News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၅)
15-Jun-2018



မာဟွာတန် (Ma Huateng)

မာဟွာတန်သည် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ ရက်ရောစွာလှူဒါန်းတတ်သူ၊ အင်ဂျင်နီယာ၊ အင်တာနက်နှင့် နည်းပညာစွန့်ဦးလုပ်ငန်းရှင်တစ်ဦးအဖြစ် ထင်ရှားသည်။ သူ့ကို အခြားနာမည်တစ်ခုဖြစ်သည့် ပိုနီမာ (Pony Ma) အနေနှင့်လည်း လူသိများသည်။ ယခုမှ အသက် ၄၆ နှစ်ခန့်ရှိသေးသော်လည်း သူ၏ချမ်းသာမှုမှာ ၂၀၁၈ ခုနှစ် မတ်လအထိ ဒေါ်လာ ၅၁ ဒသမ ၁ ဘီလီယံခန့်ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် အဆင့် ၁၄ ဖြစ်သည်။ 

သူသည် တရုတ်နိုင်ငံမှ နာမည်ကျော် Tencent ကုမ္ပဏီကိုထူထောင်ခဲ့ပြီး လက်ရှိလည်း CEO တာဝန်ကိုယူထားသည်။ Tencent သည် တရုတ်တွင်သာမက အာရှတွင်ပါ အင်တာနက်နှင့် နည်းပညာပိုင်းတွင် အကြီးဆုံးကုမ္ပဏီကြီးတစ်ခုအဖြစ် ထင်ရှားသည်။ အွန်လိုင်းဂိမ်းလုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် လုပ်ငန်းပေါင်းများစွာကို ကြိုးကိုင်လှုပ်ရှားနေသည့် ကုမ္ပဏီလုပ်ငန်းစုကြီးတစ်ခုလည်း ဖြစ်သည်။ 

Tencent ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းဖြင့် စာပို့လုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ စမတ်ဖုန်းလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ပစ္စည်းဝန်ဆောင်မှုလုပ်ငန်း၊ အွန်လိုင်းကြော်ငြာလုပ်ငန်းများကို တစ်ကမ္ဘာလုံးကိုပါ ဖြန့်ကြက်လုပ်ဆောင်နေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ 

၂၀၀၇၊ ၂၀၁၅၊ ၂၀၁၈ သုံးနှစ်တိုင် သူ့ကို Time မဂ္ဂဇင်းက ကမ္ဘာ့ဩဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုဖော်ပြခဲ့ခြင်းခံရသည်။ ၂၀၁၅ ခုနှစ်ကလည်း Forbes မဂ္ဂဇင်းက ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ Fortune မဂ္ဂဇင်းကလည်း ၂၀၁၇ ခုနှစ်တွင် အကောင်းဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

သူ့ကို ဂွမ်ဒေါင်းနယ်၊ ချောင်ယန်းမြို့လေးတွင် မွေးဖွားသည်။ ဖခင်က ဟောင်ကောင်အနီးရှိ ရှန်ဇန်းတွင် ဆိပ်ကမ်းမန်နေဂျာတစ်ယောက်ဖြစ်သည်။ သူသည် ၁၉၈၉ ခုနှစ်တွင် ရှန်ဇန်းတက္ကသိုလ်တက်ခွင့်ရပြီး ၁၉၉၃ ခုနှစ်တွင် ဘွဲ့ရသည်။ ကွန်ပျူတာသိပ္ပံပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး သိပ္ပံဘွဲ့ကို ရခဲ့သည်။ 

ပိုနီမာသည် လျှို့ဝှက်ချက်တွေနှင့် ပြည့်နေသူတစ်ဦးဖြစ်သည်။ သူ့ကို အင်တာဗျူးရန် လိုက်ဖမ်းနေကြသော်လည်း လက်ခံတတ်သူမဟုတ်။ သို့သော် တရုတ်တွင်သာမက တစ်ကမ္ဘာလုံးတွင် သူ့အကြောင်းတွေက ပျံ့နေသည်။ သူ့အမည် “မာ” ဆိုသည်က တရုတ်လို “မြင်း” ဟူ၍ အဓိပ္ပာယ်ရသည်။ ထို့ကြောင့်လည်း သူ့ကို ပိုနီမာဟူ၍ ခေါ်ကြခြင်းဖြစ်သည်။ သူသည် လူထဲလည်းမထွက်၊ စကားလည်းမပြော၊ သူ့အလုပ်သူလုပ်ကာ ခပ်ကင်းကင်း နေလေ့ရှိသောကြောင့် တရုတ်အင်တာနက်လုပ်ငန်းများက “ပြည်သူ့ရန်သူ” အဖြစ် အမည်တပ်ကာ သတ်မှတ်ခြင်းပင်ခံခဲ့ရသည်။

Tencent  ကို ထူထောင်ခဲ့သူ CEO တစ်ယောက်ဖြစ်သော်လည်း သူ့ကိုတွေ့လိုက်လျှင် ပြုံးနေတတ်သည်ကိုသာ တွေ့ရမည်။ သူ့ကို ဩဇာကြီးသည့် ချမ်းသာသော ဟိတ်ဟန်ကြီးသူတစ်ယောက်အနေနှင့် မည်သည့်အခါမှ မတွေ့ရပေ။ ရိုးကုပ်စွာဖြင့် နေထိုင်သွားလာတတ်သည်။ လူထဲထွက်လျှင်လည်း ရှက်သလို ကြောက်သလို ဖြစ်နေတတ်သည်။ စကားပြောလျှင်လည်း တရုတ်ဘာသာဖြင့်သာ ပြောဆိုသည်ကများပြီး အင်္ဂလိပ်လိုပြောခဲသည်။ 

Tencent သည် ကမ္ဘာအနှံ့ ဂိမ်းလုပ်ငန်းများကြောင့် ထင်ရှားလာသည်။ တရုတ်နိုင်ငံတွင် အလိုအလျောက် ငွေပေးချေရသည့် အွန်လိုင်းငွေပေးချေမှုလုပ်ငန်းများကို သူတို့ကုမ္ပဏီက ဦးဆောင်လုပ်ကိုင်ပေးနေသည်။ ထို့ပြင် နိုင်ငံအတွင်း စာတိုများကို ဖုန်းကတစ်ဆင့်ပို့ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း WeChat ကိုလည်း သူ့ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ်သည်။ 

ပိုနီမာသည် သူ့လုပ်ငန်းကို ၁၉၉၈ ခုနှစ် အသက် ၂၆ နှစ်အရွယ်ကတည်းက စတင်ထူထောင်ခဲ့သူဖြစ်သည်။ အစ္စရေးနိုင်ငံမှ ICQ ဆိုသည့်ဖုန်းဖြင့် စာတိုများပို့သောစနစ်ကို အခြေခံပြီး သူက QQ ဆိုသည့် စာပို့စနစ်ကိုထူထောင်ကာ လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းက မထင်မှတ်ဘဲ အောင်မြင်သွားပြီး Tencent ကို ထူထောင်ရသည်အထိဖြစ်သွားခဲ့ရသည်။ သူတို့က အွန်လိုင်းကတစ်ဆင့် ဂိမ်းကစားသူများကို ဝန်ဆောင်မှုများပေးခြင်းကို လုပ်ဆောင်ပေးခဲ့ရာ လူငယ်ထုအတွင်း ပိုပြီးပေါက်သွားခဲ့ရပြန်သည်။ ဂိမ်းလောကတွင် စိုးမိုးနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုမှ Riot ဆိုသည့် ဂိမ်းကိုဝယ်ပြီး ကမ္ဘာ့ဈေးကွက်ကိုဖြန့်သည်။ နောက်ပိုင်းတွင် ဂိမ်းလုပ်ငန်းဈေးကွက်ကြီးတစ်ခုကို ချုပ်ကိုင်နိုင်ခဲ့သည်အထိ အောင်မြင်သွားသည်။

တရုတ်နိုင်ငံတွင် အင်တာနက်လုပ်ငန်းကို ထူထောင်သူများသည် အခြားနိုင်ငံကြီးများမှ လုပ်ငန်းများကို အတုယူပြီး ပုံတူကူးကာ လုပ်ဆောင်ကြရသည်သာဖြစ်သည်။ သူက QQ ကို လုပ်ကိုင်နေရာတွင် သူ၏ ခံယူချက်မှာ နယူတန်၏လမ်းစဉ်ကို အတူယူရန်သာ ဖြစ်သည်။ နယူတန်၏ လမ်းစဉ်ဆိုသည်မှာ “ဝေးဝေးကိုမြင်လိုလျှင် ကြီးမားသူတို့၏ ပခုံးပေါ်သို့တက်ကြည့်နိုင်ရမည်” ဆိုသည့် သဘောတရားအတိုင်း သူက လုပ်ငန်းကြီးများ၏ ပခုံးပေါ်တက်ပြီး ထပ်ဆင့်တီထွင်နိုင်စေရန် ကြိုးစားကာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ လုပ်ငန်းငယ်လေးဆိုတော့ အောင်မြင်နေတဲ့လုပ်ငန်းကြီးတွေရဲ့ ပခုံးပေါ်ကနေ ကျော်ကြည့်နိုင်ဖို့လိုပါတယ်” ဟု သူ အသက် ၃၈ နှစ်အရွယ်က ပြောဖူးသည်။ သူက-

“သူများဆီကနေ ပုံတူကူးချလို့ ခင်ဗျားကို ကြီးကျယ်မြင့်မြတ်သူတစ်ယောက် ဖြစ်မလာစေပါဘူး။ အရေးကြီးတာက ကိုယ့်နေရာကိုယ့်ဒေသနဲ့ ဘယ်လိုအံဝင်အောင် လုပ်ရမလဲဆိုတာပါ။ ပြည်တွင်းက လက်ခံနိုင်တဲ့ အနေအထားကိုရောက်မှာ ပြည်တွင်းဈေးကွက်ကို စိုးမိုးနိုင်မှာဖြစ်ပါတယ်” ဟုလည်း သူက ဆိုသည်။

၁၉၉၈ ခုနှစ်တွင် မာသည် သူပထမဆုံး အလုပ်ဝင်လုပ်သည့် Runxun Communication ကုမ္ပဏီက အလုပ်ထွက်လိုက်သည်။ ထိုကုမ္ပဏီက ဆက်သွယ်ရေးဝန်ဆောင်မှုကို လုပ်ဆောင်သည်။ သူက ရှန်ဇန်းတွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို စထောင်သည်။ သူနှင့် အတန်းဖော် သူငယ်ချင်းငါးယောက်တို့ ပူးပေါင်းပြီး ကုမ္ပဏီတစ်ခုကို စတင်အခြေစိုက်ထူထောင်ခဲ့ခြင်းဖြစ်သည်။ သူတို့လုပ်ငန်းကလည်း ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

သူတို့က မည်သည့်လုပ်ငန်းကို အတုယူကြသနည်း။ အစ္စရေးနိုင်ငံက ၁၉၉၆ ခုနှစ်တွင် ထူထောင်ထားသည့် ICQ လုပ်ငန်းကို သူတို့သဘောကျနေသည်။ ICQ  ဆိုသည်မှာ “I  seek you” ၏ အတိုကောက်ဖြစ်ပြီး ကမ္ဘာ့ပထမဆုံးဖုန်းဖြင့် စာတိုလေးများပို့ဆောင်နိုင်စေရန် ဝန်ဆောင်မှုကို စတင်နေသောလုပ်ငန်းဖြစ်သည်။ 

ICQ ကို အစ္စရေးက လုပ်နေသော်လည်း ကမ္ဘာမသိသေးပေ။ အနောက်နိုင်ငံများတွင်လည်း မသုံးကြသေး။ မာတို့ သူငယ်ချင်းများက ICQ ကို တရုတ်စာနှင့် ဘာသာပြောင်းပြီး ဝန်ဆောင်နိုင်ရန် စိတ်ကူးစတင်ရခဲ့ကြသည်။ သူတို့၏ကြိုးပမ်းမှုက အကောင်အထည်ပေါ်လာသည်။ ၁၉၉၉ ခုနှစ်တွင် OICQ (Open ICQ) ဆိုသည့် ဆော့ဖ်ဝဲကိုတီထွင်ပြီး တစ်နိုင်ငံလုံး အသုံးပြုနိုင်စေရန် လုပ်ပေးလိုက်သည်။ 

မာတစ်ယောက် သူတီထွင်လိုက်သည့်ဆော့ဖ်ဝဲဖြင့် ချမ်းသာလိမ့်မည်ဟု စိတ်ကူးပင်မယဉ်ခဲ့သူဖြစ်သည်။ သူက တီထွင်ထားသည့် ဆော့ဖ်ဝဲကို အခြားဆက်သွယ်ရေးအော်ပရေတာများကို ရောင်းချရန်လောက်သာ စိတ်ကူးခဲ့သူဖြစ်သည်။ သို့သော် သူ့ကို ဆက်သွယ်ကမ်းလှမ်းသူများက ငွေကြေးကိုနှိမ်သဖြင့် သူကိုယ်တိုင်ပင် ထိုဆော့ဖ်ဝဲကို သိမ်းထားရန် ဆုံးဖြတ်လိုက်လေသည်။

သူတို့တီထွင်ထားသည့် OICQ ကို နောက်ပိုင်းတွင် အားလုံးသုံးစွဲနိုင်ရန် အခမဲ့ Download ချခွင့် ပေးလိုက်သည်။ ထိုသို့ ခွင့်ပြုလိုက်သောကြောင့် သုံးစွဲသူအရေအတွက်က အဆမတန်တက်သွားသည်။ ၁၉၉၉ ခုနှစ်ကုန် ဆော့ဖ်ဝဲကိုတီထွင်ပြီး ၉ လအကြာ၌ မှတ်ပုံတင်ပြီး သုံးစွဲသူ ၁ သန်းဖြစ်သွားသည်။ တရုတ်နိုင်ငံတွင် စာတိုပို့စနစ်ကို အများဆုံး အသုံးပြုနေသည့် ဝန်ဆောင်မှုကြီး ဖြစ်သွားခဲ့ရသည်။

၂၀၀၀ ပြည့်နှစ် မတ်လတွင် Tencent ဆိုသည့် ကုမ္ပဏီကို သူက စတင်ထူထောင်တော့သည်။ ထိုသို့ ထူထောင်ရခြင်းကလည်း အကြောင်းရှိသည်။ အစ္စရေးတို့ တီထွင်ထားသည့် ICQ ကို ၁၉၉၈ ခုနှစ်တွင် အမေရိကန်အွန်လိုင်းကုမ္ပဏီ (AOL) က ဒေါ်လာ ၄၀၇ သန်းဖြင့် ဝယ်သွားသည်။ မာတို့ကလည်း OICQ.com နှင့် OICQ.net တို့ကို ထူထောင်ထားပြီးဖြစ်နေသဖြင့် AOL က သူတို့ကို မူပိုင်ခွင့်ချိုးဖောက်သည်ဆိုကာ တရားစွဲသည်။ 

OICQ နှင့် ICQ တို့မှာ တူညီနေသည့်အပြင် သဘောတရားအရလည်း ဆင်နေသောကြောင့် သူတို့ အမှုရှုံးကာ အွန်လိုင်းမှ ပိတ်သိမ်းခြင်းခံလိုက်ရသည်။ OICQ ၏ Website အပိတ်သိမ်းခံလိုက်ရသဖြင့် မာက Tencent.com ကို စတင်ထူထောင်ခဲ့ရခြင်းဖြစ်သည်။ ပိတ်သိမ်းခံရပြီး ၂ နှစ်အကြာ ၂၀၀၀ ပြည့်နှစ်တွင်မှ ထူထောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သူက OICQ ကို အလျှော့ပေးလိုက်ပြီး Tencent ဟု ပြောင်းပေးလိုက်ခြင်းဖြင့် အမှုရင်ဆိုင်ခြင်းကို ရှောင်ပေးလိုက်ခြင်းဖြစ်သည်။ 

မာတစ်ယောက် လုပ်ငန်းသစ် စတင်လုပ်ဆောင်ရန်အတွက် ရင်းနှီးမြှုပ်နှံပေးမည့်သူကို ရှာရပြန်သည်။ ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန် IDC ကုမ္ပဏီနှင့် ဟောင်ကောင်မှ ဆက်သွယ်ရေးကုမ္ပဏီ PCCW တို့က ကုမ္ပဏီ၏ရှယ်ယာ ၄၀ ရာခိုင်နှုန်းအဖြစ် ရင်းနှီးမြှုပ်နှံမှု ငွေ ဒေါ်လာ ၂ ဒသမ ၂ သန်းပေးရန် သဘောတူခဲ့သည်။ သူက ယခင် QQ အသုံးပြုသူများကို သူ့ထံပြန်ရောက်လာစေရန် စွမ်းဆောင်ပြီး လုပ်ငန်းကို မြှင့်တင်နိုင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုမှုကလည်း ဖွံ့ဖြိုးတိုးတက်လာသည်။ သူ၏ စာပို့ဝန်ဆောင်မှု လုပ်ငန်းကိုလည်း လူသုံးပိုများလာသည်။ ၂၀၀၁ ခုနှစ်တွင် သူတို့ Tencent အနေဖြင့် တီထွင်ထားသော QQ ဆော့ဖ်ဝဲကို သုံးစွဲသူ သန်း ၅၀၀ အထိ ဖြန့်ကြက်နိုင်ခဲ့သည်။ 

၂၀၁၁ ခုနှစ်တွင် Tencent ၏ ဝင်ငွေသည် တစ်နှစ်လျှင် ပုံမှန် ဒေါ်လာ ၃ ဘီလီယံခန့်တိုးတက်လာသည်အထိ အောင်မြင်လာကြောင်းတွေ့ရသည်။ မာ့အတွက် နှစ်စဉ် ၁ ဘီလီယံချမ်းသာစေခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်ကတည်းက သူ့ကို တရုတ်နိုင်ငံ၏ နဝမမြောက်အချမ်းသာဆုံး သူဌေးလေးအဖြစ် Forbes က အသိအမှတ်ပြုခဲ့သည်။ သူက WeChat ကို တီထွင်သည့်အခါတွင်လည်း တစ်နှစ်အတွင်း သုံးစွဲသူပေါင်း သန်း ၁၀၀ ကျော်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ၂၀၁၃ ခုနှစ်က ဒုတိယအသုံးအများဆုံးဆော့ဖ်ဝဲအဖြစ် ထင်ရှားသွားခဲ့သည်။ 

ဈေးကွက်ကို သူ့နည်းသူ့ဟန်ဖြင့် ထိန်းချုပ်ထားနိုင်စေရန် ကြိုးစားရင်းက ကမ္ဘာပေါ်တွင် Tencent သည် ပဉ္စမမြောက် အကြီးဆုံးအင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်လာသည်။ သို့သော် Tencent သည် တရုတ် Alibaba နှင့် အမေရိကန် Facebook တို့ကြားတွင် ညှပ်နေသည့် ဆင်းဒဝစ်မုန့်ကဲ့သို့ ဖြစ်နေသည်ဟု Statista အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပိုနီမာသည် အကွက်မြင်သည့် လူငယ်တစ်ဦးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲဝင်ရန် မဲဆွယ်စည်းရုံးစဉ်ကပင် သွားတွေ့ထားပြီး အမေရိကန်လူမျိုး သန်းချီပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရမည်ဟု ကတိပေးခဲ့သူလည်းဖြစ်သည်။ 

မာသည် ထရမ့်နှင့်တွေ့ပြီး တရုတ်ပြည်သို့ပြန်ခဲ့ပြီးနောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သို့ တက်ခွင့်ရခဲ့သည်။ တရုတ်နိုင်ငံ၏ အရေးကြီးသော မူဝါဒများကို ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် ချမှတ်သည့် ညီလာခံကြီး အားတက်ခွင့်ရခဲ့သဖြင့် သူ့အပေါ် တရုတ်ခေါင်းဆောင်များက မည်မျှအလေးထားကြောင်း သိသာနိုင်ပေသည်။

သူ့ကို ဈေးကွက်ဆန်းစစ်ဝေဖန်သူ Elliott က -

“ပိုနီမာဟာ ကင်းမြီးကောက်တစ်ကောင်လိုပဲ။ သူက စကားလည်းများများမပြောဘူး။ ဒါပေမဲ့ သူက အမြဲတမ်း ဗျူဟာတစ်ခုခုကို တွေးနေတတ်တယ်။ နောက်ကွယ်မှာ တစ်ခုခုကိုအမြဲဝှက်ထားတတ်တယ်။ အမြီးလို ထောင်ပြီးထားတာ။ ပိုင်မှ ထိုးထည့်လိုက်တာ” ဟု ဝေဖန်ခြင်းမှာ သူ့ကို အကောင်းဆုံးဂုဏ်မြှင့်ခဲ့ခြင်းသာ။

E-01

(Ref : Biography of Entrepreneurs)