News

POST TYPE

YOUTH

မလေးလူငယ်များ မိမိဘာလူမျိုးဖြစ်သည်ကို မေ့ဖျောက်ပြီး စစ်မှန်သည့် မလေးရှားလူမျိုးအဖြစ် သတ်မှတ်ကြရန် ဒေါက်တာမဟာသီယာ တိုက်တွန်း
03-Jul-2018


ကွာလာလမ်ပူ၊ ဇူလိုင် ၂

မလေးရှားနိုင်ငံ၏ လူငယ်လူရွယ် နိုင်ငံသားများအနေနှင့် မိမိ၏ မူလလူမျိုး ဇာစ်မြစ်ကို မေ့ဖျောက်ကာ မိမိကိုယ်မိမိ စစ်မှန်သော မလေးရှားနိုင်ငံသား သို့မဟုတ် မလေးရှားလူမျိုးအဖြစ်သာ စဉ်းစားသတ်မှတ်ကြစေလိုသည်ဟု ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က တိုက်တွန်းပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

Channel News Asia သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ဒေါက်တာ မဟာသီယာမိုဟာမက်က အထက်ပါအတိုင်း မလေးရှားလူငယ်များကို တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။ 

“မလေးရှားဟာ လူမျိုးစုံလင်တဲ့ နိုင်ငံဖြစ်ရုံမဟုတ်သေးပါဘူး၊ ဘာသာစကားစုံတယ်၊ ဘာသာရေးလည်း စုံတယ်၊ ယဉ်ကျေးမှုလည်း စုံတဲ့နိုင်ငံပါ” ဟု ၎င်းက ပြောကြားသည်။ 

“မတူကွဲပြားခြားနားချက်တွေရှိ ပေမယ့်လည်း ကျွန်တော်တို့ ခုထိအတူတကွ နေထိုင်နေကြတယ်၊ အတတ်နိုင်ဆုံး တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းမှုရှိအောင်နေကြတယ်။ ဟုတ်ပါတယ်၊ ပြောမယ်ဆိုရင် ပြဿနာအနည်းငယ်တော့ရှိနေတယ်။ အဲဒီ ဆိုးမွေ၊ ကောင်းမွေတွေကို လက်ခံသွားကြရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု မဟာသီယာမိုဟာမက်က ပြောကြားသည်။ 

မလေးရှားနိုင်ငံသားများအနေနှင့် တစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက် နိုင်အောင် သင်ယူကြရမည်ဟုလည်း ဒေါက်တာ မဟာသီယာကဆိုသည်။ 

“မေ့ပစ်ကြရမယ်၊ တဖြည်းဖြည်းချင်း မေ့ပစ်ကြရမယ်၊ လူမျိုးဇာစ်မြစ်တွေ ဘာဖြစ်တယ်ဆိုတာကို တဖြည်းဖြည်းချင်း မေ့ဖျောက်ပစ်ပြီးတော့ သူတို့ကိုယ်သူတို့ စစ်မှန်တဲ့မလေးရှားလူမျိုးတွေလို့ သတ်မှတ်ကြရပါမယ်” ဟု ၎င်းကမှတ်ချက်ပေးသည်။ 

မလေးရှားနိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါးခန့်မှာ ဒေါက်တာမဟာသီယာမိုဟာမက် ကဲ့သို့သော မလေးတိုင်းရင်းသားလူမျိုးစုများ ဖြစ်ပြီး လေးပုံတစ်ပုံနီးပါးမှာ မလေးတရုတ် လူမျိုးများဖြစ်ကြသည်။ ကျန်လူမျိုးများမှာ အိန္ဒိယနှင့် အခြားတိုင်းရင်းသားမျိုးနွယ်များဖြစ်သည်။ 

မတူညီသည့် မလေးတိုင်းရင်းသား လူမျိုးများအကြား တင်းမာမှုများရှိသော်လည်း အုတ်အော်သောင်းတင်းဖြစ်သည် အထိ ပြဿနာဖြစ်သည်မှာ လွန်စွာရှားပါးသည်။ မလေးရှားနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည့်အချိန်မှစ၍ လူမျိုးရေး အခြေခံ သည့် ဘာရစ်ဆန်အမျိုးသားညွန့်ပေါင်းပါတီ၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော်လည်း ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ပါကာ တန်ဟာရာပန်ပါတီ အနိုင်ရရှိချိန်တွင် ယင်းအုပ်ချုပ်မှုပုံစံမှာ ပြောင်းလဲသွားခဲ့သည်။ 

ဒေါက်တာမဟာသီယာ ဦးဆောင်သော အစိုးရသစ်က မလေးရှားလူမျိုးများ နှင့် ဒေသခံလူမျိုးစုများ၏ အခွင့်အရေးကို အခြေခံဥပဒေတွင်ပါရှိသည့်အတိုင်း မြှင့်တင်ပေးသွားမည်ဖြစ်သည်ဟု ကတိပြုထားသည်။

F-01