POST TYPE

YOUTH

အလှကုန်ဖြင့် ချမ်းသာလာသူ
12-May-2018



သူ့အမည်က ရို့စ်ဒိုင်ဆန်ဖြစ်သည်။ အသက်က ၁၈ နှစ်သာရှိသေးသည်။ ဗြိတန်ရော့ရှိုင်းယား အရပ်၊ ဘန်စလေမြို့သူဖြစ်သည်။ အသက် ၁၅ နှစ် အရွယ်ကတည်းက မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ကော့စ်မက်တစ်များကို ထုတ်လုပ်ရောင်းချနေသည့်အပြင် အသားအရေထိန်းသိမ်းနည်းသင်တန်းများကိုလည်း ပေးနေသူဖြစ်သည်။ 

၂၀၁၅ ခုနှစ်တွင် GCSE စာမေးပွဲဖြေရန် ပြင်ဆင်နေစဉ် IKIC ဆိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ ပြိုင်ပွဲကို ဝင်ပြိုင်သည်။ သူက ပြိုင်ပွဲတွင် သူထုတ်နေသည့် Pura Cosmetics များကို ဝင်ပြိုင်ပြီး မိမိထုတ်ကုန်မှာ အဘယ်ကြောင့် ဈေးကြီးရကြောင်း ရှင်းပြသည်။ သူ့ကို ပြိုင်ပွဲဝင်အများက စိတ်ဝင်စားသွားပြီး ဈေးကွက်ကမ်းလှမ်းမှုများကို ရရှိခဲ့သည်။ သူက နည်းလမ်းမှန်အတိုင်း ကော့စ်မက်တစ်များကို ထုတ်လုပ်ကြောင်း ဖော်ပြနိုင်သောကြောင့် လူတိုင်းကစိတ်ဝင်စားခြင်းဖြစ်သည်။ 

ရို့စ်သည် သူ့လုပ်ငန်းကို စတာလင် ၂၅ ပေါင် (၃၄ ဒေါ်လာခန့်) နှင့် စတင်ခဲ့ခြင်းဖြစ်သည်။ နှုတ်ခမ်းနီဖျက်ဆေးနှင့် လူးဆေးတစ်မျိုးကို စတင်ထုတ်လုပ်သည်။ သူ့လူးဆေးက နှုတ်ခမ်းကို အမြဲစွတ်စိုနေစေသောကြောင့် လူကြိုက်များသည်။ စီးပွားရေးကတစ်ဖက် A - levels စာမေးပွဲဖြေရန်ကတစ်ဖက် ကြိုးစားနေရသည်။

သူပြိုင်ပွဲဝင်ခဲ့သည့် Pura Cosmetics များက ဈေးကွက်ပေါက်လာပြီး အရောင်းတွင်ကျယ်ကာ အမြတ်များရလာသည်။ သူက အမြတ်များကို ပြန်လည်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းကို ထပ်မံတိုးချဲ့သည်။ သူ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူသိများလာပြီး ပြည်တွင်း ဆူပါမားကက်ကြီးများ၊ စတိုးဆိုင်ကြီးများ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ အလှပြင်ဆိုင်များတွင် တင်လာသည်။ ဒိုင်ဆန်ကလည်း ပြည်တွင်းပွဲတိုင်းလိုလိုတွင် သူ့ထုတ်ကုန်အား ပရိုမိုးရှင်းပွဲများလုပ်ပြီး ဝင်တိုးသည်အထိ အောင်မြင်ခဲ့သည်။

အသက် ၁၆ နှစ်သာရှိသေးသည့် ဒိုင်ဆန်မှာ ဘဏ်တွင် ကိုယ်ပိုင်ငွေစာရင်း မဖွင့်နိုင်သည့်အနေအထား ဖြစ်ခဲ့ရသည်။ Pura Cosmetics အလှကုန်များနှင့် ဆိုရှယ်မီဒီယာတွင်လည်း သူ့ကို လူသိများလာသည်။ Jacqueline Gold CBE Women in Business အဖွဲ့ကပေးသည့် #WOW Award  ဆုကိုလည်း ပေးအပ်ချီးမြှင့်ခြင်း ခံလိုက်ရသည်။ ၂၀၁၇ ခုနှစ်အတွက် UK Young Market Trader of the Year ဆုကိုလည်း ရရှိခဲ့ပြန်သည်။

၂၀၁၇ ဖေဖော်ဝါရီတွင် ဗြိတိန်ရုပ်သံ Dragons’ Den က သူ့ကိုပွဲထုတ်ရန် ကမ်းလှမ်းသည်။ သို့သော် ထိုစဉ်က သူ့အသက်မှာ ၁၇ နှစ်သာရှိသေးသည်။ ၂၀၁၈ ခုနှစ်တွင် A-level စာမေးပွဲအောင်သည်။ Pura Cosmetics ကို မြှုပ်နှံပြီး လုပ်ကိုင်ရန်ပြင်ဆင်နေသည်။ သူ့တွင် လုပ်စရာတွေက များလှသည်။ ၁၈ နှစ် မဝင့်တဝင်တွင် ဈေးကွက်ကိုချဲ့ရမည်၊ ဆိုင်တွေလိုက်ဖွင့်ရမည်၊ လူတွေ ထပ်ခန့်ရမည်၊ ထုတ်ကုန်ကို တိုးမြှင့်ရမည်။ ရည်မှန်းချက်တွေက သူ့ထံတွင် ပြည့်နေသည်။ ဗြိတိန်ကတော့ သူ့ကို စောင့်ကြည့်ရမည့်လူငယ်စာရင်း သွင်းထားသည်။

E-01

(Ref: Young entrepreneurs)