက် ၂၀ ရှိပြီ။ Budding Entrepreneur Club ကို ထူထောင်ထားသည်။ သူ့ကလပ်တွင် စွန့်ဦးလုပ်ငန်းရှင်တွေ များစွာစုစည်းထားနိုင်ခဲ့သည်။ ဗြိတိန်၏ နာမည်ကျော် ကလပ်တစ်ခုဖြစ်သည်။ ကလပ်သို့ အသင်းဝင်ကြေးမှာ တစ်လ ၂၅ ယူရိုဖြစ်သည်။ ဤနည်းဖြင့် အိုလီသည် Ollie’s Shop ကို စတင်ထူထောင်နိုင်ခဲ့သည်။ Ollie’s Shop သည် အွန်လိုင်းကတစ်ဆင့် ကျောက်မျက်ရတနာများနှင့် လက်ဆောင်ပန်းစည်းများကို ရောင်းချပေးသည့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ 

သူ့စိတ်ကူးမှာ လုပ်ငန်းခွဲတွေထူထောင်ပြီး ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုဖြစ်လာစေရန် ထူထောင်ရန်သာဖြစ်သည်။ သူ့အကြံပြုချက်က -

“တစ်ယောက်ယောက်က ခင်ဗျားစိတ်ကူးတွေက အလုပ်မဖြစ်တော့ဘူးလို့ ပြောလာရင်၊ ခင်ဗျားက သူတို့ပြောတာမှားကြောင်း သက်သေပြနိုင်ဖို့ အောင်မြင်အောင် လုပ်ပြနိုင်ရမယ်” ဖြစ်သည်။

E-01

(Ref : Fortune)