News

POST TYPE

YOUTH

မြောက်ဦးဖြစ်စဉ်ကြောင့် တရားစွဲခံရသော လူငယ် ၈ ဦးကို စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးမည်
03-Aug-2018
စစ်တွေ၊ ဩဂုတ် ၂

မြောက်ဦးဖြစ်စဉ်ကြောင့် တရားစွဲခံထားရသော လူငယ် ၈ ဦးကို စွဲချက်တင် သင့်မတင်သင့် ဩဂုတ်လ ၁၃ ရက်တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း တရားစွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။ 

လူငယ် ၈ ဦးကို ဩဂုတ်လ ၁ ရက် က ၁၇ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ အမှုစစ်ရဲအရာရှိ ဒုရဲမှူးသန်းနိုင်စိုးကို စစ်ဆေးခဲ့ကြောင်း၊ လက်ရှိတွင် တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးဖြစ်ကြောင်း လူငယ်များ၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။

တရားစွဲခံရသူ ၈ ဦးအနက် အချို့မှာ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိလာသော်လည်း အချို့မှာတော့ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးကြောင်း အကျိုးဆောင်ရှေ့နေ ဦးထွန်းအောင်ကျော်က ပြောသည်။

“ဒဏ်ရာအခြေအနေတွေကတော့ အောင်ဌေးမှာဆိုရင် အခုထိ ခါးကကျည်ဆန်ကို မထုတ်ရသေးဘူး။ ကလေးနှစ်ယောက်မှာဆိုရင် လက်မှာ သံမဏိတွေတပ်ထားရတဲ့အတွက် လက်တစ်ဖက်နဲ့တစ်ဖက်မတူဘဲ သေးလာတာ တွေ့ခဲ့ရတယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်သေများကိုလည်း ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော စုံစမ်းလေ့လာရေး ကော်မရှင်အဖွဲ့က စစ်ဆေးမှုများလည်းရှိကြောင်း ၎င်းက ဆိုသည်။ 

မြောက်ဦးမြို့၌ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေက ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲကို အာဏာပိုင်များက ပိတ်ပင်တားမြစ်သဖြင့် ပြည်သူများက ဆူပူအုံကြွကာ ဆန္ဒပြခဲ့ကြောင်း၊ ယင်းနောက် အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီး၍ ရဲတပ်ဖွဲ့ဝင်များက လူစုဖြိုခွဲရန် ပစ်ခတ်ရာမှ ပြည်သူ ၇ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအနက် ၈ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် တရားစွဲထားခြင်းဖြစ်သည်။ 

R-22


  • VIA