News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၆)
23-Jun-2018 tagged as



ဝမ်တောက် (Wang Tao)

သူ့အမည်အပြည့်အစုံမှာ ဖရန့်ဝမ်တောက် (Frank Wang Tao) ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့ ဒရုန်းလေးများကို တီထွင်ထုတ်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ရာမှ အာရှ၏ အသက်အငယ်ဆုံး ဘီလီယံကြွယ် သူဌေးလေးတစ်ယောက်ဖြစ်လာသည်။ သူ့အသက်မှာ ၃၇ နှစ်ရှိပြီဖြစ်ကာ Forbes မဂ္ဂဇင်းကြီး၏ နည်းပညာသူဌေး ၁၀၀ စာရင်းဝင်တစ်ဦးဖြစ်လာသည်။

ဝမ်၏ ချမ်းသာမှုမှာ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံခန့်ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံး ၁၀၀ တွင် နံပါတ် ၇၆ အဆင့်ရှိသည်။ သူသည် ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက် သူ့ကိုယ်ပိုင် ဒရုန်းကုမ္ပဏီဖြစ်သည့် DJI ကို ရှန်ဇန်းတွင် ၂၀၀၆ ခုနှစ်က စတင်ထူထောင်ခဲ့သည်။ ကမ္ဘာ့မောင်းသူမဲ့ ဒရုန်းယာဉ်များထုတ်လုပ်မှုတွင် ဈေးကွက်၏ ၇၀ ရာခိုင်နှုန်း ကို သိမ်းပိုက်ထားနိုင်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်လာသည်အထိ အောင်မြင်မှုရခဲ့သည်။

အာရှတွင် နည်းပညာလောက၌ အချမ်းသာဆုံးပုဂ္ဂိုလ်မှာ Alibaba Group Holding ကို ထူထောင်ထားသည့် ဂျက်မာယန်ဖြစ်သည်။ သူသည် South China Morning Post သတင်းစာကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ဂျက်မာ၏ပိုင်ဆိုင်မှုမှာ e-Commerce ဝန်ဆောင်မှုလုပ်ငန်းက ရလာသည့် အကျိုးအမြတ်အဖြစ် ဒေါ်လာ ၃၇ ဒသမ ၄ ဘီလီယံဖြစ်သည်။ 

Tencent Holding ကို ထူထောင်သည့် ပိုနီမာဟွာတန်သည် ဒေါ်လာ ၃၆ ဒသမ ၇ ဘီလီယံချမ်းသာသဖြင့် တရုတ်နိုင်ငံ၏ နည်းပညာလောကတွင် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။ ဝမ်တောက်သည် ယခုမှ လုပ်ငန်းကို စတင်နေသည်ဆိုသော်လည်း ချမ်းသာခဲ့သူများမှာ တစ်ကစတင်ခဲ့ရသူများဖြစ်ခြင်းကြောင့် သူ၏အနာဂတ်မှာ အလားအလာများစွာ ကောင်းသူတစ်ဦးဟု ဆိုရမည်။

လွန်ခဲ့သည့် ၁၅ နှစ်လောက်ကတည်းက ဝမ်တောက်သည် DIY (Do it yourself) ဆိုသည့် ဒရုန်းလေးများကို တီထွင်နေခဲ့သူဖြစ်သည်။ သူ၏ ဒရုန်းလေးများက ပေါ့ပါးပြီး သယ်ယူရလွယ်ကူသည့်အပြင် ဈေးလည်းသက်သာသောကြောင့် နာမည်ရလာသည်။ 

ဒရုန်းဆိုသည့် မောင်းသူမဲ့ယာဉ်လေးများ ပေါ်ထွန်းလာကတည်းက လူငယ်များသည့် စမ်းသပ်တီထွင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ယင်းတို့အထဲတွင် ဝမ်တောက်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ တရုတ်နိုင်ငံမှ ဝမ်တောက်သည် ဒရုန်းတွင် ကင်မရာကိုထည့်သွင်းပြီး ဓာတ်ပုံရိုက်နိုင်စေရန် စတင်လုပ်ဆောင်ပြနိုင်ခဲ့သည်။ ဒရုန်းကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်ရန် ကင်မရာထည့်သွင်းပေးပြီး ကောင်းကင်တွင် အချိန်ကြာမြင့်စွာ နေနိုင်ရမည်ဆိုသည့် စိတ်ကူးက သူ့ကို DJI (Da-Jiang Innovation Technology) ဆိုသည့်ကုမ္ပဏီကို ပေါ်ပေါက်စေမည့် လမ်းစဖြစ်ခဲ့ရသည်။ 

သူသည် DJI ကို ထူထောင်နိုင်ရုံမက ကုမ္ပဏီ၏ CEO တစ်ယောက်ပါဖြစ်လာသည်။ ကမ္ဘာ့ ဒရုန်းဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားနိုင်သည်အထိလည်း အောင်မြင်မှုများ ရရှိလာခဲ့သည်။ သူ၏ DJI ကုမ္ပဏီက လုပ်ငန်းသုံးမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာသုံး ဒရုန်းလေးများကို ထုတ်လုပ်ခဲ့သည်။ ကစားစရာအသွင် ထုတ်လုပ်ခဲ့ရာ လူငယ်များကြိုက်ပြီး အရောင်းတွင်ကျယ်ခဲ့ရသည်။ DJI မထုတ်မီက သူသည် Phantom ဆိုသည့်အမည်ဖြင့် ထုတ်လုပ်ခဲ့သေးသည်။ 

ဒရုန်းဆိုသည်မှာ ယခင်က အချိန်အတိုင်းအတာ အကန့်အသတ်နှင့် ပျံသန်းနိုင်သောကြောင့် တီထွင်စမ်းသပ်နေသည့် လူငယ်များကြားတွင် စိတ်မကျေမနပ်ဖြစ်ကြရသည်။ သို့သော် DJI ဒရုန်းများ ပေါ်လာပြီးချိန်တွင် ဒရုန်းဆိုသည်မှာ တစ်မျိုးသုံးမဟုတ်၊ စွယ်စုံသုံးနိုင်သည်ဆိုသော သဘောတရားများရရှိလာကြသည်။ 

ဒရုန်းကို ကလေးကစားစရာအဖြစ်မှ လုပ်ငန်းသုံးအဖြစ် တီထွင်မှုကို ဝမ်ကစတင်ခဲ့သည်။ သူတို့က လုပ်ငန်းသုံးဒရုန်းအဖြစ် Matric 600 ကို စတင်လုပ်ဆောင်ပြခဲ့သည်။ ထိုဒရုန်းက ရုပ်ရှင်ရိုက်ကူးရာတွင် များစွာအထောက်အကူပြုနိုင်ခဲ့သောကြောင့် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွင် ခေတ်တစ်ခေတ်ပြောင်းသွားစေသည်အထိ ဖြစ်သွားခဲ့ရသည်။ ဝမ်ကလည်း ကောင်းကင်ရိုက်ကွင်းများတွင် ကင်မရာကို အကောင်းဆုံးနှင့် အတည်ငြိမ်ဆုံး ထိန်းချုပ်ပေးနိုင်မည့်စနစ်များကို ထပ်ဆင့်တီထွင် ထည့်သွင်းပေးနိုင်ခဲ့သည်။

ဝမ်တီထွင်သည့် ဒရုန်းများတွင် ဘက်ထရီသက်တမ်းကို အထူးအလေးပေးနိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ရာ အနည်းဆုံးမိနစ် ၃၀ အထိ ပျံသန်းနိုင်စေရန် လုပ်ဆောင်လာနိုင်သောကြောင့် လုပ်ငန်းအတွက် အသုံးပြုသူများ ပိုပြီးအကြိုက်တွေ့လာကြသည်။ DJI က ထုတ်လုပ်သည့် အထူးနည်းပညာက လေးလံသည့်ကင်မရာကြီးများကိုပင် ဒရုန်းဖြင့် မတင်သွားနိုင်စေရန် ကြံဆောင်နိုင်သောကြောင့် ရုပ်ရှင်လောကနှင့် ဗီဒီယိုလုပ်ငန်းမှပညာရှင်များ ပိုပြီးသုံးစွဲလာကြသည်။ ယခင်က ကောင်းကင်ရိုက်ကွင်းများကို ရဟတ်ယာဉ်များဖြင့် ရိုက်ကူးကြရာ၌ စိတ်တိုင်းမကျမှုများစွာ ရှိခဲ့ရသည်။ ယခုအခါ ဒရုန်းရိုက်ကွင်းများက မြေပြင်မှ စိတ်ကြိုက်ထိန်းချုပ်ခိုင်းစေနိုင်သောကြောင့် ပိုပြီးထိရောက်သည့်အပြင် ငွေလည်းအကုန်အကျ အနည်းဆုံးဖြစ်သွားစေခဲ့သည်။

DJI ကုမ္ပဏီက Mavic ဒရုန်းအသစ်များကို ကင်မရာထည့်ပြီး ပထမဆုံးတီထွင်ခဲ့သည်။ ဆယ်ဖီရိုက်ကူးရာတွင် စိတ်တိုင်းမကျမှုများကို ယင်းဒရုန်းလေးများ အကူအညီဖြင့် ပြောင်းလဲပစ်လိုက်သည်။ ကမ္ဘာအနှံ့ လှည့်လည်သူများအနေနှင့်လည်း ကိုယ်ပိုင်ယူဆောင်ကာ မှတ်တမ်းတင်မှုများကို လွယ်ကူစွာ လုပ်ဆောင်နိုင်သဖြင့် ပိုပြီးခရီးရောက်လာခဲ့ကြသည်။ ပတ်ဝန်းကျင်ရှုခင်းများနှင့် ကိုယ့်ပုံကိုတွဲရိုက်ရာတွင် မြင်ကွင်းအမျိုးမျိုးကို စိတ်ကြိုက်ပုံဖော်နိုင်ခြင်းကြောင့် ဒရုန်းများဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်းဓလေ့က ပိုပြီးခေတ်စားလာခဲ့ရသည်။ 

ဝမ်တောက်၏ DJI ကုမ္ပဏီက အိတ်ဆောင်၊ ခရီးဆောင်ဒရုန်းများကိုထုတ်ပြီး ရိုက်ကူးရေးလုပ်ငန်းများကို ပုံစံပြောင်းပေးလိုက်နိုင်ခြင်းက သူ၏ DJI ကုမ္ပဏီကို ချမ်းသာကြွယ်ဝမှုများ တိုးတက်စေခဲ့သည်။ ဒရုန်းတစ်စင်းလျှင် ဒေါ်လာ ၁၃၀၀ ဖြင့် စတင်ဖြန့်နိုင်အောင် ကြိုးစားနိုင်ခဲ့ခြင်းကလည်း လူတိုင်းတတ်နိုင်သည့် အနေအထားဖြစ်နေသောကြောင့် စိတ်ဝင်စားမှုကို များစွာရခဲ့သည်။ ထို့ကြောင့် တီထွင်ပြီး နှစ်ဝက်ခန့်အကြာတွင် DJI သည် ဒရုန်းဈေးကွက်ကို ချုပ်ကိုင်လိုက်ပြီးသားဖြစ်သွားခဲ့ရသည်။ 

ဒရုန်းထုတ်လုပ်မှုတွင် လူငယ်ကြိုက်ဖြစ်ရုံမက စိတ်ကူးဖြင့် ပေါင်းစပ်လုပ်ဆောင်နိုင်မှုများကို ထည့်သွင်းပေးထားသဖြင် ဝမ်တောက်၏ ဒရုန်းလုပ်ငန်းသည် ပိုပြီးအောင်မြင်လာသည်ဟုဆိုရမည်။ သူ၏ ကုမ္ပဏီရုံးခန်း မျက်နှာစာ တံခါးဝတွင်လည်း “ဦးနှောက်ကိုသာ ယူဆောင်လာပါ” “စိတ်ခံစားမှုများကို ယူဆောင်မလာပါနှင့်”ဆိုသည့် စာတန်းများကို တရုတ်လို ကပ်ထားသည်။ ယင်းသည် ဝမ်တောက်၏ လမ်းစဉ်ဖြစ်သည်။ သူ့ကုမ္ပဏီတွင် အကျိုးရှိသည့် တီထွင်မှုများကိုသာ လာရောက်ပူးပေါင်းလုပ်ဆောင်ရန် လမ်းစဉ်ကို ချမှတ်ထားခြင်းဖြစ်သည်။

သူက DJI ၏ CEO တာဝန်ကို ယူထားရုံမက အလွန်ထက်မြက်စွာဖြင့် လုပ်ငန်းကို ဦးဆောင်နိုင်သူ တစ်ဦးလည်းဖြစ်လာသည်။ အပြောနှင့်အလုပ် ကိုက်ညီအောင်လုပ်သည်။ တစ်ပတ်ကို နာရီ ၈၀ ကျော် လုပ်သည်။ သူ့ရုံးခန်းထဲရှိ အလုပ်စားပွဲအနီးတွင် သစ်သားခုတင်တစ်လုံးထားသည်။ မပြီးမချင်း မပြန်တမ်း ဇွဲနှင့်လုပ်တတ်သည်။

“ကျွန်တော် စတိဗ်ဂျော့ကို အရမ်းသဘောကျတယ်။ သူ့အိုင်ဒီယာလောက် ဘယ်သူ့ကိုမှ အထင်မကြီးမိဘူး”ဟု သူက ဆိုသည်။ သူက ဆက်ပြောသည်။

“လူတိုင်းလိုအပ်တာက သူများတွေထက်ပိုကောင်းပြီး ပိုသာတဲ့ပစ္စည်းတွေကိုပဲ။ အများသုံးနေတာထက် ပိုကောင်းတာတွေပဲ သုံးချင်ကြတာ သဘာဝပဲ။ သူများနဲ့မတူအောင် တီထွင်နိုင်ရင် ခင်ဗျားအောင်မြင်ပြီ”ဟု သူ့အယူအဆကို ရှင်းလင်းစွာထုတ်ဖော်ခဲ့သည်။ သူက စတိဗ်ဂျော့၏စကားကို ကိုးကားပြီး ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝမ်တောက်သည် တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျင်းမြို့တွင် ၁၉၈၀ ပြည့်နှစ်က မွေးဖွားသည်။ ၂၀၀၃ ခုနှစ်တွင် ဟောင်ကောင်ကိုသွားရောက်ပြီး ပညာသင်ကြားခဲ့သည်။ မိသားစုက ရှန်ဇန်းကိုပြောင်းလာသဖြင့် ယင်းမြို့တွင် ကြီးပြင်းလာခဲ့ရသည်။ သူသည် ငယ်စဉ်ကတည်းက ရဟတ်ယာဉ်အရုပ်လေးများကို တီထွင်ထုတ်လုပ်ရခြင်းကို သဘောကျသည်။ ရှန်ဟိုင်းတွင် East China Normal တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ သူယူခဲ့သည့် ဘာသာရပ်မှာ စိတ်ပညာဖြစ်သော်လည်း သူစိတ်ဝင်စားသည့်က အီလက်ထရွန်နစ် အင်ဂျင်နီယာပညာရပ်ဖြစ်သည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်တွင် ကျောင်းထွက်ပြီး ဟောင်ကောင်ကိုပြောင်းကာ ပညာဆက်သင်သည်။ ဟောင်ကောင်တွင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို တက်ရောက်ခဲ့သည်။ ထိုတက္ကသိုလ်တွင် စက်ရုပ်လုပ်သည့် နည်းပညာများကို လေ့လာသင်ယူခဲ့သည်။

ဟောင်ကောင်တွင် ၂၀၀၆ ခုနှစ်၌ ဘွဲ့ရပြီး မာစတာဘွဲ့ကို ထပ်ကြိုးစားကာ သင်ယူရာ ၂၀၁၁ တွင် ဘွဲ့တစ်ခုထပ်မံရခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဟောင်ကောင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က သူ့ပညာနှင့် အရည်အချင်းကို သဘောကျပြီး ဟောင်ကောင်ဒေါ်လာ ၁၈၀၀၀ (အမေရိကန်ဒေါ်လာ ၂၃၀၀) ခန့်ကို အရင်းအနှီးထုတ်ပေးသည်။ သူတီထွင်ပြထားသည့် ဒရုန်းလုပ်ငန်းကို ပိုမိုပြီး တိုးတက်စေရန်အတွက် သုတေသနလုပ်ငန်းများ လုပ်ဆောင်ပြရန်ဖြစ်သည်။ နောက်ပိုင်း ဝမ်တောက်သည့် ရှန်ဇန်းကိုပြန်လာပြီး စီးပွားရေးလုပ်ငန်းကို ကိုယ်ပိုင်ထူထောင်ပြီး လုပ်ဆောင်ခဲ့သည်။ 

၂၀၀၆ ခုနှစ်တွင် သူ့လုပ်ငန်းအဖြစ် DJI ကို စတင်ထူထောင်ခဲ့ပြီးနောက် ဒရုန်းဈေးကွက်ကို ချုပ်ကိုင်နိုင်သည်အထိ အောင်မြင်မှုများ ရရှိလာခဲ့သည်။ အများသုံးဒရုန်းများအဖြစ် တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ပြီး ဒရုန်းကို ကစားစရာပစ္စည်းတစ်ခုကဲ့သို့ တီထွင်ဖော်ဆောင်လိုက်နိုင်ခြင်းမှာ သူ့ကို အောင်မြင်ထင်ရှားသွားစေသည့် အချက်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ သန်း ၄၈၀ ခန့်အထိ အကျိုးအမြတ်ရှိကာ ဝန်ထမ်း ၂၈၀၀ ကို ခန့်ထားနိုင်သည့် လုပ်ငန်းစုကြီးအဖြစ် ထင်ရှားလာခဲ့သည်။ တရုတ်နိုင်ငံကလည်း သူ့ကို အသက် ၄၀ အောက် အချမ်းသာဆုံး လူငယ်လုပ်ငန်းရှင်တစ်ဦးအနေနှင့် ချီးကျူးဂုဏ်ပြုခဲ့သည်။ 

သူ့ကို “ဒရုန်းဘုရင်” ဆိုသည့် ဘွဲ့ကိုပေးပြီး ဆိုရှယ်မီဒီယာလောကတွင်လည်း ဝမ်တောက်၏ DJI ကုမ္ပဏီကို ဝိုင်းပြီး မြှောက်စားရေးသားသဖြင့် မသိသူမရှိဖြစ်ခဲ့သည်။ 

E-01
(Ref: South China Morning Post)


  • VIA
  • TAGS