News

POST TYPE

YOUTH

စွန့်ဦးလူငယ် လုပ်ငန်းရှင်များ
15-Jun-2018


Jack Parson

ဂျက်ပါဆင်သည် အသက် ၂၄ နှစ်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။ သူသည် GCSE စာမေးပွဲကို ဝင်ဖြေရာတွင် ထူးချွန်စွာအောင်မြင်ခဲ့သူမဟုတ်။ အရက်သောက်သဖြင့် အိမ်နှင့်ပြဿနာတက်ကာ နှင်ချခံရသောကြောင့် ငွေရေးကြေးရေး အကျပ်အတည်း တွေ့ခဲ့ရသည်။ 

သူ့ကို အင်္ဂလန်အရှေ့ပိုင်းရှိ အက်ဆက်နယ်မှ မည်သူကမှလည်း အထင်ကြီးမလေးစား။ လူငယ်တစ်ဦးအနေနှင့် ဘဝကို ဆိုးပေစွာဖြတ်သန်းခဲ့ရပြီးမှ သူ့ဘဝကို သူပြုပြင်ရန် နောင်တရခဲ့သည်။ သူ့ဘဝကို မည်သည့်နေရာက စတင်ပြီး ကောင်းအောင်လုပ်မည်နည်း။ ပညာရေးလား၊ လုပ်ငန်းလား သူစဉ်းစားခဲ့ရသည်။

သူက ဘွဲ့ရထားသူတစ်ဦးမဟုတ်။ အထက်တန်းလောက်သာ အောင်ခဲ့သည်။ သူ့ကို လုပ်ငန်းများက သုံးမည်မဟုတ်။ ထို့ကြောင့် အလုပ်တစ်ခုကို ဝင်လုပ်သည်။ သူ့ကို လစာမပေး သုံးလအစမ်းသုံးကြည့်မည် ဆိုခြင်းကိုပင် သူ့ဘဝအပြောင်းအလဲတစ်ခုအနေနှင့် ဝင်လုပ်သည်။ နောက်ပိုင်း အလုပ်ရှင်က သဘောကျပြီး အစမ်းခန့်မှ အမြဲတမ်းအလုပ်သမားအဖြစ် အသိအမှတ်ပြုလိုက်လေသည်။ 

လုပ်ငန်းဌာနများတွင် ဘွဲ့ရထားသူကို ဦးစားပေးပြီး ရာထူးတိုးပေးလေ့ရှိသည်။ သူတို့လို ပညာမတတ် ဘွဲ့မရသေးသူများအတွက် မျက်နှာငယ်ရသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် Yourfeed ဆိုသည့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်သည်။ သူ့လုပ်ငန်းက ပညာကို ကျောင်းတစ်ပိုင်းတစ်စနှင့် ပြီးထားသူများကို လုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက် သင်တန်းများပေးသည့်လုပ်ငန်းဖြစ်သည်။ သူကိုယ်တိုင် တစ်ချိန်က NEET ဆိုသည့် အဖွဲ့အစည်းထွက်ဖြစ်သောကြောင့် ထိုလုပ်ငန်းမှာ သူ့အတွက်မစိမ်းဟု ဆိုရမည်။ သူ၏ လူငယ်များ ပြုစုပျိုးထောင်ရေးလုပ်ငန်းအတွက် Yourfeed ကို ထူထောင်ပြီးနောက်တွင် အထောက်အပံ့အဖြစ် စတာလင်ပေါင် ၇ သိန်းကျော်ရရှိခဲ့သည်။

Yourfeed သည် အလုပ်လိုချင်သည့် လူငယ်များကို စုစည်းပေးရာ နေရာတစ်နေရာအဖြစ် အွန်လိုင်းတွင် နာမည်ကြီးလာသည်။ သူ၏လူငယ်များကို အလုပ်ရှာပေးသည့်လုပ်ငန်းမှာ Facebook နှင့် Google တို့လိုပင် နာမည်ရလာသည်။ အလုပ်လိုချင်သည့် လူငယ်များနှင့် ကုမ္ပဏီများကို သူ၏ချိတ်ဆက်ပေးမှုကြောင့် အချိန်တိုအတွင်း နှစ်ဦးနှစ်ဖက် အကျိုးရှိလာကြသည်။ သို့သော် သူက Yourfeed ဆိုသည့် Website လောက်ကို ပန်းတိုင်မဟုတ်သေးဟု ယူဆထားသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ဖျက်သိမ်းလိုက်သည်။ 

Yourfeed ကို ဖျက်သိမ်းလိုက်ပြီးနောက် ဂျက်ပါဆင်သည် Big Youth Group ကို ထူထောင်သည်။ Big Youth Group အဖွဲ့၏ ရည်ရွယ်ချက်မှာ အသက် ၁၈ နှစ်မှ ၃၀ အတွင်း လူငယ်များကို လုပ်ငန်းစတင်လုပ်ဆောင်လိုပါက အကူအညီပေးရန်ဖြစ်သည်။ သူတို့ကို လုပ်ငန်းကျွမ်းကျင်ရေးနှင့် အလုပ်ရရှိရေးတို့အတွက် ဂျက်က လုပ်ဆောင်ပေးသည်။ သူ၏ လုပ်ဆောင်ချက်များကို သဘောကျသဖြင့် Accenture, Sage, Google, Prince’s Trust ကုမ္ပဏီကြီးများကပါ သူနှင့်လက်တွဲပြီး အထောက်အပံ့များပေးခဲ့သည်။ 

ယနေ့ဆိုလျှင် Big Youth Group အဖွဲ့သည် လူငယ်ပေါင်း ၁၀၀၀ ကို လုပ်ငန်းသစ်များ ထူထောင်ပေးနိုင်ခဲ့ပြီး TechUK ကုမ္ပဏီမှ ဥက္ကဋ္ဌကိုယ်တိုင်ကပင် သူ့ကိုသဘောကျပြီး အထောက်အပံ့အကူအညီ ပေးခဲ့သည်။ 

ယခုအခါ သူထူထောင်ထားသည့် Big Youth Group ကုမ္ပဏီတွင် ဝန်ထမ်း ၁၀ ဦးအထိ ခန့်ထားနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် ပရောဂျက်ပေါင်း ၆ ခုကို စီမံချက်ဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် တစ်ချိန်က အပယ်ခံ ဘဝပျက်လုနီးနီးဖြစ်ခဲ့ရသော်လည်း သူ့လိုလူငယ်တွေ လမ်းမှားမရောက်စေရန် အလုပ်နှင့် ငွေများ ထောက်ပံ့ကူညီပေးပြီး လမ်းကြောင်းပြောင်းပေးနေသည့် အဖိုးတန်လူငယ်တစ်ယောက်ဖြစ်လာခဲ့ရသည်။ 

E-01