News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၃)
02-Jun-2018 tagged as


ဂျက် ဘေးဇော့စ် (Jeff Bezos)

သူ့အမည် အပြည့်အစုံက ဂျက်ဖရီ ပရက်စ်တန် ဘေးဇော့စ် (Jeffrey Preston Bezos) ဖြစ်သည်။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မွေးသည်။ အမေရိကန်ပြည်ထောင်စုမှ ထင်ရှားသော နည်းပညာနှင့် ပတ်သက်သည့် စွန့်ဦးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ အလှူရှင်ကြီးတစ်ဦးအဖြစ်ထင်ရှားသည်။ Amazon ဆိုသည့် ကမ္ဘာ့အွန်လိုင်းလက်လီအရောင်းဌာနကြီးကို စတင်ထူထောင်ခဲ့သူဖြစ်ပြီး လက်ရှိလည်း ထိုအဖွဲ့အစည်းကြီး၏ CEO ရာထူးကိုယူထားရသူဖြစ်သည်။ 

သူသည် နယူးမက္ကဆီကို အဘူကာကီတွင် မွေးပြီး တက္ကဆက်ဟျူစတန်တွင် ကြီးပြင်းခဲ့ရသည်။ ၁၉၈၆ ခုနှစ်တွင် ပရင့်စ်တန်တက္ကသိုလ်မှ Electrical Engineering ဘွဲ့နှင့် Computer Science ဘွဲ့ ရသည်။ ၁၉၈၆ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ Wall Street တွင် အလုပ်ပေါင်းစုံလျှောက်လုပ်ပြီး ကျင်လည်ခဲ့သည်။ 

၁၉၉၄ ခုနှစ်တွင် သူ့ကိုယ်ပိုင်လုပ်ငန်းအဖြစ် Amazon ကို ထူထောင်သည်။ လုပ်ငန်းတစ်ခုကို မထူထောင်မီ ခရီးရှည်ကြီးတစ်ခုကိုထွက်ပြီး သေချာစွာ စူးစမ်းလေ့လာပြီးမှ အကွက်ချကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး အွန်လိုင်းကတစ်ဆင့် စာအုပ်ရောင်းသည့် အရောင်းလုပ်ငန်းကို စလုပ်သည်။ နောက်ပိုင်းမှာ စာအုပ်အပြင် အခြားပစ္စည်းများကို လိုက်ပို့သည်။ ထိုအချိန်က ခေတ်စားသည့် ဗီဒီယိုခွေများ၊ အသံတိပ်ခွေများအထိ မှာသမျှကို လိုက်ပို့ပေးသည့် လုပ်ငန်းကို လုပ်ကိုင်သည်။ ထိုမှ ယနေ့ဆိုလျှင် Amazon သည် အွန်လိုင်းတွင် နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ရကာ အွန်လိုင်း Cloud နှင့် Web လုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့သည်။

ဘေးဇော့စ်သည် ၂၀၀၀ ပြည့်နှစ်တွင် အာကာသကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Blue Origin ကို ထူထောင်ခဲ့ပြန်သည်။၂၀၁၅ ခုနှစ်တွင် Blue Origin အနေနှင့် စတင်စမ်းသပ်ပျံသန်းခဲ့သည်။ သူက ယခု ၂၀၁၈ ခုနှစ် အတွင်း အာကာသအတွင်းသို့ လူသားများကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် ကြံစည်ထားသည်။ ၂၀၁၃ ခုနှစ်တွင် The Washington Post သတင်းစာတိုက်ကြီးကို ဒေါ်လာ သန်း ၂၅၀ ဖြင့် ဝယ်ခဲ့သည်။ Bezos Expeditions ဆိုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုကြီးတစ်ခုကိုလည်း ထူထောင်ထားသည်။ 

၂၀၁၇ ခုနှစ် ဇူလိုင် ၂၇ တွင် သူသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်လာသည်။ သူ့ပိုင်ဆိုင်မှုမှာ ဒေါ်လာ ဘီလီယံ ၉၀ ကျော်ရှိသည်။ ထိုနှစ် နိုဝင်ဘာတွင် Amazon ရှယ်ယာဈေးတွေ ထပ်တက်သွားပြန်သဖြင့် ဘီလီယံ ၁၀၀ ကြွယ် သူဌေးကြီးဖြစ်သွားပြန်သည်။ ၂၀၁၈ ခုနှစ် မတ်လ ၆ ရက်နေ့ Forbes မဂ္ဂဇင်းကြီး၏ ထုတ်ပြန်ချက်အရ ဘေးဇော့စ်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁၁၂ ဘီလီယံဖြစ်သွားသည်။ 

သူ့ဖခင်သည် ချီကာဂိုတွင် စက်ဘီးအရောင်းဆိုင်လေးဖွင့်ထားသည်။ သူ့မိခင်က သူ့ကိုမွေးစဉ် အသက် ၁၇ နှစ်အရွယ် ကျောင်းသူဘဝသာရှိသေးသည်။ ပထမအိမ်ထောင်ကွဲပြီး မိုက်ဘေးဇော့စ်နှင့် ထပ်ပြီး အိမ်ထောင်ပြုသောကြောင့် ဘေးဇော့စ်အမည်ခံရသည်။ သူသည် ငယ်စဉ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားသည်။ ပရင့်စ်တန်တက္ကသိုလ်မှ အောင်သည့်အခါတွင်လည်း ထူးချွန်စွာအောင်မြင်ခဲ့သည်။ 

၁၉၈၇ ခုနှစ် ပရင့်စ်တန်တက္ကသိုလ်မှ ထွက်လာပြီးနောက် နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Intel, Bell Labs, Andersen Consulting ကုမ္ပဏီကြီးများက သူ့ကို ကမ်းလှမ်းခြင်းခံရသည်။ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Fital တွင် ဝင်လုပ်သည်။ နိုင်ငံတကာကုန်သွယ်ရေးကို ချိတ်ဆက်ပေးရသည့် Network လုပ်ငန်းကို လုပ်ဆောင်ခဲ့ရသည်။ ၁၉၈၈ မှ ၁၉၉၀ အထိ Bankers Trust တွင် ပရောဒတ်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အသက် ၃၀ အရွယ်တွင် D.E. Shaw ကုမ္ပဏီတွင် စတုတ္ထအကြီးဆုံး ဥက္ကဋ္ဌရာထူးနေရာကို ရရှိခဲ့သည်။

၁၉၉၃ ခုနှစ် နှောင်းပိုင်းတွင် ဘေးဇော့စ်သည် အွန်လိုင်းစာအုပ်အရောင်းဆိုင်ကို ထူထောင်ရန် ဆုံး ဖြတ်လိုက်သည်။ D.E. Shaw တွင် နေရာရနေသော်လည်း အလုပ်ကထွက်လိုက်သည်။ ၁၉၉၄ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် Amazon ကို စတင်ထူထောင်သည်။ တောင်အမေရိကတစ်ခွင် လှည့်လည်စဉ်က အမေဇုန် မြစ်ကိုဖြတ်သန်းရာ၌ ထိုအမည်ကို ကုမ္ပဏီထောင်လျှင် ပေးရန်စိတ်ကူးရပြီး ပေးခဲ့ခြင်းဖြစ်သည်။ Amazon ဆိုသည့်စာလုံးတွင်လည်း A ဖြင့်စထားသောကြောင့် သူက ခရီးအစအဖြစ် နိမိတ်ကောက်ခဲ့သည်။ လုပ်ငန်းစတင်ရန်အတွက် မိဘများထံက ဒေါ်လာ ၃ သိန်း လက်ခံ ရရှိခဲ့သည်။ သူ့လုပ်ငန်းမှာ ကျဆုံးသွားရန်၊ ပျက်စီးသွားရန် ၇၀ ရာခိုင်နှုန်းလောက် သေချာမှန်းသိသော်လည်း သူက ရဲရင့်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Amazon အစသည် အွန်လိုင်း စာအုပ်အရောင်းလုပ်ငန်းဖြစ်သည်။ သို့သော် သူက စာအုပ်ရောင်းရင်းက လုပ်ငန်းကို ဘာတွေချဲ့နိုင်သည့်ဆိုခြင်းကို မပြတ်လေ့လာအကဲခတ်နေသည်။ ၁၉၉၈ ခုနှစ်တွင် သူသည် စာအုပ်များသာမက အခြားကုန်ပစ္စည်းများကိုပါ မှာသမျှ ဝန်ဆောင်မှုပေးရန် စတင်လုပ်ဆောင်ခဲ့သည်။ လုပ်ငန်းတိုးချဲ့ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၅၄ သန်း အထိ တိုးချဲ့နိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် Amazon အနေဖြင့် Amazon Web Servics ဆိုသည့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို စတင်လုပ်ဆောင်သည်။ ၂၀၀၃ ခုနှစ်တွင် ဒေါ်လာ သန်း ၄၀၀ ကျော် အကျိုး အမြတ်တက်လာသည်။ ၂၀၁၆ ခုနှစ် မေလ သူ့ကုမ္ပဏီ က ဒေါ်လာ ၆၇၁ သန်းခန့်တန်သည့် ကုမ္ပဏီကြီးဖြစ်လာပြီး သူက ဒေါ်လာတစ်သန်းတန်ရှယ်ယာများကို ရောင်းချပေးခဲ့သည်။ 

၁၉၉၂ ခုနှစ်တွင် သူသည် D.E.Shaw တွင် အလုပ်လုပ်စဉ် စာရေးဆရာမ မက္ကင်ဇီတာတယ်နှင့် တွေ့ဆုံသည်။ ၁၉၉၃ တွင် သူတို့ လက်ထပ်ကြသည်။ မက္ကင်ဇီသည် သုတေသနပညာရှင်တစ်ဦးလည်းဖြစ်သည်။ သူတို့တွင် သားသမီးလေးဦးထွန်းကားသည်။ သားသုံးယောက်၊ သမီးတစ်ယောက်ဖြစ်သည်။ သမီးက တရုတ်နိုင်ငံမှ ခေါ်ယူမွေးစားခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ရဟတ်ယာဉ်နှင့်ခရီးထွက်စဉ် ပျက်ကျပြီး ဆေးရုံတက်ရသည်။ သို့သော် ဒဏ်ရာပြင်းထန်သောကြောင့် နေ့ချင်းပြန်ဆင်းခဲ့ရသည်။

သူ့ကို The New York Times သတင်းစာကြီးက အလွန်ရဲရင့်ပြီး လျှို့ဝှက်သူ၊ သွေးအေးသောသူဌေးအဖြစ် မှတ်ချက်ပေးခဲ့သည်။ သူသည် တစ်ညမှ ၈ နာရီလောက်သာအိပ်သည်။ သူသည် အသွင်နှစ်မျိုးနှင့် လူအဖြစ်လည်း ထင်ရှားသည်။ သနားကြင်နာသည့် နေရာတွင် နှစ်ယောက်မရှိသလို၊ အလုပ်နှင့်ပတ်သက်လာလျှင်လည်း အလွန်ကြောက်စရာကောင်းသူဖြစ်သည်။ သူ့ဝန်ထမ်းတွေက သူ့ကို စနစ်ကြီးလွန်းသူဖြစ်သောကြောင့် အလွန်ကြောက်ရွံ့ကြသည်။ 

သူ့စရိုက်က အသိဉာဏ်မြင့်မားသူဖြစ်သလို၊ တစ်ဦးချင်း စွမ်းဆောင်နိုင်မှုများတွင်လည်း လိုက်မမီအောင်ထူးချွန်သည်။ သူက သူကြိုးစားသလို သူ့ဝန်းကျင်ကိုလည်း ကြိုးစားစေချင်သည်။ သူ့ပတ်ဝန်းကျင်ကလူတွေကို သူ့လိုလူတွေအဖြစ်သာ ရှုမြင်သတ်မှတ်ထားတတ်သည်။ သူ့ကို တစ်ခါတစ်ရံ ဒေါသတွေ ထွက်နေတာမျိုး တွေ့ရကောင်း တွေ့နိုင်သည်။ သူပြောလေ့ရှိသည့်စကားများက “မင်း ငါ့အလုပ်ထဲမှာ ဘာဖြစ်လို့ အချိန်လာဖြုန်းနေတာလဲ” “မင်း ငပျင်းလား။ မင်းမှာ အရည်အချင်း မရှိတော့ဘူးလား” စသည်ဖြင့်လည်း မကြာခဏ ကြိမ်းမောင်း ပြောကောင်းပြောနိုင်သည်။ 

ဘေးဇော့စ်က သူ့ဝန်ထမ်းတွေကို အီးမေးလ်ပို့တတ်သည်။ သူ့အီးမေးလ်တွင် Sev-1, Sev-2, Sev-3, Sev-4, Sev-5 နှင့် Sev-B ဟူ၍ သင်္ကေတလေးတွေပါလာလျှင် သတိထားရသည်။ Sev-1 အဆင့်သည် ချက်ချင်း အရေးယူဆောင်ရွက်ရန်ဟု သတိပေးခြင်းဖြစ်သည်။ အဆင့်မြင့်လေ အရေးကြီးလေဟု မှတ်ယူရသည်။ Sev-5 ဆိုလျှင် အင်ဂျင်နီယာတွေအားလုံး ဂရုစိုက်သတိထားပြီး အချိန်နှင့်မပြတ် သတိထားရန်ဖြစ်သည်။ အကယ်၍ ဝန်ထမ်းတစ်ယောက်၏ အီးမေးလ်ထဲတွင် Sev-B ဟုတွေ့လျှင် အချိန်မရွေး ချိန်ကိုက်ဗုံးကို တွေ့လိုက်ရသလို ဖြစ်သွားနိုင်သည်။ သူက Sev-B ဟုပြပြီး ထုတ်လိုက်လျှင် ပြုတ်ဖို့များနေပြီ။ သူ့ထံက မှတ်ချက်ကို သူ့ဝန်ထမ်းတွေ သတိထားကာ စောင့်ကြည့်နေကြရသည်။ သူက ကုမ္ပဏီ၏ ဖောက်သည်များထံက စကားသံတွေကို အမြဲနားထောင်ကာ တာဝန်ရှိသူ အဆင့်ဆင့်ထံ သင်္ကေတမှတ်ချက်တွေပို့ပြီး ချက်ချင်းဖြေရှင်းခိုင်းတတ်သည်။ 

ဘေးဇော့စ်သည် အမြဲစောင့်ကြည့်သည်။ တစ်နေရာက တစ်နေရာကိုပြောင်းပြီး လျှောက်ကြည့်တတ်သည်။ သေးသေးလေးကအစ အကြီးကြီးအထိ လိုက်ကြည့်သည်။ သိုလှောင်ခန်းမှသည် ဖြန့်ချိရေးအထိလည်း ရောက်လာကောင်းရောက်လာနိုင်သည်။ သူသည် တွေးလျှင်လည်း ဘောင်ထဲကမတွေး။ ဖောက်ထွက်ပြီး တွေးတတ်သည်။ သူ့အတွေးတွေက ဆန်းသစ်ကောင်းဆန်းသစ်နေနိုင်သည်။ သူက အစဉ်အလာလမ်းကြောင်းကို အမြဲဖောက်ထွက်ပြီး လုပ်စေချင်သည်။ 

သူသည် အလွန်အောက်သက်ကျေသူလည်း ဖြစ်သည်။ Amazon.com ဆိုပြီး စတင်ထူထောင်စဉ် ၁၉၉၉ တွင် လေလံတင်ရောင်းချသည့် ပစ္စည်းများ အစီအစဉ်တစ်ခုကို လုပ်ဆောင်ပေးခဲ့သည်။ ပထမဆုံး လေလံတင်ရောင်းချသည့် ပစ္စည်းစာရင်းထဲတွင် ဘေးဇော့စ်ကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် စားပွဲတစ်လုံးပါနေသည်။ သူက ထိုစားပွဲကို ကမ္ဘာ့သားရိုင်းတိရစ္ဆာန်များ ဘေးမဲ့ရန်ပုံငွေအတွက် လေလံတင်ခြင်းဖြစ်သည်။ 

ထိုစားပွဲကလည်း အမှတ်တရစားပွဲဖြစ်သည်။ အထူးသဖြင့် Amazon အတွက် တကယ့်အမှတ်တရ ပစ္စည်းဖြစ်သည်။ ထိုစားပွဲကို ဘေးဇော့စ်ကိုယ်တိုင် လုပ်ထားခြင်းဖြစ်သည်။ အလေးချိန် ပေါင် ၈၀ ရှိပြီး ရိုးရိုးရှင်းရှင်းပုံစံ စားပွဲများသာဖြစ်သည်။ သူက သူ့ ရုံးခန်းအတွက် စရိတ်သက်သာအောင် ကိုယ်တိုင် စားပွဲကိုပုံစံထုတ်ပြီး လုပ်သည့်အပြင်၊ အခြားဝန်ထမ်းများ၏စားပွဲများကိုလည်း သူ့စားပွဲပုံစံအတိုင်း ကိုယ်တိုင်လုပ်ပေးခဲ့သည်။ သူတို့အားလုံး စားပွဲများကို ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ရုံးစရိတ်သက်သာရန်အပြင် အားလုံး ကိုယ့်စားပွဲကို ကိုယ်တိုင်လုပ်သည်ဆိုသည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အပြင်၊ စည်းကမ်းရှိရှိကိုင်တွယ် ထိန်းသိမ်းတတ်ရန်လည်းဖြစ်သည်။ 

ထို့ပြင် ရုံးခန်းအတွက် အခြားလိုအပ်သည့်ပစ္စည်းများမှာလည်း အသစ်ကိုဝယ်မသုံး၊ တစ်ပတ်ရစ်များကိုသာ ဈေးသက်သာအောင်ဝယ်သုံးသည်။ သူက ထိုသို့ အဟောင်းကိုဝယ်သုံးထားသည့်ပစ္စည်းနှင့် သူတို့ကိုယ်တိုင်လုပ်ထားသည့် ပစ္စည်းတိုင်းတွင်လည်း အမှတ်အသားစာလေးများ ကပ်ပေးထားတတ်သည်။ ထိုစာတွင် ဤပစ္စည်းကို သုံးခြင်းကြောင့် ငွေမည်မျှသက်သာသွားသည်ဆိုခြင်းကိုလည်း ရေးပေးထားတတ်သည်။ အားလုံးကို သူ၏ ခြိုးခြံချွေတာတတ်သည့်စနစ်ကို ကောင်းစွာလက်ခံတတ်စေရန် ပျိုးထောင်ပေးတတ်သူ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သည်။ 

ဘေးဇော့စ်သည် သူ့ဝန်ထမ်းတွေကို ပထမဆုံး ပျော်ပွဲစားခရီးကို ခေါ်သွားချိန်က အားလုံးကို တီရှပ်တစ်ထည်စီ လက်ဆောင်ပေးပြီး ဝတ်ခိုင်းသည်။ တီရှပ်တိုင်းတွင် သူတို့ Amazon ၏ ဆောင်ပုဒ် ကြွေးကြော်သံကို ရေးပေးထားသည်။ “Get Big Fast” ဆိုသည့်အတိုင်း သူတို့ပန်းတိုင်ကိုသွားကြရန် စိတ်ဆုံးဖြတ်ထားသည်။ ထိုအချိန်က သူတို့မအောင်မြင်သေးချိန်ဟုဆိုရမည်။ သို့သော် သူတို့စိတ်ဓာတ်ဖြင့် ချီတက်ကြသည်။ 

၁၉၉၉ ခုနှစ်တွင် TIME မဂ္ဂဇင်းကြီးက ဘေးဇော့စ်ကို Person of the Year အဖြစ် မျက်နှာဖုံးတွင် ဖော်ပြသည်။ ထိုစဉ်က အသက် ၃၅ နှစ် သာရှိသေးသည့် Amazon ၏ အရှင်သခင်လေးကို ဆိုက်ဘာစီးပွားရေးလုပ်ငန်းတွင် ဘုရင်တစ်ဆူအဖြစ် သတ်မှတ်ရန် လုံးဝသံသယရှိစရာမလိုဟုလည်း မှတ်ချက်ပေးခဲ့သည်။ သူသည် အွန်လိုင်းကုန်သွယ်မှုလောကတွင် ဘုရင်တစ်ဆူအနေနှင့် ယနေ့တိုင် ရပ်တည်နိုင်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ 

E-01
(Ref: Biography of Entrepreneurs)

  • TAGS