News

POST TYPE

YOUTH

ရိုးရာအစားအစာဖြင့် ကြီးပွားလာသူ
12-May-2018



သူ့အမည်က အိုင်ဖီရင်ဝါ ဖရက်ဒရစ်ဖြစ်သည်။ အသက် ၂၅ နှစ်သာရှိသေးသော်လည်း Chuku’s ဆိုသည့်လုပ်ငန်းကို ထူထောင်ထားနိုင်ခဲ့ပြီ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သည့် စွန့်ဦးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာစေရန် သူကြိုးပမ်းခဲ့ပုံကလည်း အတုယူစရာဖြစ်သည်။ 

အသက် ၁၆ နှစ်သမီးအရွယ်တွင် ကိုယ်ပိုင်အက သင်တန်းကျောင်းဖွင့်သည်။ သူ့ဖခင်က သူ့ကို စာရင်းကိုင် အလုပ်ပေးသော်လည်း ငြင်းပယ်ပြီး ကိုယ်ပိုင်အက သင်တန်းဖွင့်ခြင်းဖြစ်သည်။ ကင်းဘရစ်ခ်ျတက္ကသိုလ်တွင် အနုပညာဆိုင်ရာဘွဲ့ကိုရခဲ့သည်။ PR ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ဝင်လုပ်ရင်းက အကသင်တန်းနည်း ပြလုပ်နေခြင်းဖြစ်သည်။ 

သူက ကိုယ်တိုင်လေ့လာပြီး ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်အောင်လုပ်သည်။ ၂၀၁၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံကို သွားလည်သည်။ ပြင်သစ်နိုင်ငံတွင် မောင်ဖြစ်သူ အီမေကာနှင့်အတူ စီးပွားရေးလုပ်ငန်း အကွက်အကွင်းများကို လိုက်ကြည့်သည်၊ စကားပြောသည်။ ထိုအချိန်အထိ သူဘာလုပ်သင့်သည်ဆိုခြင်းကို အကွက်မချနိုင်သေးပေ။ 

၂၀၁၆ ခုနှစ်မှ ပြင်သစ်နိုင်ငံက ပြန်လာပြီး ဗြိတိန်တွင် Chuku’s ကို မောင်ဖြစ်သူနှင့်အတူ ပူးတွဲထူထောင်လိုက်သည်။ သူတို့မောင်နှမနှစ်ယောက်က လန်ဒန်တွင် နိုင်ဂျီးရီးယား ရိုးရာအစားအစာများ ရောင်းချရန် အကြံဖြစ်ခဲ့ကြသည်။ Chuku’s ဆိုသည့် ခေတ်မီဆိုင်တစ်ဆိုင်ဖွင့်ပြီး နိုင်ဂျီးရီးယားစတိုင် အစားအစာများကို ရောင်းချကြသည်။ ဓာတုပစ္စည်းလုံးဝမပါဝင်သည့် တာပတ်စ်ဟင်းလျာများကို ပွဲသေးလေးတွေနှင့်ရောင်းချသဖြင့် လူတွေက စိတ်ဝင်စားလာသည်။

သူ့ဆိုင်၏ ဆောင်ပုဒ်မှာ “Chop, Chat, Chill” ဖြစ်သည်။ Chop ဆိုသည်မှာ နိုင်ဂျီးရီးယားတွင် “စား” ဆိုသည့် ဗန်းစကားအဖြစ် သုံးသည်။ Chuku’s ကို အွန်လိုင်းတွင် ကြော်ငြာလိုက်ရာ အဖွဲ့ဝင် ၇၀၀၀  လောက် ဖြစ်လာသည်။ အွန်လိုင်းကြောင့် လူသိများလာပြီး ဆိုင်ကို နာမည်ကြီးတွေရောက်လာသည်။ အိုလံပစ် ချန်ပီယံ ခရစ္စတင်းအိုဟူရူအိုဂူသာမက ဗြိတိန်အမတ် ဒိုင်ယာနေအက်ဘော့လည်း လာရောက်အားပေးသည်။ 

စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မီဒီယာတွေ၏ အထောက်အပံ့တွေကလည်းလိုသည်။ အိုင်ဖီအကြောင်းကို ၂၀၁၆ ခုနှစ်နှောင်ပိုင်းတွင် အာဖရိကတိုက်မှ နာမည်ကျော် မဂ္ဂဇင်းကြီးတစ်ခုဖြစ်သည့် Elle, Bella Naija တွင် ဖော်ပြခြင်းခံလိုက်ရသည်။ ထို့နောက် Time Out တွင်လည်း ပါလာပြန်သည်။ ကမ္ဘာကျော် မဂ္ဂဇင်းကြီးသုံးစောင်က အလေးတယူဖြင့် ဖော်ပြခြင်း ခံလိုက်ရသည့် လူငယ်လုပ်ငန်းရှင်တစ်ယောက်ဘဝမှာ နေ့ချင်းညချင်းဆိုသလို စင်ပေါ်ရောက်သွားသည်။ 

တက်လာသော အရှိန်အဟုန်နှင့် လေဟုန်စီးပြီးမောင်နှမနှစ်ယောက်သည် Virgin Media Pioneers  အဖွဲ့က ကြီးမှူးကျင်းပသော Global Entrepreneurship Week ပြိုင်ပွဲကို ဝင်ပြန်သည်။ ထိုပွဲတွင် ဆုရသဖြင့် နာမည်ကျော်ပြီး Twitter ကွန်ရက်တွင်ပါ ပျံ့သွားသည်။ London Live ကခေါ်ပြီး အင်တာဗျူးခြင်းခံရသည်။ ယခုဆိုလျှင် သူတို့မောင်နှမနှစ်ယောက်ကို ချီးကျူးသည့် မီဒီယာတွေက ၂၀ ခန့်ရှိနေပြီဖြစ်သည်။

ဖရက်ဒရစ်နှင့် သူ့ဝန်ထမ်းသုံးဦးသည် နိုင်ဂျီးရီးယား ရိုးရာအစားအစာများကို ရောင်းချနိုင်မည့် စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို နေရာအတည်တကျဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ သူက အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ပြီး ထိုအဆောက်အအုံထဲတွင် နိုင်ငံတကာမှ အစားအစာအားလုံးကို ရနိုင်သည့် ဆိုင်ပေါင်းစုံကို ဖွင့်နိုင်ရန် စီစဉ်နေသည်။ စိတ်ကူးတစ်ချက် လင်းလက်နိုင်ခဲ့မှုက သူ့ဘဝကို အဆုံးအဖြတ်ပြုနိုင်ခဲ့သည်။ 

E-01

(Ref: Young entrepreneurs)