News

POST TYPE

YOUTH

အားကျစေချင် နည်းပညာရှင်များ (၂)
26-May-2018


ဆာဂေး ဘရင်း (Sergey Brin)

ဆာဂေးဘရင်းသည် အမေရိကန်ကွန်ပျူတာပညာရှင် တစ်ဦးနှင့် အင်တာနက်လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည်။ Google ကုမ္ပဏီကြီးကို လယ်ရီပိတ် (Larry Page)  နှင့်အတူ ထူထောင်ခဲ့သူလည်းဖြစ်သည်။ ငယ်စဉ်ကတည်းက အလွန်ကြိုးစားပြီး တီထွင်ဖန်တီးလိုစိတ် အပြည့်ရှိကာ ဉာဏ်ရည်ထက်မြက်ခဲ့သူတစ်ဦးပင်။ သူ့အသက် ၆ နှစ်အရွယ်လောက်ကတည်းက ဆိုဗီယက် ယူနီယံမှ မိဘများသည် အမေရိကကို ထွက်လာပြီး ရွှေ့ပြောင်းနေထိုင်သူများဘဝနှင့် စတင်ခဲ့ရသူများ ဖြစ်သည်။

အမည်အပြည့်အစုံမှာ ဆာဂေးမစ်ခေးလိုဗစ်ချ်ဘရင်း (Sergey Mikhaylovich Brin) ဖြစ်သည်။ မော်စကိုတွင် မွေးဖွားပြီး ရုရှား-ဂျူးမိသားစုက ဆင်းသက်လာသည်။ ဖခင် မစ်ခေးဘရင်းသည် သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ မေရီလင်း တက္ကသိုလ်သင်္ချာဌာနမှ အငြိမ်းစားယူခဲ့သည်။ မိခင်မှာ ယူဂျီးနီးယား ဘရင်းဖြစ်ပြီး အမေရိကန် အာကာသ သိပ္ပံ NASA မှ Goddard Space Flight Center တွင် သိပ္ပံပညာရှင်တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ 

ဆာဂေးသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်လာပြီးနောက် Mishkan Torah Hebrew ကျောင်းတွင် တက်ရောက်ပညာသင်ကြားရသည်။ သူ့လေသံက ရုရှားသံပေါက်နေသဖြင့် ကျောင်းသားကြီးများ အနိုင်ကျင့်ခံရပြီး ကျောင်းကိုမုန်းခဲ့ရသည်။ သူက မိဘများကို အခြားကျောင်းသို့ပြောင်းပေးရန် တောင်းပန်သဖြင့် မေရီလင်းရှိ Paint Branch Montessori ကျောင်းကို ပြောင်းပေးခဲ့သည်။ ထိုကျောင်းရောက်မှ သူ၏အစွမ်းကို ထုတ်ပြနိုင်ခဲ့ပြီး ကျောင်းက သင်္ချာပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ရသည်။ 

ကျောင်းတွင်သင်နေသည့် သင်္ချာတွေက သူ့အတွက် ငြီးငွေ့စရာဖြစ်သည်။ သူက သင်္ချာ၊ ကွန်ပျူတာ သိပ္ပံဘာသာရပ်များကို စိတ်ဝင်စားသည်။ ၁၉၈၀ ဝန်းကျင်က ကွန်ပျူတာ အလွန်ရှားသေးပြီး ဖခင်က သူ့ဝါသနာကို ဖြည့်ဆည်းပေးသည့်အနေဖြင့် မွေးနေ့လက်ဆောင်ပေးသည်မှာ Commodore 64 ဆိုသည့် ကွန်ပျူတာဖြစ်သည်။ သူ၏ ပထမဆုံးကိုင်ဖူးသော ကွန်ပျူတာဖြစ်သည်။ ထိုစဉ်က သူ့အသက် ၉ နှစ်သာရှိ သေးသည်။ သူက ကျောင်းကခိုင်းသည့် ပရောဂျက်တစ်ခုကို ကွန်ပျူတာဖြင့်လုပ်ပြီး စာရွက်ကို Print ထုတ်ကာ ဆရာ့ထံသွားတင်လိုက်ရာ သူ့ကို အံ့အားသင့်သွားခဲ့ကြသည်။ 

Eleanor Roosevelt အထက်တန်းကျောင်းတွင် သုံးနှစ်တက်ခဲ့ပြီး ကျောင်းပြီးသဖြင့် မေရီလင်း တက္ကသိုလ်ကို ၁၉၉၀ ပြည့်နှစ်တွင် သွားတက်သည်။ ထိုစဉ်က သူ့အသက်မှာ ၁၅ နှစ်သာရှိသေးသည်။ ၁၉၉၃ ခုနှစ် အသက် ၁၉ နှစ်တွင် ဘွဲ့နှစ်ဘွဲ့ရပြီးသွားပြီ။ ကွန်ပျူတာနှင့် သင်္ချာဘွဲ့ဖြစ်သည်။ အမျိုးသားသိပ္ပံ ဖောင်ဒေးရှင်းကပေးသည့် ပညာသင်ဆုရသည်။ 

ဆာဂေးဘရင်းသည် စတန်းဖို့ဒ်တက္ကသိုလ်သို့ ဆက်တက်သည်။ သူ့အရည်အချင်းကိုသိသည့် တက္ကသိုလ်က သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သူ့ကိုအားပေးအားမြှောက်ပြုထားသည်။ သူက သင်္ချာကို အလွန်မြတ်နိုးသူဖြစ်သော်လည်း သူ့ဝါသနာကို မည်သည့်နေရာတွင် သုံးရမည်မှန်းမသိဖြစ်နေသည်။ သူ့ဝါသနာများထဲတွင် အက၊ ရွက်တိုက်၊ ရေကူး၊ အားကစား စုံနေသည်။ သို့သော် သူက နည်းပညာဆိုင်ရာ တစ်ခုခုကို အကောင်အထည်ဖော်ပြချင်သည်။ သူက အင်တာနက်နည်းပညာနှင့် Search Engine ဆိုသည့် သဘောတရားကို စိတ်ဝင်စားပြီး စတင်လေ့လာနေသည်။ HTML ထဲတွင် TeX ဆိုသည့် စာရိုက်နည်းစနစ်ကို ဆော့ဖ်ဝဲဖြင့် ပြောင်းလဲနိုင်စေရန် စတင်ပြီး တီထွင်ခဲ့သည်။ 

၁၉၉၅ ခုနှစ်တွင် ဘရင်းသည် လယ်ရီပိတ်နှင့် မမျှော်လင့်ဘဲ သွားတွေ့ဆုံမိရာ ဘဝအချိုးအကွေ့တစ်ခု ပြောင်းလဲသွားရသည်။ သူတို့နှစ်ဦး ကွန်ပျူတာသိပ္ပံအတွက် Ph.D ဘွဲ့များယူရန် ပြင်ဆင်နေချိန်တွင် သွားတွေ့ဆုံမိကြခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် ဆာဂေးကို ကုမ္ပဏီထောင်ရန် တိုက်တွန်းသူမှာ လယ်ရီဖြစ်သည်။ သူတို့ဘာလုပ်နိုင်သည်၊ ဘာလုပ်ကြမည်ကို သူငယ်ချင်းနှစ်ယောက် အကြိမ်ကြိမ် ဆွေးနွေးရင်း လုပ်ငန်းကြီးတစ်ခုဆီသို့ ရောက်မှန်းမသိ ရောက်လာခဲ့ကြသည်။ 

၁၉၉၆ ခုနှစ်တွင် သူတို့နှစ်ဦးပေါင်းပြီး ဒေါက်တာဘွဲ့အတွက် စာတမ်းများ ရေးသားပြုစုကြသည်။ သတင်းအချက်အလက်နည်းပညာနှင့် အင်တာနက်အခြေခံတို့ကို သူတို့လေ့လာ သုတေသနပြုနေကြခြင်းဖြစ်သည်။ သူတို့က အင်တာနက်ထဲတွင် လိုချင်သည်ကို အချိန်မရွေး ခဏချင်းရှာဖွေနိုင်မည့် Search Engine သဘောတရားဆီသို့ အရောက်လှမ်းနေကြသည်။ 

သူတို့နှစ်ဦး ပထမဆုံး BackRub ဆိုသည့် Search Engine ကို ထူထောင်ခဲ့ကြသည်။ ထိုစဉ်က စတန်းဖို့ဒ်တက္ကသိုလ်မှ ကျောင်းသားများသာ အသုံးပြုနိုင်ကြသေးသည်။ သူတို့က ဒေတာတွေ များစွာ သိုလှောင်ပြီး များစွာ ရယူသုံးစွဲနိုင်စေရန် ကြံဆောင်ကြသည်။ အင်တာနက်ကို စတင်ခြေလှမ်းနေကြခြင်းဖြစ်သည်။ သူတို့ကို သဘောကျနေသူတစ်ဦးက ဒေါ်လာ ၂၀၀၀၀ စတင်ပြီး မတည်ပေးခဲ့သည်။ 

၁၉၉၇ ခုနှစ်တွင် လယ်ရီနှင့် ဆာဂေးတို့သည် သူတို့ထူထောင်ထားသည့် BackRub ကို အမည်ပြောင်းလိုက်ရန် အကြံပေးခံရသည်။ သူတို့ကို အကြံပေးသူမှာ ရှောင်အန်ဒါဆင်ဆိုသူဖြစ်ပြီး Googleplex ဟုပြောင်းရန်ပြောသည်။ များစွာသော ကိန်းအရေအတွက် ဂဏန်းအရေအတွက်သဘောဖြင့် ပြောင်းရန် အကြံပေးသည်ကို ဆာဂေးနှင့် လာရီတို့က သဘောကျပြီး Googol ဟု တိုအောင် ထပ်ခေါ်သည်။ Googol ဆိုသည်မှာ ၁ နောက်တွင် သုည ၁၀၀ ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ အန်ဒါဆင်က Googol ကို တစ်နေ့တွင် Google ဟုစာလုံးကို မှားပြီး ရိုက်လိုက်မိသည်။ ထိုစာလုံးကို သဘောကျပြီး လာရီက Google.com ဟုပင် ပြောင်းလဲသုံးစွဲလိုက်သည်။ မှတ်ပုံတင်ရာတွင်လည်း Google ဖြင့်သာ မှတ်ပုံတင်ခဲ့ကြသည်။

ယခင်က စတန်းဖို့ဒ်တက္ကသိုလ် လက်အောက်တွင် လုပ်နေရသောကြောင့် google.stanford.edu  အနေနှင့် အင်တာနက်ကို စီမံနေရသည်။ Google.com အဖြစ် ၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှ မှတ်ပုံတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ဆာဂေးနှင့်လယ်ရီတို့သည် Search Engine အသစ်တစ်ခုကို စတင်အကောင်အထည်ဖော်ရန် စိုင်းပြင်းနေကြသည်။ လယ်ရီနှင့် ဆာဂေးတို့၏ တက္ကသိုလ်အဆောင်များသည် စီးပွားရေးလုပ်ငန်းကြီးတစ်ခုအတွက် စတင်အခြေချခဲ့သည့်နေရာများ ဖြစ်သွားသည်။ အစောပိုင်းက Google ကို စီးပွားရေးအတွက် အသုံးပြုချဲ့ထွင်ရန်မဟုတ်သေး။ သူတို့ Ph.D ဘွဲ့ယူစာတမ်းအတွက် အထောက်အကူဖြစ်စေရန်နှင့် ကျောင်းသားများ အလွယ်တကူ ဒေတာများကို ရှာဖွေသုံးစွဲနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ 

သို့သော် Google က သုံးစွဲသူတွေ ပိုကြိုက်လာပြီး စတန်းဖို့ဒ်ကျောင်းသားများကြားတွင် ရေပန်းစားလာသည်။ ထို့ကြောင့် သူငယ်ချင်းနှစ်ယောက်သည် ကျောင်းနံရံအတွင်းမှ မည်သို့ဖောက်ထွက်ရမည်ကို စဉ်းစားတိုင်ပင်ကြပြန်သည်။ သူတို့နှစ်ဦး၏ စိတ်ကူးကို ပေါလ် ဖလာဟာတီဆိုသူထံ ဒေါ်လာတစ်သန်းဖြင့် ရောင်းချရန် ကမ်းလှမ်းသည်။ ပေါလ်သည် AltaVista ကို ထူထောင်ထားသူဖြစ်သည်။ သူတို့ကမ်းလှမ်းချက်ကို ပေါလ်က လက်မခံခဲ့ပေ။ သူငယ်ချင်းနှစ်ယောက် Yahoo! ကို ရောင်းရန်ကြိုးစားပြန်သည်။ မဝယ်သဖြင့် Google သည် ပိုင်ရှင်ထံက မထွက်နိုင်အောင် ဖြစ်နေသည်။

သူတို့နှစ်ဦးသည် Google ကို သခင်ရှာရင်း နောက်ဆုံးတွင် ကိုယ်ပိုင်လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကွန်ပျူတာသိပ္ပံဌာန ပါမောက္ခ ဒေးဗစ်ချာရီတန်က သူတို့ကို Cisco System ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ အင်ဒီဘက်ချ်တိုရှင်းနှင့် မိတ်ဆက်ပေးသည်။ သူက ချာတိတ်နှစ်ယောက်၏ လုပ်ငန်းကို စိတ်ဝင်စားသဖြင့် ဒေါ်လာတစ်သိန်း ချက်လက်မှတ်ရေးပေးလိုက်သည်။ 

၁၉၉၈ ခုနှစ်တွင် လူငယ်လေးနှစ်ယောက်သည် Googl Inc. ကို ကိုယ်ပိုင်လုပ်ငန်းကြီးအဖြစ် စတင်ထူထောင်ခဲ့သည်။ လယ်ရီက CEO နှင့် ဆာဂေးက ကုမ္ပဏီဥက္ကဋ္ဌအဖြစ် တာဝန်ယူကြသည်။ ပထမဆုံး ရုံးခန်းကို ဆောဂေး၏ ရည်းစားဖြစ်သူ အန်းဝေါ့စစ္စကီး၏ အစ်မ ဆူဆန်၏ ကားဂိုဒေါင်တစ်ခုထဲတွင် သွားဖွင့်ကြသည်။ ကာလီဖိုးနီးယားပြည်နယ်၊ မင်လိုပါ့ခ် ကားဂိုဒေါင်ထဲတွင် သူတို့ကုမ္ပဏီဘဝကို စတင်ခဲ့ကြခြင်းဖြစ်သည်။

Google ကို အသုံးပြုလိုသူပေါင်းသည် တစ်နေ့လျှင် ၁၀၀၀၀ ခန့်အထိ မြင့်တက်လာသည်။ PC မဂ္ဂဇင်းကြီးကလည်း ၁၉၉၈ ခုနှစ်၏ အကောင်းဆုံး Website 100 စာရင်းနှင့် Search Engines အဖြစ် ဖော်ပြလိုက်သဖြင့် နာမည်တက်လာသည်။ ကရစ်ချ်ဆေးဗားလ်စတိန်းကို သူတို့အဖွဲ့တွင် ပထမဆုံး ဝန်ထမ်းအဖြစ် ငှားရမ်းသုံးအသုံးပြုလာရသည်။ ၁၉၉၉ တွင် ကုမ္ပဏီကို ရုံးခန်းအကျအနဖြင့် Palo Alto သို့ ပြောင်းရွှေ့ခဲ့ရသည်။ 

Google ကို သုံးစွဲသူတွေက တရိပ်ရိပ်တက်လာသည်။ စီးပွားရေးလုပ်ငန်းကြီးအဖြစ် တိုးချဲ့လုပ်ဆောင်ရန် လိုအပ်လာသည်။ သူတို့တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ငွေလည်းလိုအပ်လာသည်။ သူတို့တွင် နည်းပညာပိုင်းအရရော လုပ်ငန်းအတွက်ပါ တိုးချဲ့မှဖြစ်တော့မည့်အနေအထားကို ရောက်လာသည်။ 

၁၉၉၉ ခုနှစ် ဇွန်လတွင် ဘရင်းနှင့် လယ်ရီတို့သည် Sequoia Capital and Kleiner Perkins Caufield & Byers နှင့် ပူးပေါင်းလိုက်သဖြင့် ဒေါ်လာ ၂၅ သန်းရခဲ့သည်။ သို့သော် သူတို့နှစ်ဦးက ပြင်ပမှ ရင်းနှီးမြှုပ်နှံသူများကို သူတို့လုပ်ငန်းတွင် ဝင်ရောက်စွက်ဖက်ခွင့် လုံးဝမရှိစေရန် စနစ်တကျ စီစဉ်ပြီးမှ လက်ခံခဲ့ကြခြင်းဖြစ်သည်။ သူတို့ကသာ ဒါရိုက်တာ ဘုတ်အဖွဲ့ကို ကိုင်တွယ်ထိန်းချုပ်နိုင်ရန်လည်း ကြိုးစားဆောင်ရွက်နိုင်ခဲ့ကြသည်။ 

၁၉၉၉ ခုနှစ်ကုန်ခါနီးတွင် Google ကို အသုံးပြုသူများသည် တစ်ရက်လျှင် ၇ သန်းခန့်ရှိလာသည်။ ၂၀၀၀ ပြည့်နှစ်လယ်တွင် တစ်ရက် ၁၈ သန်းနှုန်းတက်လာသည်။ သူတို့ကုမ္ပဏီ၏ တစ်လအသုံးစရိတ်ကလည်း ဒေါ်လာ ၅၀၀,၀၀၀ ခန့်တက်လာသည်။ မူလက ကြော်ငြာလက်မခံဟု မူများချထားသော်လည်း ရပ်တည်နိုင်ရေး ငွေလိုလာသောကြောင့် မူကိုပြောင်းရန် စဉ်းစားလာရသည်။ 

အကျိုးအမြတ်ရှာသည့် ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းရန် သူငယ်ချင်းနှစ်ဦး တိုင်ပင်ပြီး ကြော်ငြာဖြင့် စပွန်ဆာပေးမည့်သူများကို ရှာရသည်။ သို့သော် သူတို့က ကြော်ငြာကို Homepage တွင် လက်မခံရန် ဆုံးဖြတ်ထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ကြော်ငြာလုပ်ငန်းအတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် ဒေါ်လာ ဘီလီယံနှင့်ချီပြီး သုံးစွဲနေကြသည်။ သို့သော် ပြင်ပတွင် ဆိုင်းဘုတ်ကြီးတွေထောင်ပြီး ကြော်ငြာခြင်းက သိပ်ပြီးမထိရောက်ဟုလည်း မြင်လာကြသည်။ လယ်ရီနှင့် ဘရင်းတို့က သူတို့ Search Engine ထဲတွင် နေ့စဉ်ဝင်ရောက်နေသူများသည် ကားအကြောင်း၊ အိမ်အကြောင်း၊ ပစ္စည်းအကြောင်း သိလိုသူများလည်း ပါနေကြောင်း သိကြသည်။ ထို့ကြောင့် ၂၀၀၀ ပြည့် နှစ် အောက်တိုဘာ ၂၃ တွင် ကြော်ငြာလိုင်းတစ်ခုဖြစ်သည့် Google AdWords ကို ထူထောင်ခဲ့ရပြန်သည်။ အွန်လိုင်းကြော်ငြာဝန်ဆောင်မှု လုပ်ငန်းတစ်ခုအနေဖြင့် သီးခြားလုပ်ဆောင်လာခြင်းဖြစ်သည်။ 

ထိုအချိန်က Google ရင်ဆိုင်နေရသည့် အဓိက ပြိုင်ဘက်များမှာ AltaVista, Excite နှင့် Lycos  တို့ဖြစ်သည်။ သူတို့ကလည်း အင်တာနက်ကတစ်ဆင့် ကြော်ငြာများကို ဦးစားပေးလုပ်ဆောင်နေချိန်တွင် Google က Search Engine ၏ မက်လုံးများဖြင့် ပရိသတ်ပိုရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အောင်မြင်ခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်တွင်ပင် Google အဖွဲ့သည် Webby Award နှင့် People’s Choice Award ဆုများကို ရရှိခဲ့သောကြောင့် ပိုပြီးထင်ရှားလာခဲ့ရသည်။ သူ့ကို သုံးစွဲနေသူပေါင်းက သန်းတစ်ထောင် ဖြစ်လာနေပြီ။

ယနေ့ဆိုလျှင် ဆာဂေးဘရင်း၏ Google က ရသည့်လစာငွေမှာ တစ်လတစ်ဒေါ်လာသာဖြစ်သော်လည်း ၂၀၁၈ ခုနှစ် မေလအထိ သူ၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ ၄၉ ဒသမ ၆ ဘီလီယံဖြစ်သည်။ သူက Alphabet Inc. ဆိုသည့် ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသည်။ ကမ္ဘာ့အချမ်းသာဆုံး အဆင့် နံပါတ် ၁၃ နေရာတွင်ရှိသည်။

(Ref: Biography of Entrepreneurs)