News

POST TYPE

YOUTH

ဆိုရှယ်မီဒီယာနှင့် လူငယ်များအပေါ် သက်ရောက်မှု
12-May-2018 tagged as



အင်တာနက်ခေတ် ဖြစ်လာသည့်အခါတွင် လူတိုင်းရှောင်လွှဲမရသည့် ခေတ်ဖြစ်လာသည်။ ကလေးဘဝကတည်းက ဆိုရှယ်မီဒီယာများနှင့် မကင်းနိုင်လောက်အောင် ဖြစ်နေချိန်တွင် တားဆီး၍မရနိုင်သော စွဲလမ်းမှုတစ်ခုလည်း ဖြစ်လာသည်။ ကောင်းသည် ဆိုးသည် ဝေဖန်မှုများ ဖြစ်ပေါ်လာချိန်တွင် ဆိုးသည်၊ ကောင်းသည် ဆိုခြင်းမှာ သုံးစွဲသူအပေါ် မူတည်ဆိုသည့် အယူအဆများကိုလည်း ပေါ်ထွက်စေပါသည်။

ယနေ့ခေတ်လူငယ်များသည် အင်တာနက်ခေတ၏ ပထမမျိုးဆက်များဖြစ်ကြသည်။ သူတို့အဖို့ အင်တာနက်ဆိုသည်မှာ မရှိမဖြစ် အသွင်လည်းဆောင်လာသည်။ သူတို့လက်ထဲတွင် အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာများကို ချိတ်ဆက်အသုံးပြုနိုင်သည့် ပစ္စည်းပေါင်းစုံကို ကိုင်တွယ်အသုံးပြုနေကြသည်။ အီလက်ထရွန်နစ် ပစ္စည်းများဖြစ်သည့် မိုဘိုင်းလ်ဖုန်းနှင့် တက်ဘလက်၊ လက်ပ်တော့များသည် ကိုယ်နှင့်မကွာ သယ်ဆောင်နေသည့် ပစ္စည်းများဖြစ်လာသည်။ တစ်နည်းပြောရလျှင် နည်းပညာပစ္စည်းများသည် လူငယ်တို့၏ တောင်ပံလေးများ ဖြစ်လာသည်။

လူကြီးတွေက ဆိုရှယ်မီဒီယာသုံးနေသည့် လူငယ်တွေကို အပြစ်မြင်ကြသည်။ သို့သော် ဆိုရှယ်မီဒီယာကို ရူးသွပ်နေသည့် လူကြီးပေါင်းများစွာလည်း ရှိနေသည်။ အဆိုးမြင်သူတွေရှိသလို၊ အကောင်းထင်နေသူတွေလည်း ရှိသည်။ မိဘများကိုယ်တိုင်က မိမိတို့ သားသမီးများ၏ အင်တာနက်သုံးစွဲမှုအပေါ် ထိန်းချုပ်နိုင်မည့် နည်းလမ်းတွေကို ရှာလာကြသည်။ အင်တာနက်ပေါ်တွင် အဆိုးအကောင်းတွေ ဒွန်တွဲနေနိုင်သဖြင့် အချိန်ပြည့် စောင့်မကြည့်နိုင်သူများကလည်း သားသမီးများအတွက် သောကပွားနေကြရရှာသည်။ 

စာရေးဆရာများ၊ သုတေသီများကလည်း အချက်အလက်ပေါင်းစုံနှင့် ကိုယ့်ယူဆချက်များကို အခိုင်အမာ တည်ဆောက်ပြနေကြသည်။ အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာသည် အဆိုးလား၊ အကောင်းလား၊ အကျိုးဖြစ်စေသလား၊ အကျိုးမဲ့စေသလား အငြင်းပွားနေဆဲဖြစ်သည်။ 

ကျန်းမာရေးနှင့် ပတ်သက်ပြီး အဆိုးဘက်က တွေးသူများက -
- ဆိုရှယ်မီဒီယာများပေါ်တွင် စာများရေးတင်ခြင်းသည် စွဲလမ်းခြင်းကိုဖြစ်စေပြီး အင်တာနက်ပေါ်တွင် အချိန်များစွာ ကုန်စေသည်။ The New York Times သတင်းစာတွင် အသက် ၈ နှစ်မှ ၁၈ နှစ်အထိ လူငယ်များသည် တစ်နေ့လျှင် အီလက်ထရွန်နစ်ပစ္စည်းများကို အနည်းဆုံး ၇ နာရီခွဲခန့်အထိ အချိန်ပေးနေသည်ဟု ဆိုသည်။ ထိုအချိန်များကြောင့် လူငယ်တို့သည် အိပ်ချိန်လျှော့နည်းခြင်း ဖြစ်စေသည်။ အိပ်ရေးပျက်လျှင် အကျိုးဆက်အဖြစ် စိုးရိမ်သောကရောက်ခြင်း၊ စိတ်တိုခြင်း၊ ဘာလုပ်လုပ် စိတ်မရှည်တော့ခြင်းများကို ဖြစ်စေသည်ဟု ဆိုထားသည်။

- အင်တာနက်စွဲခြင်းသည် ဆေးစွဲသလိုပင်ဖြစ်သည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာ စွဲနေသူများသည် အခြားအလုပ်ကို မလုပ်ချင် မကိုင်ချင်လောက်အောင် ဖြစ်စေသည်။

- အင်တာနက်သုံးနေချိန်များလျှင် ဦးနှောက်၏ လှုပ်ရှားလုပ်ဆောင်နေမှုများကိုလည်း ထိခိုက်စေနိုင်သည်။ စိတ်ပညာရှင် မီဟာလီ ချစ်ဇန်မီဟာရီက ဦးနှောက်ဆိုသည်မှာ အနားပေးချိန်တွင် အနားပေးရမည်။ အနားယူလိုက်မှ နောက်လှုပ်ရှားမှုတစ်ခုကို ပြန်ပြီးလုပ်ဆောင်နိုင်ရန် အသင့်ဖြစ်နေတတ်သည်။ အင်တာနက်ထဲတွင် စိတ်ပန်းလူပန်းဖြစ်နေသူများအဖို့ နောက်တစ် ခုခုလုပ်ရာတွင် အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ကိုယ့်ပုံကိုယ်ရိုက်ကာ ဆိုရှယ်မီဒီယာများပေါ်သို့ တင်နေသူများသည် ငါ့ကို မည်သူက မည်သို့ဝေဖန်မည်၊ ချီးကျူးမည်ဆိုခြင်းကို အမြဲသောက ရောက်နေရသည်။ ချီးကျူးလျှင်ပျော်ပြီး ကဲ့ရဲ့ဝေဖန်လျှင် စိတ်မချမ်းမသာဖြစ်ကြရသည်။ အရာရာတိုင်းကို လိုက်ဖတ်ခြင်း၊ Share လုပ်ခြင်း၊ Comment များ လိုက်ရေးပြီး တုံ့ပြန်ချက်များကို စောင့်နေရင်းက ဘာမှအလုပ်မဖြစ်ကြောင်း တွေ့နေရသည်။

အကောင်းဘက်က တွေးကြည့်ကြခြင်း -
- အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာအပေါ် အဆိုးမြင်သူတွေက မြင်သလို အကောင်းဘက်က လှည့်တွေးနေသူများလည်း ရှိပါသည်။ သူတို့က ဆိုရှယ်မီဒီယာက လူမှုရေးဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်သည့်အပြင် အထီးကျန်စိတ်ကို ဖြေဖျောက်ပေးစေသည်ဟု ယူဆသူများလည်း ရှိသည်။ ဆိုရှယ်မီဒီယာများသည် လူထုဆက်သွယ်ရေး လမ်းကြောင်းများဖြစ်သောကြောင့် ယင်းအပေါ်မှ လူပေါင်းစုံတို့၏ စိတ်ဓာတ်နှင့် အရည်အချင်းများကို ပိုင်းဖြတ်နိုင်သောနေရာဖြစ်သည်။ လူမျိုးစုံ၊ စရိုက်စုံ၊ ပညာစုံဖြင့် အမျိုးမျိုးအဖုံဖုံသော သူများ၏စိတ်ဓာတ်နှင့် အမူအကျင့် အပြောအဆိုများကို လေ့လာပြီး မိမိကိုယ်မိမိ အကောင်းဆုံး ရင့်ကျက်သူဖြစ်အောင် တည်ဆောက်နိုင်သည်ဟု ဆိုသူများလည်းရှိသည်။

- အင်တာနက်သုံးစွဲနေသူတိုင်း ကိုယ်က လွှမ်းမိုးအောင် လုပ်ဆောင်နိုင်သည့်ဘက်ရှိသလို ကိုယ့်အပေါ်လည်း လွှမ်းမိုးနိုင်စေသည့်သူများကို ရွေးချယ်နိုင်စွမ်း ရှိသည်။ အကောင်းမြင်စိတ်ဖြင့် like ပေးနေသူများ၊ share လုပ်ပေးနေသူများသည် အပြုသဘောဆောင်သည့် စာလား၊ အဖျက်သဘောဆောင်နေသည့် စာလား ကောင်းစွာ ဆုံးဖြတ်နိုင်ကြသည်။ အကြောင်းအရာ တစ်ခုခု ဖတ်လိုက်လျှင် ငါဘာလုပ်ပေးရမည်နည်းဟု ဆုံးဖြတ်ပေးနိုင်ခြင်းကပင် ခိုင်မာသော ဆုံးဖြတ်နိုင်စွမ်းကို ရင့်သန်စေနိုင်သည်။ သူကြိုက်သူနောက်ကို Follow လုပ်ချင်လည်း လုပ်မည်။ ကိုယ့်ဆုံးဖြတ်ပိုင်ခွင့်ကို တည်ဆောက်ခြင်းဖြစ်သည်။ 

- ဆိုရှယ်မီဒီယာကို သုံးစွဲခြင်းဖြင့် လူတောမတိုးဝံ့သူများ၊ စကားပြောရမည်ကို ကြောက်သည့် လူငယ်များကို လူတောတိုးစေရန်၊ လူထဲဝင်ရန် အထောက်အကူပေးနိုင်သည်။ ဆိုရှယ်မီဒီယာပေါ်တွင် ကြီးသည်၊ ငယ်သည်၊ ကြောက်သည်မရှိ။ အားလုံးကို တန်းတူစိတ်ထားဖြင့် ဆက်ဆံနိုင်သည်ဆိုခြင်းက လူငယ်များအတွက် အားတစ်ခုဖြစ်စေသည်။ 

သုတေသီများက ဆိုရှယ်မီဒီယာသည် မူးယစ်ဆေးစွဲခြင်းကိုပင် ပယ်ဖျောက်ပေးနိုင်သည်ဟု ဆိုကြသည်။ စွဲလမ်းမှုနှင့် အာရုံကို လမ်းကြောင်း ပြောင်းပေးနိုင်ခြင်းကြောင့် မူးယစ်ဆေးဖြင့် ဘဝပျက်ခြင်းထက် ကောင်းသည်ဟု ယူဆသူများလည်း ရှိကြသည်။

အင်တာနက်ဆိုးကျိုးများ -
- အင်တာနက်ဆိုသည့် ဘောင်ထဲတွင် မိတ်ဆွေအများနှင့် ပျော်မွေ့နေရခြင်းမှာ ပြင်ပတွင် မိတ်ဆွေစစ်များနှင့် ရင်းနှီးစွာ နေထိုင်ပြောဆိုရခြင်းနှင့် မတူပါ။ ဆိုရှယ်မီဒီယာတွင် ပျော်မွေ့လွန်းလျှင် ပြင်ပ ပေါင်းသင်းဆက်ဆံရေးတွင် ညံ့ဖျင်းလာစေနိုင်သည်။

- အမေရိကန်လူငယ်များသည် ဆိုရှယ်မီဒီယာကတစ်ဆင့် စာများပေးပို့ခြင်းကို တစ်နေ့လျှင် အနည်းဆုံး စာလုံးရေ ၁၄၄ လုံးခန့် ပြုလုပ်နေကြကြောင်း The Effects of Social Media on Teenagers တွင် ဆန်းစစ်ထားသည်။ ကျောင်းသားများကလည်း Facebook ကို အနည်းဆုံး တစ်ရက် ၁၅ မိနစ် သုံးစွဲနှုန်းရှိသည်ဟု ဆိုသည်။ စိတ်ပညာရှင် ဒေါက်တာကက်သရင်း စတိန်းနား အဒဲက အွန်လိုင်းပေါ်တွင် အနေများလာခြင်းကြောင့် ကလေးတို့၏ ဝေဖန်ဆန်းစစ်နိုင်စွမ်းကို ညံ့ဖျင်းစေနိုင်သည်ဟု ဆိုထားသည်။ ခေတ်ပညာရေးက Critical Thinking လိုင်းဘက်ကို သွားနေသဖြင့် သူက လူငယ်များတွင် ဝေဖန်ဆန်းစစ်သည့် အမြင်၊ တွေးခေါ်ဖောက်ထွက်နိုင်သည့် အမြင်များ ပျောက်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

- အွန်လိုင်းပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် မမြင်ရဘဲ ဆက်သွယ်နေခြင်းက ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ မျက်နှာအမူအရာများ မည်သို့ထားပြီး ဆက်ဆံပြောဆိုရမည်ဆိုသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုကို ပျောက်ကွယ်သွားစေနိုင်သည်။

- အင်တာနက်ပေါ်တွင် အယူအဆမတူ၊ အမြင်မတူမှုများကို ဝိုင်းဝန်းနှိပ်ကွပ်တတ်သောကြောင့် စိတ်ဓာတ်ကျဆင်းမှုများကို ဖြစ်စေသည်။ လူချင်းမဟုတ်သော်လည်း စကားဖြင့် အကြမ်းဖက်ခြင်းကို အချို့သော သူများသည် လုံးဝမခံစားနိုင်ဖြစ်ကြသည်။ အထူးသဖြင့် အတွေးအခေါ် အားနည်းသူများတွင် အလိမ်အညာခံရမှုများလည်း ဖြစ်နိုင်သည်။ 

အင်တာနက်ကောင်းကျိုးများ -
- အင်တာနက်က ပညာကောင်းစွာ ရှာဖွေနိုင်သည့် နေရာတစ်ခုဖြစ်သည်။ လက်ချောင်းလေး တစ်ချက်နှိပ်လိုက်ရုံဖြင့် ကိုယ်သိချင်သည်များကို ရှာဖွေဖော်ထုတ် ပေးနိုင်စွမ်းရှိသည်။ အင်တာနက်ကတစ်ဆင့် ဆရာ၊ နည်းပြ၊ ပညာရှင်တို့ကိုလည်း လွတ်လပ်စွာ ဆက်သွယ်ပြောဆိုနိုင်သည်။

- အချိန်နှင့်တစ်ပြေးညီ သိချင်၊ နားလည်ချင်သည့်အချိန်တွင် စောင့်ဆိုင်းစရာမလိုဘဲ သိနိုင်သည်။ လူငယ်တို့သည် စူးစမ်းလိုစိတ် ပြင်းထန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ချက်ချင်းသိလိုက်ရမှဆိုသည့် စိတ်ဓာတ်ကို အင်တာနက်က ဖြည့်ဆည်းပေးနိုင်သည်။

- အင်တာနက်က ကမ္ဘာကြီးကို နယ်စည်းမခြား ပြားစေနိုင်သည်။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာအယူ၊ အစွဲအလမ်းများကို ပယ်ဖျောက်ပေးစေနိုင်သည်။ မိုင်ထောင်ချီဝေးသည့်နေရာတွင် မိတ်ဆွေထားနိုင်သည်။ ချက်ချင်းပြောဆို ဆွေးနွေးနိုင်သည်။ 

- တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကို ပိုပြီးခိုင်မာစေသည်။ မိတ်ဟောင်းဆွေဟောင်းများကို မပြတ် ဆက်သွယ်နိုင်သည်။ မည်သည့်နေရာ ရောက်နေသည်ဖြစ်စေ ဆက်ဆံရေး မပြတ်ရှိနေမည်။ ကွဲကွာနေသူများကို ပြန်လည်ပေါင်းစည်းစေနိုင်သည်။

- တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်သည့် နေရာတစ်ခုဖြစ်သောကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု တိုးစေသည်။ ကောင်းသူကို ပေါင်းပြီး၊ ကောင်းစကားပြောမည်။ အဆိုးမြင်သမားတွေကို ဖယ်ထုတ်လိုက်မည်။ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ခိုင်မာစွာ မိတ်ဆွေများကိုထားနိုင်သည်။ သတ်မှတ်နိုင်သည်။ လက်ခံနိုင်သည်။ ပယ်ဖျက်နိုင်သည်။

 E-01
(Ref: How Does Social Media Affect Teens?, Aldiyar Dabarov)

  • TAGS