POST TYPE

YOUTH

ဒရီးဖတ်ကျောက်တုံး၊ မြင်းခွာပုံကမ်းပါးနှင့် လှိုင်းလုံးအမှတ် (၇)
24-Jul-2016 tagged as ပါပီလွန်


(တစ်)

ညအတော်များများတွင် အိပ်ပျော်လေ့မရှိသော ကျွန်တော်သည် လွန်ခဲ့သည့်ညကလည်း ထုံးစံ အတိုင်း အိပ်မပျော်ခဲ့ပြန်ချေ။ ပြုမြဲအတိုင်း၊ အပေါ်ထပ်ဝရန်တာဆီသို့ ထွက်ကာ တောင်ငေးမြောက်ငေး လုပ်နေမိပြန်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အိပ်မောကျနေကြချိန် တိတ်ဆိတ်လွန်းလှသည် ဖြစ်၍ အိမ်ရှေ့ လမ်းတစ်ဖက်ခြမ်းရှိ ဘောစကိုင်းပင်တောအုပ်သည် မီးရောင်ပျပျအောက်တွင် ကျွန်တော့်ကို ခြောက်လှန့်နေသယောင် ရှိလေ၏။ သည်ခြံဝင်းကျယ်ကြီးထဲက သည်အိမ်အိုကြီးမှာ ကျွန်တော် တစ်ကိုယ်တည်း အထီးကျန်နေလာခဲ့သည်မှာ တစ်ဆယ့်နှစ်နှစ် တိုင်ခဲ့လေပြီ။ ရှေ့ဆက်လျှောက်ရမည့်ဘ၀ခရီးအတွက် လမ်းပျောက်နေသလို ခံစားရသည့် စိတ္တဇဝေဒနာသည် အိပ်ပျက်ညများကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပေလိမ့် မည်။

နေရာအနှံ့မှ ထွက်ပေါ်လာနေသော ပုစဉ်းရင်ကွဲသံတို့နှင့် ကောင်းကင်မှ မည်းမှောင်နေသောတိမ်လိပ် တို့ကြောင့် ကျွန်တော် အနည်းငယ်ချောက်ချားသလို ဖြစ်လာ၏။ မလှမ်းမကမ်းရှိ ဆာခရီဒေ့ရှ် လမ်းမကြီးဆီမှ ကားသံတို့ကို ပြတ်တောင်းပြတ်တောင်း ကြားနေရသည်။ ဝရန်တာလက်ရန်းကို ကိုင်ရင်း ခြေစုံရပ်နေမိသော ကျွန်တော်သည် စိတ်ပျက်အားငယ်စရာဘဝပေး အခြေအနေကို အတန်ကြာအောင် တွေးနေမိရင်းက တစ်စုံတစ်ရာကို သတိရမိပြန်ရာ စိတ်ထဲကနေ ကျိတ်၍ ရယ်ချင်သလိုလို ဖြစ်လာပြန်သည်။ အွန်လိုင်းမီဒီယာတွင် ခင်မင်ရင်းနှီးနေသော လူငယ်အချို့က ကျွန်တော့်အား မကြာခဏဆိုသလို မေးလေ့ရှိသော မေးခွန်းတစ်ခု ကျွန်တော့်ခေါင်းထဲသို့ ရုတ်ခြည်းအမှတ်မထင် ဝင်ရောက်လာသောကြောင့်ဖြစ်၏။

“အန်ကယ်ခင်ဗျာ။ ကျွန်တော့်ဘဝမှာ ဘယ်လိုမှ ရှေ့ကို ခရီးဆက်လို့မရအောင် အခက်ကြုံနေပါပြီ။ ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော့်ဘဝကို ဘယ်လို ခရီးဆက်သင့်ပါသလဲ ခင်ဗျာ” ဟူသောအမေးဖြစ်၏။ စကားလုံးသာ ကွာခြားမည်။ လိုရင်းအဓိပ္ပာယ်ကား တစ်ထပ်တည်းတူညီ၏။ ထိုအမေးနှင့်ပတ်သက်၍ ကျွန်တော် လွယ်လင့်တကူ အဖြေမပေးနိုင်ခဲ့သော်ငြား အလျဉ်းသင့်လျှင်ဖြင့် ပြည့်စုံကောင်းမွန်သော အဖြေတစ်ခု ပေးနိုင်တန်ကောင်း၏ဟု စိတ်ညွတ်ခဲ့ သည်ကား အမှန်။

ယခုမူ လူစွမ်းကောင်းကြီးဟု အထင်ခံရသော ကျွန်တော်ကိုယ်တိုင် စိတ်ပျက်အားလျော့ဖွယ် အခြေ အနေနှင့် ပက်ပင်းတိုးလျက်ရှိ၏။ ကျွန်တော်သည် အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင် ထားရင်း     ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရန်လည်းကောင်း၊ လူငယ်တချို့၏ အမေးကို သဘာဝကျစွာ တုံ့ပြန်ဖြေကြားနိုင်ရန် လည်းကောင်း၊ ညကြီးသန်းခေါင် လူခြေတိတ်ချိန်တွင် ဝရန်တာတွင်ရပ်လျက် အထပ်ထပ်အဖန်ဖန် ဆင်ခြင် တွေးတောနေမိ၏။

(နှစ်)

စင်စစ်အားဖြင့် ဤသို့စိတ်ပျက်အားငယ် တွေဝေမိသည်မှာ သည်တစ်ကြိမ်တည်းမဟုတ်။ ကျွန်တော့် ဘဝတစ်သက်တာတွင် ကြိမ်ဖန်များစွာ ကြုံခဲ့ဖူးလေပြီ။ ထိုသို့ ကြုံလေတိုင်း ကျွန်တော် အမြဲမပြတ်နှလုံးသွင်း ဆင်ခြင်မိလေ့ရှိသော ဇာတ်လမ်းတစ်ပုဒ်ရှိ၏။ ထိုဇာတ်လမ်းမှာ ပါပီလွန်အမည်ရှိ ကမ္ဘာကျော်ဝတ္ထု ရှည်ကြီးမှ ထုတ်နုတ်ချက်ဖြစ်သည်။

ပါပီလွန်ဝတ္ထုသည် စစ်ပြီးခေတ်တွင် ပေါ်ထွက်ခဲ့သမျှ အတ္ထုပ္ပတ္တိစွန့်စားခန်း စာအုပ်များတွင် အနောက် တိုင်း၌ အအောင်မြင်ဆုံး ဖြစ်သကဲ့သို့ မြန်မာစာဖတ် ပရိသတ်များ နှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။ ဤနေရာ၌ ဖော်ပြရန် လိုအပ်သည်ဖြစ်၍ ပါပီလွန်၏ ဘဝဇာတ်ကြောင်းကို အကျဉ်းမျှ ရေးသားလိုသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ပြင်သစ်အကျဉ်း ထောင်တစ်ကျွန်းစနစ်သည် ကမ္ဘာပေါ်တွင် အရက်စက် ဆုံးစနစ်ဖြစ်၍ ပါပီလွန်သည် တစ်သက်တစ်ကျွန်း အကျဉ်းစခန်းများတွင် တစ်ဆယ့်သုံးနှစ်ကျော် ကြံ့ကြံ့ခံ ရပ်တည်နေထိုင်ခဲ့၏။ ပြင်သစ်နိုင်ငံသား ပါပီလွန်သည် သူ့အသက် နှစ်ဆယ့်ငါးနှစ်အရွယ် ၁၉၃၁ ခုနှစ်တွင် ပြည့်တန်ဆာခေါင်းတစ်ယောက်ကို သတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရသည်။ အမှန်စင်စစ် ပါပီလွန်သည် မည်သည့်လူသတ်မှုကိုမျှ ကျူးလွန်ခဲ့သူ မဟုတ်ဘဲ ပြင်သစ်ပြည်တရားဥပဒေ၏ ချွတ်ချော်လွဲမှားမှုကြောင့်သာ ထိုပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။ ပါပီလွန်သည် ထောင်အမျိုးမျိုးမှ ထွက်ပြေးလွတ်မြောက်ရန် စုစုပေါင်း ကိုးကြိမ်ကြိုးစား ခဲ့၏။ အကြိမ်တိုင်းလိုလို အသက်ကို ရင်းခဲ့ရသည်ချည်း ဖြစ်၏။ တစ်ကြိမ်တွင်မူ အလင်းရောင်ကို ခြောက်လ တိုင်တိုင် မမြင်ရ၊ ရိက္ခာတစ်ဝက်ဖြတ်၊ မဝရေစာနှင့် တိုက်ပိတ်ခံရသဖြင့် အသက်ဆက်ရှင်နိုင်ရေး အတွက် ပိုးဟပ်နှင့် ကျိုင်းကောင်တို့ကိုပင် ဖမ်းယူစားသောက် ခဲ့ရသည်။ သူကိုယ်သူ ရူးသွားပြီဟုပင် ထင်မှတ်ခဲ့၏။

ရှစ်ကြိမ်မြောက်ကြိုးပမ်းမှု မအောင်မြင်ခဲ့သည့်နောက် ပါပီလွန်သည် ပြင်သစ်ပိုင် ကိုလိုနီဖြစ်သော ဆာလုကျွန်းစုရှိ အသေးငယ်ဆုံးကျွန်းဖြစ်သော သရဲကျွန်းသို့ ပြောင်းရွှေ့ခံရသည်။ သရဲကျွန်းမှာ နိုင်ငံရေး အကျဉ်းသားများအတွက် အထူးသီးသန့် ပြုလုပ်ထားသောကျွန်း ဖြစ်၏။ မြင့်မားမတ်စောက်လှသည့် ကျောက်ကမ်းပါးယံကြီးများ ဝန်းရံထားသည့်အပြင် အဆိုပါ ကျောက်ကမ်းပါးများအား အချိန်တိုင်းလိုလို ပြင်းထန်စွာရိုက်ခတ်နေသည့် ပင်လယ်ရေလှိုင်းလုံးကြီး များကြောင့် ထိုသရဲကျွန်းမှ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်ရန်မှာ အိပ်မက်ပင် မက်ဝံ့စရာ မရှိချေ။

(သုံး)

ထိုသို့ပြန်လမ်းမရှိသည့် ကျွန်းသို့ ပါပီလွန်သည် ဆိုးပေ့မိုက်ပေ့ဆိုသည့် နာမည်ကျော် ရာဇဝတ်သား ခြောက်ယောက်နှင့်အတူ တစ်ဆောင်တည်းနေခဲ့ရ သည်။ သရဲကျွန်းတွင် ထောင်ပိုင်မရှိ၊ ထောင်မှူးမရှိ။ ဝါဒါတပ်ကြပ်ကြီးသည် ရာထူးအကြီးဆုံးဖြစ်၏။ သရဲကျွန်းသို့ ပါပီလွန် အပို့ခံရချိန်တွင် သူ့အသက်မှာ သုံးဆယ့်ငါးနှစ်ရှိပြီဖြစ်၍ ထောင်သက် ၁၁ နှစ် ရှိလေပြီ။

ထိုသရဲကျွန်းတွင် ဒရီးဖတ်ထိုင်ခုံဟု အမည်တွင်သော ကျောက်တုံးထိုင်ခုံတစ်ခုရှိ၏။ ဒရီးဖတ်အမည်ရှိ ပြင်သစ်တွေးခေါ်ပညာရှင်ကြီး သရဲကျွန်းတွင် အကျဉ်းချခံခဲ့ရစဉ်က အမြဲလိုလိုထိုင်လေ့ရှိသဖြင့် ထိုအမည် တွင်ခဲ့ခြင်းဖြစ်လေသည်။ ဒရီးဖတ်ထိုင်ခဲ့သော ကျောက်တုံးမှာ သရဲကျွန်း၏ မြောက်ဘက်အစွန်ဆုံး ကျွန်းဖျားတွင် တည်ရှိ၏။ ချောက်ကမ်းပါးထိပ်တွင်ရှိ၏။ ထိုကမ်းပါးမှာ ပင်လယ်ရေပြင်မှ ပေငါးရာခန့်မြင့်၏။ ဒရီးဖတ်သည် အဆိုပါထိုင်ခုံတွင် ထိုင်ခဲ့ရင်း မတရားသော၊ မညီမျှသောအဖြစ်များ ကြုံတွေ့ရင်ဆိုင်ရလေ့ရှိသည့် လူ့ဘဝ၊ လူ့လောကကြီး၏ ခြင်းရာ သဘောတို့ကို နက်နဲစွာ စဉ်းစားဆင်ခြင်သွားခဲ့သည်။ သူ့ဘဝကို ကြံ့ကြံ့ခံနိုင်ရန် ကြိုးပမ်းသွားခဲ့သည်။

ပါပီလွန်သည် ဒရီးဖတ်ကျောက်တုံးတွင် နေ့စဉ်လိုလို ထိုင်လျက် လွတ်မြောက်ရေးလမ်းစကို ကြံဆခဲ့၏။ တစ်နေ့သော် ထိုထိုင်ခုံတွင် ပါပီလွန်ထိုင်မိစဉ်   ပင်လယ်ဘက်မှပြေးလာသော လှိုင်းလုံးများကိုကြည့်ရင်း အကြံတစ်ခုရခဲ့သည်။ ပါပီလွန်ထိုင်နေသော ဒရီးဖတ် ထိုင်ခုံ၏အောက်ခြေကမ်းပါးမှာ မြင်းခွာပုံကမ်းပါးဖြစ်၏။ ထိုပတ်ဝန်းကျင်မှ လှိုင်းလုံးများသည် ပင်လယ်ပြင်မှ ပြေးလာပြီး ထိုမြင်းခွာပုံအတွင်း လာစု၏။ နောက်... ထိုမြင်းခွာမှ ပြန်လိမ့်ဆင်းသွားသော လှိုင်းရေများမှာ ကျွန်းမှအလွန်ဝေးကွာသောခရီးအထိ ပြန်လိမ့်ဆင်းသွား၏။ လိမ့်ဆင်းသွားသော လှိုင်းလုံးတိုင်း ကမ်းပါး သို့ လုံးဝ ပြန်မလာတော့ချေ။ ကျွန်းမှဝေးရာ ကုန်းတွင်းပိုင်း ရှိရာသို့ စီးသွားကြ၏။

အကယ်၍သာ အုန်းခွံဖောင်တစ်ခုကို တည်ဆောက်လျက် ထိုမြင်းခွာပုံကမ်းပါးမှ ပင်လယ်တွင်းသို့ လိမ့်ဆင်းသွားသောလှိုင်းနှင့် လိုက်ပါသွားလျှင် သရဲကျွန်းမှ ဝေးရာသို့ တစ်ကြိမ်တည်းဖြင့် ရောက်သွား ပေတော့မည်ဟု ပါပီလွန် အကြံပေါ်ခဲ့ခြင်း ဖြစ်လေသည်။ အုန်းဖောင်လုပ်ရန်မှာ အခက်အခဲမရှိလှချေ။ သရဲကျွန်းတွင် ဝက်စာမှာ အုန်းသီးဆန်ဖြစ်၍ ဝက်ခြံ ပတ်ဝန်းကျင်၌ အုန်းခွံခြောက် မြောက်မြားစွာ ရှိနေသည်မဟုတ်လော။

(လေး)

အဆိုပါလှိုင်းတို့သည် လပြည့်ရက်များ၌ အပြင်းထန်ဆုံးနှင့် အကြီးဆုံးဖြစ်သောကြောင့် ပါပီလွန်သည် ထိုရက်မျိုးကိုရွေး၍ ကျွန်းမှ ပြေးရန်ကြံသည်။ လက်တွေ့ထွက်မပြေးမီ သေချာအောင်စမ်းသပ်မှု ပြုလုပ်ခဲ့၏။ ကိုယ်အလေးချိန် ၁၁ စတုံရှိသော သူ့ခန္ဓာကိုယ်ကို ခံနိုင်မည့် အုန်းခွံခြောက်ဖောင်တစ်ခုကို သူဆောက်ခဲ့၏။ ထို့နောက် ယင်းဖောင်ကို ဒရီးဖတ်ထိုင်ခုံရှိရာ ကမ်းပါးယံသို့ သယ်လာကာ ၁၁ စတုံခန့်ရှိမည့် ကျောက်တုံး တစ်တုံးကိုရှာပြီး ဖောင်ပေါ်သို့တင်လျက် ကြိုးတစ်ခုဖြင့် တွဲချည်လိုက်သည်။

ထို့နောက် ဒီရေကျချိန်ကိုစောင့်ပြီး ဒရီးဖတ် ထိုင်ခုံအရှေ့ရှိ မြင်းခွာပုံကမ်းပါးမှ ပင်လယ်တွင်းသို့ အရှိန်ပြင်းစွာ ဆင်းသွားသော လှိုင်းလုံးကြီးတစ်ခုဖြင့် မျှောချပေးလိုက်သည်။ 
သူမျှော်လင့်ထားသလိုပင် အုန်းခွံဖောင်သည် တစ်မိနစ်မျှသောအချိန်တိုအတွင်း ကမ်းစပ်မှ ပေသုံးရာခန့် အကွာအဝေးအထိ မျောပါသွား ၏။ ဝမ်းသာလုံးဆို့သွားသော ပါပီလွန်သည် လွတ်ပြီ၊ ကျွတ်ပြီဟေ့ဟုပင် အသံကုန်အောင်ဟစ်မိ၏။ သို့သော် ပါပီလွန်မျှောလိုက်သောဖောင်မှာ နောက်ထပ်တစ်မိနစ် မျှသောအချိန်ပိုင်းအတွင်းမှာပင် လှိုင်းလုံးသစ်တစ်ခု ကိုစီးလျက် ကျွန်းရှိရာသို့ အရှိန်ပြင်းစွာ ပြန်လာနေ၏။ ထို့နောက်တွင်မူ ကမ်းပါးအနီးမှ ကျောက်ဆောင် ကျောက်တုံးများနှင့်ဝင်ဆောင့်ပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့လေသည်။

ပါပီလွန်တစ်ယောက် စိတ်ဓာတ် အကြီးအကျယ် ကျသွားခဲ့၏။ သို့သော် သူ၏လွတ်မြောက်ရေးအတွက် တွေးတောကြံဆခြင်းမှာမူ မရပ်တန့်ခဲ့ချေ။ ကမ်းစပ်တွင် ဖင်ထိုင်ချရင်း လှိုင်းလုံးများကိုကြည့်၍ ကျွန်းသို့ ဖောင်ပြန်မရောက်အောင် မည်သို့လုပ်ဆောင်ရမည်ကို အမျိုးမျိုး ကြံဆကြည့်နေခဲ့၏။ တစ်နာရီခန့်ထိုင်မိသော် ပါပီလွန်သည် လှိုင်းတို့၏ ထူးခြားသောသဘော တစ်ခုကို ကောင်းစွာ လေ့လာမိခဲ့လေ၏။

(ငါး)
  
ကမ်းသို့ပြေးလာနေသော လှိုင်းလုံးများ အနက်မှ ခုနစ်ခုမြောက်ဖြစ်သောလှိုင်းလုံးတို့သည် တခြားလှိုင်းများနှင့်မတူဘဲ နှစ်ဆသုံးဆခန့်မျှ ပိုကြီး၏။ ပါပီလွန်သည် ကမ်းစပ်မှ သစ်တုံးတစ်တုံးကို ထိုလှိုင်းနှင့် မျှောချကြည့်လိုက်သောအခါ သစ်တုံးမှာ အစအနပင်မမြင်ရလောက်အောင် ကျွန်းမှဝေးရာသို့ မျောပါသွားသည်ကိုတွေ့ရ၏။ ကမ်းစပ်သို့ ပြန်မလာတော့ပြီ။ ပါပီလွန်သည် အလားတူစမ်းသပ်မှုမျိုးကို အကြိမ်ကြိမ် ဆက်လက်ပြုလုပ်ခဲ့၏။ ပြဿနာ တစ်စုံတစ်ရာ မပေါ်ဘဲ လုံးဝအောင်မြင်သည်ကို တွေ့ရှိရသည်တွင် ယခင်တစ်ကြိမ်ကကဲ့သို့ အလေးချိန် ၁၁ စတုံခံနိုင်သော အုန်းခွံခြောက်ဖောင်တစ်ခုကို ထပ်မံ တည်ဆောက်၍ စမ်းသပ်မျှောကြည့်ပြန်သည်။ 

အောင်မြင်၏။ ထိုသို့လျှင် ပါပီလွန်သည် လူတကာ မကြံစည်ဝံ့သည့် သရဲကျွန်းမှ လွတ်မြောက်ရေးလမ်းစကို ရှာဖွေတွေ့ခဲ့လေပြီတကား။

အကယ်စင်စစ် ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ဟုယူဆထားသည့် သရဲကျွန်းသည် ကုန်းမကြီး သို့ရောက်ရန် နှစ်ဆယ့်ငါးမိုင်မျှသာဝေး၏။ အုန်းခွံဖောင်၏ သွားရာလမ်းသည် တည့်မတ်စွာမသွားနိုင်ဘဲ  ကွေ့ကောက်ဝေ့ဝိုက်၍သွားသည့်တိုင် ကုန်းမြေသို့ရောက်ရန် အကြာဆုံးအချိန်မှာ လေးဆယ့်ရှစ်နာရီထက် မပိုဟု သူတွက်ဆနိုင်ခဲ့သည်။ ထိုနည်းဖြင့်ပင် နောက်ဆုံးတွင် မူ ပါပီလွန်သည် လောကငရဲနှင့်တူသည့် သရဲကျွန်းမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လေ၏။

ဤတွင်လည်း ဇာတ်လမ်းကား မဆုံးသေးချေ။
သရဲကျွန်းမှ လွတ်မြောက်လာခဲ့သည့်တိုင် တစ်ကျွန်းစံဘဝ မရောက်မီက အခြေအနေမျိုး၊ လူချင်း တူ သူချင်းမျှသည့်ဘဝသို့ ပြန်လည်ရောက်ရှိပြီး သိက္ခာရှိရှိ တရားဝင်ရပ်တည်နိုင်အောင် ပုန်းလျှိုးကွယ်လျှိုး ဖြင့် နောက်ထပ်ဆယ့်ရှစ်နှစ်ခန့် ကြိုးစားရုန်းကန်ခဲ့ရ သေးသည်ဖြစ်ရာ သူ၏လွတ်မြောက်ကြိုးပမ်းမှုအား အစမှအဆုံးတိုင် ရေတွက်လျှင် နှစ်ပေါင်းသုံးဆယ် ကြာမြင့်ခဲ့လေသည်။ နောက်ဆုံး၌ သူသည် ခေါင်းကိုမော့ ရင်ကိုကော့ကာ အောင်နိုင်သူအဖြစ် သူ့မူလဘဝကို ပြန်လည်ရရှိခဲ့သည်။ ပါရီမြို့တရားရုံးမှ ပါပီလွန်၏ အမှုကို ပြန်လည်ကြားနာ စစ်ဆေးခဲ့ပြီး ပါပီလွန်၌ အပြစ်မရှိကြောင်း၊ မူလဆုံးဖြတ်ချက်မှာ မှားယွင်းစွာဆုံးဖြတ် ခဲ့ခြင်းသာဖြစ်ကြောင်း စီရင်ချက်အသစ် ထုတ်ပြန်ပေးခဲ့ရသည်။ ပါပီလွန်၏ မိတ်ဆွေများက ပါပီလွန်အပေါ် နောက်ဆုံးချခဲ့သည် ကောက်ချက်စကားမှာ...

“ပါပီ၊ ဒီရုန်းကန်မှုမှာ နောက်ဆုံးအနိုင်ရသူဟာ မင်းပါပဲ။ မင်းကို မတရား တစ်ကျွန်းပို့ခဲ့တဲ့ လူတွေဟာ အနိုင်ရသူတွေ မဟုတ်ပါဘူး။ ဒီနေ့ဘဝကို စိုးပိုင်နိုင် သူဟာ မင်းပါ။ အပျော်ရွှင်ရဆုံးလူဟာလည်း မင်းပါပဲ ပါပီ” ဟူ၏။

(ခြောက်)

ကျွန်တော်၏ တွေးတောဆင်ခြင်ခြင်း ဤနေရာသို့ အရောက်တွင် စိတ်ပျက် အားလျော့နေမိသော ကျွန်တော်သည် အားအင်သစ်တို့ တစ်ဖန်ပြန်ပြည့်လာသည်ဟု ခံစားရသည်။ စောစောက နားကြားပြင်းကပ်စရာဟု ထင်မြင်ခဲ့သော ပုစဉ်းရင်ကွဲတို့ အော်မြည်သံသည် မော်ဒန်ဂီတ တေးသွားတစ်ခုကို တီးခတ်နေသည်အလား နားဝင်ချိုဖွယ်ဖြစ်လာသည်။ စိတ်ချောက်ချားဖွယ်ဟု ထင်မှတ်ခဲ့သော ကောင်းကင်ပြင်မှ တိမ်မည်းညိုတို့သည်လည်း စိတ်ကိုညွတ်နူးစေသည့် ကဗျာတစ်ပုဒ်ပမာ ဖြစ်လာ၏။ ကျွန်တော်ရပ်နေခဲ့သော ဝရန်တာသည် ဒရီးဖတ်ထိုင်ခုံ ပေတကားဟု တွေးမိလာသည်။ လွတ်မြောက်လိုစိတ်သာ ရှိပါမူ တစ်ကျွန်းစံနှင့်တူလှသည့် ကျွန်တော့်ဘဝတွင် မြင်းခွာပုံကမ်းပါးနှင့် လှိုင်းလုံး နံပါတ်ခုနစ်ကို တစ်ချိန်မဟုတ်တစ်ချိန် သေချာပေါက် ရှာဖွေတွေ့ရှိပေလိမ့်မည်။

အေးချမ်းတည်ငြိမ်သောစိတ်၊ ပေါ့ပါးသွက် လက်သည့်ခြေလှမ်းတို့ဖြင့် အိပ်ခန်းရှိရာသို့ ကျွန်တော် ပြန်လာခဲ့၏။ ချက်ချင်း အိပ်ရာထဲသို့ တန်းမဝင်သေး ဘဲ ဤစာစုကို ရေးသည်။ ယခုဆောင်းပါးအစတွင် ဖော်ပြထားသော ကျွန်တော့်အား အမေးပုစ္ဆာထုတ်ခဲ့ ကြသည့် လူငယ်တချို့ ဤစာကိုဖတ်ရငြားအံ့။ အလုံးစုံ ပြည့်စုံမှန်ကန်သည့် အဖြေတစ်ခုမဟုတ်သည့်တိုင် အောင် ကျေနပ်မှုတစ်စုံတစ်ရာကိုမူ ပေးစွမ်းနိုင်လိမ့် မည်ဟု ကျွန်တော် ယုံကြည်မျှော်လင့်နေမိ၏။ ထိုစဉ်မှာပင် အိပ်ခန်းပြတင်းပေါက်ဆီသို့ အမှတ်မထင်ကြည့်လိုက် သောအခါ မှုန်ပျပျ အလင်းရောင်တန်းတို့ တိုးဝင်လာ သည်ကို မြင်နေရသည်။ အပြင်မှာ ရောင်နီပျို့နေလေပြီ။

ကျွန်တော် ဘာအတွက်ကြောင့် စိတ်ပျက်အား ငယ်ရပါမည်နည်း။ လောကဓံတရားဟူသည် ဒရီးဖတ် ကဲ့သို့သော တွေးခေါ်ပညာရှင်ကြီးကိုပင် တစ်ကျွန်းသို့ ပို့တတ်သည့် တရားကိုယ်သဘောရှိ၏။ မတည်မြဲခြင်း သဘော၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ပုဂ္ဂိုလ်ကြီးငယ်၊ ရာထူးဂုဏ်သိမ် အနိမ့်အမြင့်၊ အချိန်ကာလမခွဲခြားဘဲ နှိပ်စက်ထုထောင်းတတ်သော သဘောရှိ၏။ ထို့အပြင် ကျွန်တော် လက်ရှိကြုံတွေ့ခံစားနေရသည့် အခက်အခဲသည် ပါပီလွန် ရင်ဆိုင်ဖြတ်သန်းခဲ့သည့် ဘဝခရီးကြမ်း နှင့်နှိုင်းယှဉ်ကြည့်လျှင် ရယ်ပွဲဖွဲ့စရာ အဆင့်လောက်တွင်သာ ရှိသည်မှာ အလွန်တရာ သေချာလှချေသည်။

မင်းဒင် 

ABOUT AUTHOR

(မင်းဒင်)