News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၈)
07-Jul-2018



ဂျက်မာ (Jack Ma) ပြောသည့် သူ့ငယ်ဘဝအကြောင်း

Alibaba ဆိုသည့် ကုမ္ပဏီလုပ်ငန်းစုကြီးကို တည်ထောင်ခဲ့ပြီး CEO အဖြစ် တာဝန်ယူထားရသူ ဂျက်မာသည် အသက် ၃၀ ကျော်အရွယ်တွင် လုပ်ငန်းခွင်တွင်းသို့ ဝင်ရောက်ခဲ့ရသူဖြစ်သည်။ ယနေ့သူသည် အသက် ၅၄ နှစ် နီးပါးရှိနေပြီဖြစ်ပြီး သူထူထောင်ထားသော e-Commerce ကုမ္ပဏီသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၅၁၉ ဘီလီယံခန့် တန်ကြေးရှိစေရန် မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည်။ သူ့အသက် ၃၀ အရွယ်လောက်ကတည်းက အဘယ်ကြောင့် အောင်မြင်ထင်ရှားသူတစ်ယောက် ဖြစ်ခဲ့ရသနည်း။

“ဘဝဆိုတာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာ အရေးမကြီးဘူး။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပြီးတော့ အဲဒီအခက်အခဲတွေ အမှားတွေကို ဘယ်လောက်ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သလဲဆိုတာပဲ အရေးကြီးတာ”ဟု သူကဆိုသည်။ သူက World Economic Forum သို့တက်ရောက်ပြီး နှစ်စဉ်စကားပြောလေ့ရှိသည်။ သူ့စကားတစ်ခွန်းမှာ မှတ်သားစရာကောင်းလှသည်။ 

“ခင်ဗျား အောင်မြင်ချင်ရင် အခြားသူတွေ ဘာမှားသလဲဆိုတဲ့ အမှားတွေကိုလည်း သင်ခန်းစာယူနိုင်ရမယ်။ အောင်မြင်သူတွေရဲ့ သင်ခန်းစာတွေကို လိုက်ပြီးတော့ မလေ့လာနေနဲ့” ဟု ပြတ်သားစွာ သတိပေးခဲ့သည်။ အမှားက သင်ခန်းစာများကို အလေးထားပြီး ဆင်ခြင်သုံးသပ်နိုင်ရန် သူက သတိပေးခြင်းဖြစ်သည်။ 

လူငယ်တစ်ဦးသည် အသက် ၂၀ မှ ၃၀ အတွင်း ကိုယ်ပိုင်လုပ်ငန်းများကို မထူထောင်နိုင်သေးလျှင် ဆရာကောင်း၊ အလုပ်ကောင်းကိုရှာပြီး ထိုပုဂ္ဂိုလ်နှင့်နေရာတွင် ဆည်းပူးလေ့လာရင်း ပညာရှာသင့်သည်။ လုပ်ငန်းအတွေ့အကြုံတွေကို ကောင်းစွာယူပြီး အသက် ၃၀ မှ ၄၀ အတွင်းကာလတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်နိုင်ရမည်။ ထိုလုပ်ငန်းသည် ရှုံးသည်ဖြစ်စေ ကိစ္စမရှိ။ အရှုံးက သင်ခန်းစာယူနိုင်ရန် အလုပ်တစ်ခုခု ကိုတော့ ကိုယ်တိုင်ထူထောင်နိုင်ရမည်ဟု သူကဆိုလို ခြင်းဖြစ်သည်။ မည်သို့ဆိုစေတစ်ခုခုကို စလိုက်လျှင် အခြေကျသွားပြီး အသက် ၄၀ နှင့် ၅၀ ကြားတွင် တစ်ခုခုရလဒ်ကို ခံစားနေရမည်မှာ သေချာသည်ဟု သူကဆိုသည်။

အောင်မြင်လာသည့် လူတစ်ယောက်ဖြစ်လာလျှင် ရပ်တန့်ရန်မသင့်။ အသက် ၅၀ နှင့် ၆၀ ကြား ရောက်လာလျှင် လူငယ်များကို မိမိအတွေ့အကြုံများ၊ တတ်ကျွမ်းထားသည်များကို တစ်ဆင့်လက်ဆင့်ကမ်းကာ သင်တန်းပြန်ပေးနိုင်ရမည်။ မျိုးဆက်သစ်တို့ကို အမွေပေးရေးသည် တာဝန်တစ်ခုဖြစ်ကြောင်း သူက ခံယူထားသည်။ အသက် ၆၀ ကျော်လျှင်တော့ မြေးထိန်းပြီး အေးဆေးစွာနေတော့ဟု ဂျက်မာကနောက်သလိုလိုပြောခဲ့သည်။ 

ဂျက်မာက အသက် ၂၀ ကျော် ၃၀ အရွယ်များသည် ကံအကောင်းဆုံးအချိန်ဖြစ်သည်ဟု ဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုကာလသည် လေ့လာသင်ယူမှု အကောင်းဆုံးအချိန် ဉာဏ်အပြေးဆုံး အချိန်များ ဖြစ်နေသောကြောင့်ပင်။ အောင်မြင်သူတို့အကြောင်း ဇာတ်လမ်းများလိုက်ဖတ်နေရုံဖြင့် အားကျပြီး ငုတ်တုတ်ထိုင်နေလျှင် အကျိုးမရှိ။ အရေးကြီးသည်မှာ လူငယ်ဘဝတွင် အပြိုင်အဆိုင်နှင့် အနိုင်ရချင်သည့် စိတ်ဓာတ်မျိုးကို လေ့ကျင့်ပျိုးထောင်ကာ နေနိုင်ရမည်။

“ကျွန်တော် ငယ်စဉ်ကဆိုရင် ဒီလိုနေရာမျိုးကို ရောက်လာဖို့ဆိုတာ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ ကျွန်တော့် လူငယ်ဘဝကဆိုရင် ပြဿနာပေါင်း သောင်းခြောက်ထောင် အမြဲကြုံတွေ့ခဲ့ရတယ်။ အဲဒီလို ကြုံတွေ့ခဲ့ရတာတွေဟာ ခုချိန်မှာ ပြန်ပြီးတော့ အကျိုးရှိနေတာ တွေ့ရတယ်” ဟု ဆိုသည်။ သူဆိုလိုသည်က အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့သောကြောင့်သာ ကျော်လွှားခဲ့ရင်းက အခက်အခဲများကို ရင်ဆိုင်နည်း၊ ဖြေရှင်းနည်း၊ ကျော်လွှားနည်းများကို အလိုလိုသိနေကြောင်း ဆိုလိုခြင်းဖြစ်သည်။ 

“ကျွန်တော် အများကြီး ဆုံးရှုံးခဲ့ဖူးတယ်။ ကျွန်တော်အလုပ်တွေလည်း မျိုးစုံ အများကြီး လျှောက်လုပ်ခဲ့ဖူးတယ်။ အလုပ်ပေါင်း ၃၀ လောက်လျှောက်ဖူးတယ်။ အားလုံး အငြင်းခံရတယ်။ အခွင့်အရေးလေး တစ်ခုတောင် မရခဲ့ပါဘူး။ KFC မှာ အလုပ်သွားလျှောက်တုန်းကဆိုရင် ခေါ်ပြီးတော့ အင်တာဗျူးတာ ၂၄ ယောက်။ ၂၃ ယောက်ကို လက်ခံတယ်။ အပယ်ခံရတဲ့ တစ်ဦးတည်းသောသူဟာ ကျွန်တော်ဖြစ်နေတယ်” ဟု သူက ဆိုသည်။ 

မာသည် စိတ်ပျက်စွာဖြင့် ရဲတပ်ဖွဲ့တွင် အမှုထမ်းရန် သွားလျှောက်သေးသည်။ အလုပ်ခေါ်တွေ့သည်မှာ သူနှင့် အခြား ၅ ယောက်ဖြစ်သည်။ သူတစ်ယောက်တည်း အပယ်ခံရသည်။ သူ့ကို ညီအစ်ကိုဝမ်းကွဲတစ်ယောက် ကြယ်လေးပွင့်ရဟိုတယ်ကြီးတစ်ခုတွင် စားပွဲထိုးအဖြစ် အလုပ်သွင်းလျှောက်သည်။ သူ့ညီက အလုပ်ရပြီး သူ့ကို ငြင်းပယ်လိုက်ကြပြန်သည်။ 

“ကျွန်တော်တို့ဗျာ အလုပ်ရဖို့ ၂ နာရီလောက် တန်းစီပြီး မတ်တတ်ရပ်စောင့်ရတာ နောက်ဆုံး ကျွန်တော့်ညီက ရသွားတယ်” ဟု သူကဆိုသည်။ မိခင်က သူ့ခေါင်းကို ပွတ်ပြီးနှစ်သိမ့်သည်။ သူက “အမေရာ ဒါတွေက ကျွန်တော့်ကို သင်တန်းပေးနေတာပါ” ဟု ပြန်ပြောလိုက်သည်။

အသက် ၃၀ မတိုင်မီက ဂျက်မာတစ်ယောက် သူ့ဘဝကို ပြန်ပြောင်းပြောပြနေသည်မှာ တစ်စက်မှ ကောင်းကွက်မရှိ။ ဘာလုပ်လုပ် ကျရှုံးနေရသည်။ ထိုသို့ကျရှုံးနေမှုကို ထိုင်ချလိုက်လျှင် ဂျက်မာဟု ဖြစ်လာစရာ အကြောင်းမရှိ။ လဲကျရာမှ ဘဝကို အကြိမ်ကြိမ် ကုန်းထနိုင်ခဲ့ခြင်းကြောင့်သာ ယနေ့ တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ဘီလီယံကြွယ်သူဌေးကြီးစာရင်းထဲကို ငယ်ရွယ်စွာဖြင့် ရောက်လာရခြင်းဖြစ်သည်။ သူက ၃၀ ကျော်တွင် ဘဝကိုစသည်ဟု ဆုံးဖြတ်ပြီးကြိုးစားသည်။ သူ့ရည်မှန်းချက်က ၁၀ နှစ်အတွင်း သူဌေးဖြစ်ရမည်၊ အောင်မြင်ရမည်သာဖြစ်သည်။ 

သူက ခုရေတွင်းတူး ခုရေကြည်သောက်ဆိုသည့် သဘောမျိုးကို လက်မခံသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် နယူးယောက်ရောက်စဉ်က ထုတ်ပြောဖူးသည်။

“ကျွန်တော်တို့ ခုအောင်မြင်နေတာ ဒီနေ့မှ ပွပေါက်တိုးလို့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စိတ်ကူးတွေကို အကောင်အထည်ဖော်ရင်းနဲ့ အောင်မြင်လာရတာ” ဟု ဆိုခဲ့သည်။ 

“ကျွန်တော်ဘွဲ့ရတော့ တစ်လမှ ဒေါ်လာ ၂၀ လောက်ပဲရှာနိုင်တယ်။ အဲဒါ အများဆုံးပဲ” သူက ကျောင်းပြီးသည့်အခါတွင် အင်္ဂလိပ်စာသင်သည့် ဆရာဘဝကိုလုပ်ခဲ့ရခြင်းအား ပြန်ပြောင်းပြောနေခြင်းဖြစ်သည်။ ထို့ပြင် ငွေရှိခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်တွေကိုလည်း သူကကြိုတင်ပြောခဲ့သည်။

“လူတစ်ယောက်မှာ ဒေါ်လာတစ်သန်းလောက်ရှိလာပြီဆိုရင် ကံကောင်းတဲ့လူတစ်ယောက်ဖြစ်လာပြီ။ ခင်ဗျားမှာ ၁၀ သန်းလောက်ရှိလာပြီဆိုရင်တော့ ခင်ဗျားဒုက္ခရောက်ပြီ။ ခေါင်းကိုက်ရတော့မယ်။ ဘီလီယံချီပြီး ချမ်းသာလာရင်တော့ ခင်ဗျားမှာ တာဝန်ရှိလာပြီ။ ခင်ဗျားအပေါ်မှာ လူတွေက ယုံကြည်လာအောင် ကြိုးစားပြီး နေထိုင်ဖို့လိုအပ်လာပြီ။ ခင်ဗျားကို လူတွေက ငွေဘယ်လိုသုံးသလဲဆိုတာကို ပိုပြီးစိတ် ဝင်စားလာကြတော့မယ်” ဟု ဆိုသည်။

လူတစ်ယောက်ချမ်းသာရန် မလွယ်ပါ။ ချမ်းသာလာလျှင်လည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းနေထိုင်ရန် လိုအပ်သည်။ လူတွေက စောင့်ကြည့်နေကြသည်။ ဘာကြောင့် ချမ်းသာလာသနည်းဆိုခြင်းကို သိပ်စိတ်မဝင်စားတော့။ သူချမ်းသာသည့်ငွေများနှင့် ဘာလုပ်မလဲဆိုခြင်းကို စောင့်ကြည့်နေဦးမည်ဆိုသည့် လူ့သဘောကို သူက ပြောကြားခြင်းဖြစ်သည်။ 

သူသည် ကိုယ့်ဘဝကို ကိုယ်စခဲ့ရသူတစ်ဦးဖြစ်သည်။ အခြားသူတွေလို မိဘအရှိန်အဝါဖြင့် ချမ်းသာသူလည်း မဟုတ်သောကြောင့် သူက

“ကျွန်တော့်အဖေကလည်း မချမ်းသာဘူး။ ကျွန်တော့်ဦးလေးကလည်း အာဏာရှိသူတစ်ယောက် မဟုတ်ဘူး။ ကျွန်တော့်မှာ နောက်ခံဆိုလို့ ကျွန်တော့်ကို အားပေးမယ့် ဖောက်သည်တွေပဲရှိတယ်” ဟု သူက ဆိုသည်။ ကျောထောက်နောက်ခံမရှိသူတစ်ယောက်အနေနှင့် ဖောက်သည်ကို အားကိုးပြီး ဈေးရောင်းရင်းက ချမ်းသာလာခဲ့ရပုံကို ပြောခြင်းဖြစ်သည်။

အောင်မြင်အောင် ကြိုးစားရုန်းကန်ပြီး တက်လှမ်းလာခဲ့သူတစ်ဦးဖြစ်သောကြောင့် သူသည် လူငယ်တွေ ဘဝကိုလည်း စာနာထောက်ထားသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူက ကမ္ဘာကြီးကို ပြောင်းလဲစေချင်လျှင် လူငယ်တွေကို ရင်းနှီးမြှုပ်နှံပေးပါဟုပြောသည်။

“လူငယ်တွေကို ကူညီပါ။ သူတို့ကို အထောက်အပံ့တွေပေးပါ။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေက လူကြီးတွေ ဖြစ်လာကြမှာလေ။ ခင်ဗျားတို့ လူကြီးတွေက သူတို့ဦးနှောက်တွေထဲကို မျိုးစေ့တွေ ချပေးသွားနိုင်မှ တစ်ချိန်ကျရင် အဲဒီမျိုးစေ့တွေက အပင်ပေါက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲသွားမှာ” ဟု သူက သူ့သဘောထားကို ပြောကြားခဲ့သည်။ 

Forbes မဂ္ဂဇင်းကြီးက ဂျက်မာကို မျက်နှာဖုံးတွင် ဖော်ပြခဲ့ပြီး တရုတ်စွန့်ဦးစိတ်ဓာတ်များ၏ ခေါင်းကိုင်ဖခင်တစ်ယောက်ဟု ချီးကျူးဂုဏ်ပြုပြီး ပြောကြားခဲ့သည်။ သူက လူငယ်တွေကို လမ်းညွှန်ပြောပြချက်များမှာ စိတ်ဝင်စားစရာကောင်းသည်။

“မင်းတို့ တစ်ယောက်နဲ့တစ်ယောက် အတွေးတွေ မတူနိုင်ဘူး။ ဒါပေမဲ့ ပန်းတိုင်တူရမယ်”

လူတစ်ယောက်နှင့်တစ်ယောက် ဘာလုပ်လုပ် စိတ်ကူးနှင့်အတွေး အကောင်အထည်ဖော်ချင်သည့် စိတ် တူချင်မှတူမည်။ မတူလည်းကိစ္စရှိ။ ဘာလုပ်လုပ်ပန်းတိုင်တော့ရှိရမည်။ ပန်းတိုင်ကို အရောက်သွားမည်ဆိုသည့် စိတ်ဓာတ်ရှိရမည်။ ဦးတည်ချက်ရှိရမည် ရည်မှန်းချက်ရှိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ 

“ခေါင်းဆောင်တစ်ယောက်မှာရှိတဲ့ အရည်အချင်းမျိုး နောက်လိုက်တစ်ယောက်ဆီမှာ ရှိချင်မှ ရှိမယ်”

လုပ်ငန်းခွင်တစ်ခုတွင် ဦးဆောင်နေသူတစ်ဦးအနေဖြင့် သူ့ဝန်ထမ်းတွေလောက် နည်းပညာတတ်ချင်မှ တတ်မည်၊ သိချင်မှသိမည်။ နောက်လိုက်တွေက ပညာအရာတွင် ကိုယ့်ထက်သာကောင်းသာနိုင်သည်။ ကိစ္စမရှိ ခေါင်းဆောင်သည် နေရာတိုင်း လိုက်သိလိုက်တတ်နေရန်မလို။ ကိုယ်မတတ်သည့်အတွက် တတ်သည့်သူကို ငှားသုံးကောင်းသုံးမည်။ မည်သို့ဆိုစေ လူမှန်နေရာမှန်ပေးတတ်ရန် လိုသည်။ ရှာတတ်ရန်လိုသည်။ 

ခေါင်းဆောင် သို့မဟုတ် အလုပ်ရှင်ဆိုသည်မှာ 

- ကိုယ့်နောက်လိုက် သို့မဟုတ် ဝန်ထမ်းများထက် တွေးခေါ်မြော်မြင်နိုင်စွမ်းတွင် သာနေရမည်။

- စိတ်ဓာတ်ရေးရာသာလွန်ပြီး မလျှော့သော ဇွဲလုံ့လဝီရိယရှိနေသူဖြစ်ရမည်၊ ကိုယ့်ဝန်ထမ်းသို့မဟုတ် နောက်လိုက်တစ်ယောက် မတွေးနိုင်သည်ကို တွေးနိုင်သူများဖြစ်ရန်လိုသည်။

- အရှုံးကို လက်ခံနိုင်ရမည်၊ အမှားကို လက်ခံနိုင်ရမည်။ အမှားနှင့် အရှုံးကို သင်ခန်းစာယူပြီး အမှန်ကို ရောက်အောင် ပြန်လည်လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ရန်လိုသည်။

“နိုင်ငံရေးမရှုပ်နဲ့” 

ဂျက်မာ၏ ပြတ်သားသည့်စိတ်ဓာတ်ဖြစ်သည်။ ငွေနှင့်အာဏာဆိုသည်မှာ လက်ဆင့်ကမ်းရန်မဟုတ်ဟု သူက အမြဲယူဆသည်။ နိုင်ငံရေးသမားဖြစ်ဖူးလျှင် စီးပွားရေး၊ ငွေရေးကြေးရေး သိပ်ဂရုမစိုက်တော့။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ရမည်။ နိုင်ငံရေးလုပ်မှာလား။ စီးပွားရေးလုပ်မှာလား။ နိုင်ငံရေးလုပ်ပြီး စီးပွားရှာရန် မဖြစ်နိုင်။ သူက လက်မခံ။ အလားတူပြီး စီးပွားရေးလုပ်ပြီး နိုင်ငံရေးဝင်ရှုပ်လျှင် စီးပွားရေး မအောင်မြင်နိုင်။ စီးပွားရေးလုပ်မည်ဟု လူငယ်တစ်ယောက်သည် ဆုံးဖြတ်ပြီးပြီဆိုလျှင် စီးပွားရေး အတွေးဖြင့်သာ စီးပွားရေးလုပ်ရန် ဂျက်မာက ဆိုသည်။ 

(Ref: CNBC, Time, Vulcan Post)