News

POST TYPE

YOUTH

ကမ္ဘာ့လူငယ် ဘီလီယံနာကြွယ်များ
09-Jun-2018



Lukas Walton

Wal-Mart ကို တည်ထောင်သူ၏ မြေးတစ်ယောက်ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် မွေးဖွားသည်။ ၂၀၀၅ ခုနှစ်တွင် သူ့ဖခင် ဂျွန်ဝေါ်တန်သည် လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သည်။ သူက သူ့ဖခင်ထံမှ အမွေများဆက်ခံပြီး လုပ်ငန်းကိုလည်း ဆက်လုပ်သည်။ သူ့ဖခင်ထံကရလိုက်သည့် အမွေက ဒေါ်လာ ၁၁ ဘီလီယံဖြစ်သည်။ သူသည်လက်ရှိတွင် ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံချမ်းသာနေသလို ဖခင်လက်ထက်ကတည်းက ထူထောင်ခဲ့သည့် Walton ဖောင်ဒေးရှင်းတွင် ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။ ဖခင်ကဲ့သို့ပင် အလှူအတန်းစိတ်ဝင်စားပြီး ယနေ့အထိ ဒေါ်လာ ၁၇ ဘီလီယံခန့် ဖောင်ဒေးရှင်းအနေနှင့် လှူဒါန်းခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာရေးကိစ္စများနှင့် ပတ်သက်ပြီး လှူဒါန်းလေ့ရှိသည်။



Dustin Moskovitz

ဒပ်စ်တင်သည် ဇပ်ကာဘတ်နှင့် သူငယ်ချင်းများဖြစ်သည်။ ဟားဗတ်တက္ကသိုလ်မှာကတည်းက တစ်ခန်းတည်းတွင် အတူနေထိုင်ခဲ့သည်။ Facebook ကိုလည်း ဇပ်ကာဘတ်နှင့်အတူ စတင်ထူထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ Facebook  အောင်မြင်စေရန် ဇပ်ကာဘတ်နှင့် ကြိုးပမ်းအားထုတ်ခဲ့သည့် ပထမဆုံးသူငယ်ချင်းများ ဖြစ်သည်။ သူသည် PHP ကွန်ပျူတာဘာသာစကားကို လေ့လာခဲ့သည်။ ဇပ်ကာဘတ်ကို များစွာအထောက်အကူပေးခဲ့သည်။ Facebook ၏ ပထမဆုံး နည်းပညာဆိုင်ရာအကြီး အကဲဖြစ်လာသည်။ နောက်ပိုင်း အင်ဂျင်နီယာဌာန ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။ ဓာတ်ပုံများကို Share လုပ်သည့် Path ကိုလည်း သူပင် ထူထောင်ခဲ့ပြီး Asana ကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သည်။ ယနေ့ သူ၏ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ ၁၁ ဘီလီယံ ဖြစ်သည်။



Eduardo Saverin

သူ့ကို ၁၉၈၂ ခုနှစ်တွင် မွေးဖွားသည်။ စီးပွားရေးပညာရှင်၊ အင်တာနက်စွန့်ဦးလုပ်ငန်းရှင်အဖြစ် ထင်ရှားသည်။ Facebook ကို မာ့ခ်ဇပ်ကာဘတ်နှင့်အတူ ထူထောင်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ Chris Hughes နှင့် Dustin Mosktovitz တို့နှစ်ဦးက ဟားဗတ်တက္ကသိုလ်တွင် Website ကို စတင်ထူထောင်နေစဉ် သူက အဖွဲ့၏ ဘဏ္ဍာရေးအရာရှိတာဝန်ကို ယူထားရသူဖြစ်သည်။ သူ့ထံတွင် Facebook ရှယ်ယာ ၃၅ သန်းဖိုးခန့်ရှိသည်။ Facebook ၏ စုစုပေါင်းရှယ်ယာ ၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ Qwiki နှင့် Jumio တို့ကိုလည်း သူကထူထောင်ထားသည်။ ယနေ့အထိ သူပိုင်ဆိုင်ကြွယ်ဝမှုမှာ ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ ဖြစ်သည်။ 



Yang Huiyan

သူ့ကို ၁၉၈၁ ခုနှစ်တွင် မွေးသည်။ Country Garden Holdings ကုမ္ပဏီပိုင်ရှင် Yang Guoqiang ၏ သမီးဖြစ်သည်။ အာရှတွင် အသက်အငယ်ဆုံးအမျိုးသမီး ဘီလီယံနာတစ်ဦးဖြစ်သည်။ အိုဟိုင်းအိုးတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး Marketing နှင့် Logistics ဘာသာရပ်များဖြင့် ဘွဲ့ရခဲ့သည်။ သူ့ကို ဖခင်ဖြစ်သူက ရှယ်ယာ ၇၀ ရာခိုင်နှုန်းခန့် လွှဲပေးခဲ့သောကြောင့် ချမ်းသာကြွယ်ဝခဲ့ခြင်းဖြစ်သည်။ ယနေ့ ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌတာဝန်ကို ယူထားပြီး သူ့ဖခင်၏ အိုးအိမ်လုပ်ငန်းများကို စီမံအုပ်ချုပ်လုပ်ကိုင်လျက်ရှိသည်။ သူ၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံဖြစ်သည်။



Nathan Blecharczyk

သူ့ကို ၁၉၈၄ တွင် အမေရိကန်ပြည်ထောင်စု၌ မွေးဖွားခဲ့သည်။ Airbnb ကုမ္ပဏီကို ထူထောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိလည်း ကုမ္ပဏီ၏ နည်းပညာအရာရှိချုပ်အဖြစ် တာဝန်ယူထားသည်။ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုနှင့် နည်းပညာဆိုင်ရာဗျူဟာများကို ထိန်းသိမ်းလုပ်ကိုင်ရသည့် တာဝန်ယူထားရသည်။ သူ့ကုမ္ပဏီသည် Microsoft, OPNET, Batiq ကုမ္ပဏီများနှင့် တွဲဖက်ပြီး လုပ်ငန်းများလုပ်ကိုင်ထားသည်။ ယနေ့ဆိုလျှင် သူ၏ Airbnb ကုမ္ပဏီသည် ဒေါ်လာ ဘီလီယံ ၃၀ ခန့် တန်ကြေးရှိနေပြီဖြစ်သည်။ Airbnb ကုမ္ပဏီ၏ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ သူ၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဖြစ်သည်။ 



Brian Chesky

ယခင်က အားကစားရုံတစ်ရုံတွင် အလုပ်လုပ်ခဲ့သော်လည်း ယနေ့ဆိုလျှင် လူငယ်ဘီလီယံကြွယ် သူဌေးဘဝကို ရောက်ရှိနေပြီဖြစ်သည်။ Airbnb ကုမ္ပဏီတွင် သူသည် CEO တာဝန်ကိုယူထားရသည်။ Joe Gebbia နှင့် Nathan Underwood Blecharczyk တို့နှင့်အတူ Rhode Island School ကျောင်းတွင် တက်နေစဉ်က အခန်းဖော်များဖြစ်ခဲ့ပြီး Airbnb ကို အတူထူထောင်ခဲ့ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ယနေ့ဆိုလျှင် သူတို့ သူငယ်ချင်းသုံးယောက်ထူထောင်သည့် ကုမ္ပဏီမှာ မြို့ကြီးပေါင်း ၃၃,၀၀၀ တွင်ရှိနေပြီး၊ ကမ္ဘာ့ဖောက်သည်ပေါင်း ၆၅ သန်းကျော် ရှိသည်။ Uber ပြီးလျှင် ဒုတိယနေရာတွင် သူတို့ကုမ္ပဏီကရှိနေပြီး ဒေါ်လာဘီလီယံ ၃၀ ခန့်တန်ကြေးရှိနေသည်။ ချက်စကီးသည် Airbnb တွင် ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး သူ၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဖြစ်သည်။

E-01 

(Ref: The Daily Records)