News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၄)
09-Jun-2018 tagged as

ဂျိုကမ်ဖေး (Zhou Qunfei)

ဂျိုကမ်ဖေးသည် တရုတ်စွန့်ဦးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားသဖြင့် ယခုဆိုလျှင် အသက် ၄၈ နှစ်သာ ရှိသေးသော်လည်း ၂၀၁၈ ခုနှစ် (Forbes) က ထုတ်ပြန်သည့် စာရင်းအရ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ချမ်းသာကြွယ်ဝသော တရုတ်အမျိုးသမီးတစ်ဦးဖြစ်နေပြီ။ ထို့ပြင် မိဘချမ်းသာသောကြောင့် မဟုတ်ဘဲ ကမ္ဘာ့ကိုယ့်အားကိုယ်ကိုး ကြိုးစားခဲ့သူ အမျိုးသမီးများထဲတွင်လည်း အချမ်းသာဆုံး၊ နည်းပညာလောကတွင်လည်း အချမ်းသာဆုံးအမျိုးသမီးအဖြစ် ဂုဏ်ဝင့်နိုင်သူတစ်ဦးလည်းဖြစ်သည်။ သူသည် ကွန်ပျူတာနှင့် ဖုန်းများ၏ မျက်နှာပြင် (Touchscreen) များကို ထုတ်လုပ်သော Lens Technology ကို ထူထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ 

ကမ်ဖေးကို ဟူနန်နယ်၊ ရှန်ရှန်းမြို့တွင် ၁၉၇၀ ပြည့်နှစ်က မွေးဖွားသည်။ အလွန်ဆင်းရဲသော မိဘများ၏ သားသမီးသုံးဦးအနက် အငယ်ဆုံးသမီးဖြစ်သည်။ သူကို မမွေးမီက ဖခင်သည် စစ်သားတစ်ဦးဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်က စက်ရုံတစ်ရုံတွင် မတော်တဆဖြင့် မျက်လုံးကွယ်ကာ လက်ချောင်းလေး တစ်ချောင်းလည်း ဆုံးရှုံးသွားခဲ့ရသည်။ ဖခင်က မိသားစုကို ဝါးခြင်းတောင်းများရက်ခြင်း၊ ဝါးကုလားထိုင်များလုပ်ခြင်း၊ စက်ဘီးပြင်ခြင်းတို့ဖြင့် ရှာကျွေးခဲ့သည်။ ကမ်ဖေး ငါးနှစ်သမီးတွင် သူ့မိခင်ကွယ်လွန်သည်။ သူက မိသားစုကို တိရစ္ဆာန်များ မွေးမြူရာတွင် အစာကျွေးပြီး ဝိုင်းကူရသည်။ 

သူက မိသားစုထဲတွင် တစ်ဦးတည်း ကျောင်းနေခွင့်ရသူဖြစ်သည်။ အထက်တန်းအဆင့်အထိ ကျောင်းတက်ခွင့်ရပြီး ဉာဏ်လည်း ထက်မြက်သူဖြစ်သော်လည်း အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့ရသည်။ ရှန်ကျန်းတွင်ရှိသော ဦးလေး၏ မိသားစုနှင့် သွားနေပြီး အလုပ်သွားလုပ်ရသည်။ အစိုးရအလုပ် လုပ်လိုသော်လည်း ဘွဲ့မရသောကြောင့် အလုပ်မလွယ်ဖြစ်ခဲ့ရသည်။

ရှန်ကျန်းတွင် နေထိုင်စဉ် ရှန်ကျန်းတက္ကသိုလ် အနီး ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်သည်။ တက္ကသိုလ်တွင် အချိန်ပိုင်းတက်ပြီး ပညာသွားသင်သည်။ တက္ကသိုလ်တက်ရင်း စာရင်းကိုင်၊ ကွန်ပျူတာ၊ ဈေးကွက်လေ့လာ ပညာရပ်များလေ့လာသင်ယူသည့် အပြင်ကုန်ကားကြီးများကို မောင်းသည့်လိုင်စင်ကို ပါရအောင်ယူခဲ့သည်။ သူက အင်္ဂလိပ်စာကိုပါ လေ့လာသော်လည်း တတ်မြောက်အောင်မသင်ယူနိုင်ခဲ့ သောကြောင့် စိတ်ပျက်ဝမ်းနည်းခဲ့ရသည်။ 

သူက ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်လိုသော်လည်း နာရီအစိတ်အပိုင်းများလုပ်သည့် မိသားစုပိုင် လုပ်ငန်းလေးတစ်ခုတွင် တစ်လယွမ် ၁၈၀ ဖြင့်ဝင် ရောက်လုပ်ကိုင်ရသည်။ သုံးလလုပ်ပြီးနောက် လုပ်ငန်းကို သဘောမကျသဖြင့် ထွက်လိုက်သည်။ စက်ရုံတစ်ရုံတွင် ဝင်လုပ်သည်။ စက်ရုံပိတ်သွားသဖြင့် ၁၉၉၃ ခုနှစ် သူ့အသက် ၂၂ နှစ်အရွယ်တွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်သည်။ သူ့ထံတွင် စုဆောင်းထားသည့် ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ ဖြင့် စတင်လုပ်ဆောင်ခြင်းဖြစ်သည်။ 

နောက်ပိုင်းတွင် ကိုယ်ပိုင်လုပ်ငန်းကို ကုမ္ပဏီထောင်ပြီး အစ်ကို၊ အစ်မ၊ ဝမ်းကွဲမောင်နှမနှစ်ဦးနှင့်အတူ အိမ်ခန်းသုံးခန်းပါသည့် တိုက်ခန်းတွင် လုပ်ငန်းစတင်ခဲ့ရသည်။ နာရီမှန်များကို ထုတ်လုပ်သည့်လုပ်ငန်းကို မောင်နှမများ စုပေါင်းလုပ်ကြခြင်းဖြစ်သည်။ ထိုလုပ်ငန်းတွင်လည်း ကမ်ဖေးသည် ဦးဆောင်သူတစ်ဦးဖြစ်လာပြီး လုပ်ငန်းကိုလည်း တိုးချဲ့နိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လုပ်ငန်းကြီးတစ်ခုဖြစ်သည့် TCL Corporation သို့ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်များ တင်သွင်းခွင့်ရရှိခဲ့သည်။ 

၂၀၀၃ ခုနှစ်တွင် နာရီမှန်ထုတ်လုပ်သည့် လုပ်ငန်းကို ဆက်လုပ်သည်။ Motorola ကုမ္ပဏီသို့လည်း သူတို့ကုမ္ပဏီထုတ် Razr V3 မှန်သားပြင်များ တင်သွင်းခွင့်ရခဲ့သည်။ ကမ်ဖေးသည် Lens Technology  ကို ထူထောင်ပြီး ၂၀၀၃ ခုနှစ်ကတည်းက မိုဘိုင်းလ်ဖုန်းမျက်နှာပြင် မှန်သားများ ထုတ်လုပ်ပေးခြင်းကို လုပ်ကိုင်ပေးခဲ့ရသည်။

နာမည်ကျော် မိုဘိုင်းလ်ကုမ္ပဏီကြီးများဖြစ်သည့် HTC, Nokia, Samsung ကုမ္ပဏီများနှင့် လည်းချိတ်ဆက်မိပြီး ဖုန်းမျက်နှာပြင် Touchscreen မှန်များကို ထုတ်လုပ်ပေးခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် Apple ကုမ္ပဏီအတွက်လည်း iPhone အတွက် Touchscreen များကို ထုတ်ပေးခဲ့ရပြန်သည်။ Apple, Huawei နှင့် Samsung ကုမ္ပဏီကြီးများက သူတို့ကုမ္ပဏီထုတ် ဖုန်း Touchscreen များ၏ ၇၅ ရာခိုင်နှုန်းခန့်ကို Lens Technology ထံက မှာယူကြသည်။ Apple ကထုတ်သည့် နာရီများတွင်လည်း Lens Technology က ထုတ်သည့် Sapphire Crystal မှန်များကိုသာ ထည့်သုံးခြင်းခံရသည်။ 

၂၀၁၅ ခုနှစ် ဧပြီလတွင် ကမ်ဖေးထူထောင်ခဲ့သော လုပ်ငန်းကြီး၌ ဝန်ထမ်းပေါင်း ၆၀,၀၀၀ ခန့် ရှိနေပြီ။ ဘီလီယံနှင့်ချီသည့် ဖန်သားမျက်နှာပြင်များကို ထုတ်လုပ်ပေးနေရပြီး တရုတ်နိုင်ငံတွင်ပင် စက်ရုံပေါင်း ၃၂ ခုအထိ ခွဲဖွင့်နိုင်ခဲ့သည်။ 

ကမ်ဖေးသည် သူ့ကို ပထမဆုံး စက်ရုံသို့ခေါ်ယူခဲ့သည့် သူဌေးနှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ယောက်ရခဲ့သည်။ သူတို့အိမ်ထောင်ကွဲသွားသည်။ သမီးသည် လက်ရှိ နိုင်ငံခြားတွင် ပညာသင်ကြားနေသည်။ ၂၀၀၈ ခုနှစ်တွင် စက်ရုံမှလက်တွဲလုပ်နေသူ ကျန်ကျူးလုံဆိုသူနှင့် ထပ်မံအိမ်ထောင်ပြုသည်။ သားတစ်ဦးထပ်မံရသည်။

သူ့ဘဝဖြတ်သန်းခဲ့မှုမှာ ငယ်ရွယ်စဉ် လုပ်ငန်းကို စတင်လုပ်ကတည်းက နာရီနှင့်ရင်းနှီးခဲ့ရပြီး သူအလုပ်သမားဘဝနှင့် လုပ်ကိုင်ခဲ့ရသော နာရီစက်ရုံမှ နည်းပညာများကို နားအောင်လုပ်ထားနိုင်ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုကို ထူထောင်သည့်အခါတွင်လည်း Apple နှင့် Samsung တို့လို ကမ္ဘာကျော်ကုမ္ပဏီကြီးတွေနှင့် ချိတ်ဆက်နိုင်စေရန် အမျိုးသမီးတစ်ဦးအနေနှင့် လမ်းဖောက်ခဲ့ရသည်မှာ အလွန်ခက်ခဲခဲ့ပါသည်။ သို့သော် သူရအောင် ဖောက်နိုင်ခဲ့သည်။ ကမ္ဘာ့ဘီလီယံနာကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ခဲ့သူ အမျိုးသမီး သုံးပုံနှစ်ပုံသည် တရုတ်နိုင်ငံက ဖြစ်နေခြင်းမှာ ထူးခြားသည်ဟု ဆိုရမည်။ ယင်းတို့အထဲတွင်မှ ကမ်းဖေးသည် ဆင်းရဲသည့် ဘဝက ထိုးဖောက်ထွက်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ 

သူသည်အဘယ်ကြောင့် အောင်မြင်ခဲ့ရသနည်း။ CNBC နှင့် အင်တာဗျူးတွင် သူအဘယ်ကြောင့် အောင်မြင်သူတစ်ဦးဖြစ်ခဲ့ရကြောင်း အချက်သုံးချက်ဖြင့် ဖြေကြားသွားခဲ့သည်။ သူက စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦး ဖြစ်လိုလျှင် ထိုအချက်သုံးချက်အတိုင်း လိုက်နာဆောင်ရွက်ပါဟု လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။

ကောင်းစွာပြင်ဆင်ပါ

စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လိုလျှင် အရေးအကြီးဆုံးမှာ ဘာတွေဖြစ်လာနိုင်သည်ကို ကြိုတင်တွေးဆကာ ပြင်ဆင်ထားနိုင်ရန် အရေးကြီးသည်။ ပထမဆုံး ကိုယ့်ပြိုင်ဘက်တွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်။ ဒုတိယမှာ စိတ်ဓာတ်ကြံ့ခိုင်ရန် အရေးကြီးသည်။ တတိယအချက်မှာ ကိုယ့်ဈေးကွက်နှင့် ကိုယ့်ပြိုင်ဘက်ကို ရင်ဆိုင်နိုင်စွမ်းရှိရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

သူ့ဘဝက ပစ္စည်းများကို အများနှင့်စုပေါင်းကာ တပ်ဆင်ပေးရသည့် လိုင်းအလုပ်သမားလေးဘဝက စတင်ခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းမန်နေဂျာ ဖြစ်လာပြီး သူ့အလုပ်ရှင်က သူ့ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေရန် အားပေးကူညီခြင်းခံရသည်။ ထိုယုံကြည်စိတ်ကပင် သူ့ကိုယ်ပိုင် Lens Technology ကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ သူက ဘဝတွင် အရှုံးတွေနှင့် ကြုံတွေ့ရမည်သာ ဖြစ်သည်။ မည်မျှရှုံးခဲ့သည်ဖြစ်စေ ရင်ဆိုင်ရဲသည့် သတ္တိတွေကို စုစည်းပြီး ပြန်လည်တိုက်ခိုက်ရင်ဆိုင်နိုင်စေရန် ကြိုးစားရမည်။ ယင်းသည်ပင် သူ့ဘဝကို တိုးတက်ပြောင်းလဲအောင်မြင်စေရန် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ 

သူ့ထံတွင် ဘာဖြစ်လာလျှင် ဘာလုပ်မည်၊ ဘယ်လိုရင်ဆိုင်လိုက်မည်ဆိုသည့် အစီအစဉ်တွေ အမြဲထားသည်။ သူလုပ်ငန်းကို စတင်လုပ်ကိုင်စဉ်ကဆိုလျှင် သူ့ထံသို့ ပစ္စည်းမှာသူတွေ၊ ဖောက်သည်တွေထံ မပြတ်သွားတွေ့သည်။ သူ့ပစ္စည်းတွေအကြောင်းကို ဝယ်သူထံသွားတင်ပြသည်။ အကယ်၍ ငါ့ပစ္စည်းတွေကို မယူဘူးဆိုကာ ငြင်းပယ်လိုက်လျှင် ငါဘာလုပ်ရမည်နည်းဆိုသည်ကို သူစဉ်းစားသွားတတ်သည်။ ပစ္စည်းတစ်ခုကို ကိုယ်က ထုတ်လုပ်ထားသော်လည်း ဖောက်သည်ကကြိုက်လိမ့်မည်ဟု အမြဲမျှော်လင့်၍မရပေ။ သူ့အတွက် အစီအစဉ်တွေအများကြီးဆွဲပြီးမှ သူ့ကို အလုပ်ပေးမည်သူတွေနှင့် စကားပြောတတ်သည်။

သင်ယူပါ

ကိုယ့်ကို အလုပ်အပ်မည့်သူ သို့မဟုတ် ဖောက်သည်တွေက အကောင်းဆုံးဈေးပေးမည်ဟု မျှော်လင့် မထားသင့်ပါ။ မည်သို့ဆိုစေ ကိုယ့်ဘက်ကတော့ အကောင်းဆုံးပစ္စည်းကိုသာ ထုတ်လုပ်သွားရန်လိုသည်။ ယင်းသည် ကမ်ဖေး၏ဝါဒဖြစ်သည်။ နောက်ထပ်အရေးကြီးသည့်ကိစ္စမှာ ကိုယ်ထုတ်လုပ်သည့် ပစ္စည်းအကြောင်း ကိုယ်ကောင်းကောင်းသိနေရန် ဖြစ်သည်။ ကိုယ်ပစ္စည်းအကြောင်း ကိုယ်ကောင်းကောင်းသိခြင်းက ကိုယ့်ပြိုင်ဘက်ကို ကောင်းကောင်း အနိုင်ယူနိုင်သည့် နည်းတစ်ခုလည်းဖြစ်သည်။

သူသည် ဘွဲ့ရထားသူတစ်ဦးမဟုတ်။ ခက်ခဲစွာ ဘဝကိုရုန်းကန်ရင်း အလုပ်လုပ်ရင်း သင်တန်းပေါင်းစုံ လျှောက် တက်ထားသည်။ အချိန်ပိုင်း သင်တန်းများကို ကြုံသလိုတက်သည်။ စက်ရုံအလုပ်သမားဘဝနှင့် စာရင်းကိုင်လက်မှတ်၊ ကွန်ပျူတာသင်တန်းဆင်းလက်မှတ်၊ ဒရိုင်ဘာလက်မှတ် အားလုံးရအောင် လုပ်ထားသည်။ တက္ကသိုလ်တက်ရန် သူ့ထံတွင် အရည်အချင်းမရှိသော်လည်း လုပ်ငန်းနှင့်ပတ်သက်သည့် သင်တန်းမှန်သမျှ သူတက်ရောက်လေ့လာခဲ့သည်ချည်း ဖြစ်သည်။ သူ့ဝါဒက “သင်ယူချင်တဲ့စိတ်ရှိရင်၊ တိုးတက်ကြီးပွားလိုစိတ်လည်း အလိုလိုဖြစ်လာလိမ့်မယ်” ဟု ဆိုသည်။

ဘယ်တော့မှ စိတ်မပျက်နှင့်

လူတိုင်းသည် အတိုက်အခိုက်၊ အရှုံးများနှင့် ရင်ဆိုင်လိုက်ရလျှင် မရင့်ကျက်စွာဖြင့် အရှုံးပေးလိုက်သည်က များသည်။ သူက ထိုစိတ်ဓာတ်တွေကို မကြိုက်။ သူ့အတွက် အခက်ခဲဆုံးကာလတွေကိုပင် အအောင်မြင်ဆုံးဖြစ်စေရန် ကျော်ဖြတ်နိုင်ခဲ့သည်။ 

သူကအဖွဲ့အစည်းစိတ်ဓာတ်လည်းရှိသည်။ သူ ကုမ္ပဏီထူထောင်ပြီးနောက် သူ့ကုမ္ပဏီ၏ အုပ်ချုပ်သူ အဖွဲ့ဝင် ၂၀ နှင့်အတူ ဟူနန်နယ်ရှိ တဝေတောင်ပေါ်ကို သွားတက်ကြသည်။ ထိုတောင်က ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၅၀၀၀ ကျော်မြင့်သည်။ သူ့အဖွဲ့ဝင် ထက်ဝက်ခန့်သည် တောင်ပေါ်မရောက်မီ အားလျှော့ချင်ကြသည်။ သို့သော်သူက အဖွဲ့အားလုံးကို တောင်ပေါ်သို့ မရောက်ရောက်အောင် တက်ရမည်ဟု တိုက်တွန်းအားပေးခဲ့သည်။ 

“ဘာကြောင့်လဲဆိုတော့ တစ်ဝက်လောက် ရောက်လာပြီးမှ အားလျှော့လိုက်တယ်ဆိုရင် ဘာထူးမှာလဲ။ အောက်ကို ပြန်ဆင်းမှာထက် အထက်ကို တစ်ဝက်ရောက်အောင် တက်လိုက်တာ ပိုမကောင်းဘူးလား။ တစ်ဝက်က လှည့်ပြန်တော့ နှစ်ခါရှုံးတာပေါ့” ဟု သူကဆိုသည်။ 

ကမ်ဖေးသည် ထိုသို့သော ဇွဲမျိုးဖြင့် လုပ်ဆောင်ခဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း ၂၀၁၇ ခုနှစ်အထိ သူပိုင်စက်ရုံပေါင်း ၃၂ ရုံရှိပြီး၊ သူ့လက်အောက်တွင် ဝန်ထမ်းပေါင်း ၉၀,၀၀၀ ကျော်ရှိသည့် လုပ်ငန်းကြီးကို ကိုင်တွယ် အုပ်ချုပ်နေရသူတစ်ဦးဖြစ်လာသည်။ 

အသက် ၄၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ ဖြတ်သန်းလာသည့် ခရီးကြမ်းသည် ချောမွေ့လှသည်တော့မဟုတ်။ သူ့ Lens Technology ကထုတ်သည့် ဖန်သားပြင်များကို ယနေ့ iPhone ဆိုသည့် ကမ္ဘာကျော်ထုတ်ကုန်ပစ္စည်းတစ်ခုအပေါ်ရောက်အောင် သူလုပ်ဆောင်ဖြတ်ကျော်ခဲ့ရသည်များမှာ အံ့အားသင့်စရာကောင်းလှသည်။ သူသည် ယနေ့ဆိုလျှင် ဒေါ်လာ ဘီလီယံ ၉ သန်းကျော်ချမ်းသာသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ့ကုမ္ပဏီ Lens Technology သည်ပင် ဒေါ်လာ ၁၁ သန်းကျော်ရှိသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်လာသည်မှာ ကမ်ဖေး၏ ဇွဲသတ္တိများကြောင့်သာ ဖြစ်သည်။

E-01
(Ref: Biography of Entrepreneurs)

  • TAGS