News

POST TYPE

YOUTH

စွန့်ဦး စွန့်စား သူဌေးလေးများ
05-May-2018



အုန်းသီးမုန့်ကြောင့် ကျောင်းထွက်ခဲ့သူ

သူ့အမည်က ဇက်နာသန်ဖြစ်သည်။ အသက်က ၂၃ နှစ်သာရှိသေးသည်။ Cornell တက္ကသိုလ်ကို ပထမနှစ်သာတက်ပြီး ကျောင်းထွက်ခဲ့သည်။ သူ့စိတ်ကူးထဲတွင်ရှိနေသည့် စီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ 

သူ့အသက် ၁၉ နှစ်တွင် နာသန်သည် Ape Snacks ဆိုသည့် လုပ်ငန်းကို စတင်ထူထောင်ခဲ့သည်။ သူ့ဒဿနက ရိုးရိုးလေးပင်။ “လုပ်ရင်းလေ့လာ” ဆိုသည့် ခံယူချက်ကို ကိုင်စွဲပြီး လူငယ်ဖြစ်သော်လည်း ဘဝထဲကို ရဲဝံ့စွာတိုးဝင်သည်။ သူက အုန်းသီးကို အခြေခံသည့် မုန့်များထုတ်လုပ်ရန် စိတ်ကူးရသည်။ သူ့အုန်းသီးမုန့်များသည် အရသာရှိရမည်၊ အာဟာရပြည့်ရမည်၊ သကြားမသုံး၊ ဓာတုဓာတ်ပစ္စည်းများမသုံးဆိုသည့်မူကို ကိုင်စွဲပြီး ထုတ်လုပ်သည်။

အသက် ၁၉ နှစ်သားတွင် တက္ကသိုလ်ကထွက်လာခဲ့ခြင်းမှာ အိမ်တွင် သူ့မိခင်ဖြစ်သူက လုပ်ကျွေးသည့် အုန်းသီးမုန့်ကိုစားပြီး စိတ်ကူးရခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စုသို့သွားပြီး သင်တန်းတက်သည်။ ဗြိတိန်ပြန်ရောက်သည့်အခါ မုန့်ရောင်းသည့် ဆူပါမားကက်ကြီးတွေကို လိုက်လေ့လာသည်။ ရောင်းနေသည့်မုန့်တွေက အာဟာရလည်းမပြည့်၊ ကျန်းမာရေးအတွက်လည်းမကောင်းဟု မြင်သည်။ အများစုမှာ ဓာတုပစ္စည်းများနှင့် သကြားတွေကို လွန်ကဲစွာ သုံးထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အကောင်းဆုံးနှင့် အရသာလည်းရှိရမည်၊ ကျန်းမာရေးအတွက်လည်း သင့်လျော်ရမည်ဆိုသည့် မုန့်များကိုထုတ်ရန် သူ ပထမဆုံးခြေလှမ်း တစ်လှမ်းကို စတင်ခဲ့သည်။ နောက်လေးနှစ်ကြာသည့်အခါတွင် သူတက္ကသိုလ်က ထွက်ရကျိုးနပ်သွားသည်။ Ape Snacks ဆိုသည့် မုန့်လုပ်ငန်းကြီးကို ထူထောင်နိုင်ခဲ့ပြီး ဗြိတိန်တွင် သရေစာမုန့်ထုတ်လုပ်ငန်းများတွင် အကြီးဆုံး လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လာသည်အထိ အောင်မြင်သွားသည်။ 

ယခုဆိုလျှင် ဗြိတိန်နိုင်ငံ၏ ထိပ်တန်းမုန့်လုပ်ငန်း ၇ ခုအတွင်း Ape Snacks ကပါနေပြီး သူနှင့် ပူးပေါင်းလုပ်ဆောင်နေကြသည့် နာမည်ကျော် လုပ်ငန်းကြီးများ လည်းရှိလာသည်။ ယင်းတို့အထဲတွင် Amazon ကလည်း ပါဝင်နေကြောင်း တွေ့ရသည်။ 

သူက သူ့ကိုယ်သူ အလုပ်စွဲသူ (workaholic) အဖြစ်သတ်မှတ်ထားသူဖြစ်သည်။ ၂၀၁၈ ခုနှစ်က The Grocer မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူ့ရုံးလုပ်ငန်းအဖွဲ့တွင် လူ ၈ ဦးသာရှိပြီး သူတို့ဝန်ထမ်းတွေက ရသည့်လစာထဲက ၂ ရာခိုင်နှုန်းကို AAH (Action Against Hunger) အဖွဲ့ကို လှူဒါန်းနေကြောင်း ပြောကြားခဲ့သည်။ 

သူသည် ငယ်ရွယ်သူတစ်ဦးဖြစ်သော်လည်း စီးပွားရေးကို ဦးဆောင်နိုင်သလို အလှူအတန်းတွင်လည်း ရက်ရောသည်။ မဖွံ့ဖြိုးသေးသည့်နိုင်ငံများမှ ငတ်ပြတ်နေသူများထံ သူ၏ Ape Snacks လုပ်ငန်းကြီးက ရရှိသော အကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကို နှစ်စဉ် လှူဒါန်းလေ့ရှိသည်။ 

နာသန်က သူ့လိုဘဝတူ လူငယ်တွေကို ပြောကြားသည့် စကားတစ်ခွန်းမှာ 

“ခင်ဗျားတို့ သင်ယူလေ့လာနေတဲ့ ဘွဲ့ဒီဂရီဆိုတာတွေထက် ပိုမိုပြီး လေ့လာသင်ယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်အကြောင်း၊ လောကအကြောင်း၊ ကိုယ့်နေရာအကြောင်း ကောင်းကောင်းသိအောင်လုပ်ပါ” ဖြစ်သည်။ 

ကျောင်းမတက်၊ ပထမနှစ်နှင့်ထွက်ပြီး အောင်မြင်နေသော အသက် ၂၃ နှစ်အရွယ် လူငယ်လေးတစ်ယောက်၏ ဒဿနစကားဖြစ်သည်။



မုန့်ရောင်းပြီး ကျောင်းမတက်သူ

သူ့အမည်က တွမ်ဟန်းနီးဖြစ်သည် အသက် ၂၁ နှစ်သာရှိသေးသည့် တွမ်သည် ယခုအခါ Stoned Pizza ဆိုသည့်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ 

“ကျွန်တော် ကျောင်းပိတ်ထားချိန်မှာ အလုပ်တစ်ခုခုလုပ်ချင်တယ်။ လုပ်ရင်းနဲ့ ထိန်းလို့မရတော့ဘူး။ ဒါကြောင့် စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လိုက်မိတယ်” ဟု သူကဆိုသည်။

စီးပွားရေးကို အောင်မြင်စွာ ဦးဆောင်လုပ်ကိုင်နိုင်သူတို့ကိုကြည့်လိုက်လျှင် စွန့်စားနိုင်ခဲ့သူများဖြစ်နေကြောင်း တွေ့ရပေလိမ့်မည်။ သူတို့သည် တစ်ခုအတွက် တစ်ခုကို ပေးဆပ်ပြီးမှ လမ်းကြောင်းပေါ်အရောက် လျှောက်နိုင်အောင် ကြိုးစားခဲ့ကြသည်။ တွမ်ဆိုသည့် လူငယ်လေးတစ်ယောက်ကလည်း သူ့လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ဖောက်ပြီး လျှောက်နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။

သူ့ကို ဗြိတိန်နိုင်ငံ၊ နော့တင်ဟမ်မြို့တွင် မွေးဖွားသည်။ ရုသ်လန်းတွင် ကျောင်းတက်သည်။ GCSE စာမေးပွဲမဖြေမီ မိဘတွေက နော့သ်ဒီဗွန်ကိုပြောင်းရွှေ့ကြသည်။ သူ့ဘဝအတွက် အကောင်းဆုံးနေရာ တစ်နေရာအဖြစ် ကြီးပြင်းခဲ့ရခြင်းပင်။

သူသည် အမြဲလိုလို စွန့်ဦးလုပ်ငန်းရှင်တစ်ဦးအဖြစ် ထိုးဖောက်ထွက်ရန် ကြိုးစားချင်နေသူတစ်ဦးဖြစ်သည်။ နော့သ်ဒီဗွန်တွင် နွေရာသီ၌ ခရီးသွားဧည့်သည်များ ရောက်လာတတ်ကြသည်။ အပန်းဖြေရန် ရောက်လာသည့် ဧည့်သည်များကို သူက ကမ်းခြေတွင် ရေခဲမုန့်ရောင်းရန် စိတ်ကူးစရသည်။ ထိုစဉ်က သူ့အသက် ၁၅ နှစ်သာရှိသေးသည်။ သူပိုင်ပစ္စည်းလေးတွေကို ရောင်းချသဖြင့် စတာလင် ပေါင် ၁၀၀ ခန့်ရသည်ကို ရေခဲမုန့်ရောင်းချမည့်လုပ်ငန်းအတွက် စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။ အရေးအကြီးဆုံး ရေခဲသေတ္တာကိုဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုအား စတင်ခဲ့ရသည်။ 

သူက တစ်နေ့လျှင် ၁၄ မိုင်ခန့်လမ်းလျှောက်ပြီး ရေခဲမုန့်ရောင်းရသည်။ တစ်နေ့လျှင် ပေါင် ၇၀ ဖိုးခန့်သာ ရောင်းချနိုင်သည့် လုပ်ငန်းဖြစ်သည်။ သို့သော် သူ့ကြိုးစားမှုအပြင် စေတနာကြောင့် လူပြောများလာပြီး တစ်နေ့ စတာလင်ပေါင် ၃၀၀ ခန့်အထိ ရောင်းချနိုင်သည့်လုပ်ငန်း ဖြစ်လာသည်။

အသက် ၁၆ နှစ်ရောက်သည့်အခါတွင် ရေခဲမုန့်လုပ်ငန်း၌ နာမည်အတော်လေးရလာပြီဖြစ်သည်။ လုပ်ငန်းတိုးချဲ့ရန် စိတ်ကူးရပြီး ပီဇာလုပ်သည့် မီးဖိုကို စုဆောင်းထားသည့်ငွေဖြင့်ဝယ်သည်။ ပထမဆုံး ထင်းမီးဖြင့်ဖုတ်သည့် လတ်ဆတ်သော ပီဇာမုန့်များကို စတင်ရောင်းချခဲ့သည်။ သူက ပီဇာအလွန်ကြိုက်သဖြင့် သူစားချင်သည့် ပီဇာပုံစံများကို ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။ နာမည်ကျော်လာပြီး သူ့ပီဇာဖိုတွင် တန်းစီပြီး စောင့်နေသူတွေ များလာသည်အထိ အောင်မြင်သွား ပြန်သည်။

သူ့သူငယ်ချင်းတွေက သူ့ဆိုင်ကို ပီဇာပြဇာတ်ရုံ ဟုခေါ်ကြသည်။ နွေကျောင်းပိတ်ရက် စိတ်ကူးလေးတစ်ခုက သူ့ကို သူဌေးဘဝရောက်အောင် တွန်းပို့နေပြီ။ သူ့ကိုလည်း ဘဏ်တစ်ခုက စတာလင်ပေါင် ၂၅၀၀၀ ချေးပြီး လုပ်ငန်းတိုးချဲ့နိုင်ရန် အားပေးသည်။ တွမ်က ချက်ချင်း စားသောက်ဆိုင်ကြီးတစ်ဆိုင်ကိုဖွင့်လှစ်ပြီး သူ့လုပ်ငန်းအသွင်ကို ပြောင်းလဲပစ်လိုက်သည်။ 

သူ့ဆိုင်ကို Stoned Pizza ဟုအမည်ပေးသည်။ ၂၀၁၆ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ လတ်ဆတ်သောသီးနှံများနှင့် ထင်းမီးဖြင့် ဖုတ်ထားသော သူ တီထွင်သည့်ပီဇာကို အစားကောင်းကြိုက်သူတွေက အရသာတွေ့ကြသည်။ ကြက်သွန်ဖြူ၊ မှို၊ ပုစွန်တုပ်နှင့် ရှန်ပိန်တွေရောထားသည့် ပီဇာက ဒေသခံများအပြင် ခရီးသွားဧည့်သည်တွေကိုပါ ခံတွင်းတွေ့စေခဲ့သည်။

သူ့ထံတွင် ဝန်ထမ်း ၄၅ ယောက်ရှိသည်။ အများစုမှာ လူငယ်အချိန်ပိုင်း အလုပ်သမားတွေဖြစ်ကြသည်။ သူက ယခုအခါ ပီဇာအင်ပါယာတစ်ခု၏ ဘုရင်ကြီးဖြစ်နေပြီ။ ဆိုင်ခွဲတွေလည်း အများကြီးဖွင့်ထားနေရသည်။ ကျောင်းတက်ပြီး အားလပ်ချိန်ကို အလုပ်စိတ်ကူးသူ ဘဝမှ သူဌေးကြီးဖြစ်ခဲ့ရသူတစ်ယောက်ဖြစ်သည်။ 



ခံစားချက်ကြောင့် သူဌေးဖြစ်ခဲ့သူများ

သူတို့သူငယ်ချင်းနှစ်ယောက်စလုံးက ၂၅ နှစ်သာ ရှိသေးသည်။ ဂေါ်သီယာဗန် မယ်ဒီရန်နှင့် မက်သရူးဒေးဗစ်တို့သည် တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး တစ်နှစ်လျှင် စာအုပ်ဖိုးအဖြစ် ပေါင် ၃၀၀ ခန့်သာ သုံးစွဲနိုင်ကြသည်။ သူတို့က တီထွင်လုပ်ကိုင်ချင်စိတ်များရှိသော်လည်း အထောက်အထား အကိုးအကားများအတွက် စာအုပ်တွေကို ဝယ်မဖတ်နိုင်သည့်အခါ စိတ်ပျက်ခဲ့ရသည်။

သို့သော် သူတို့သည် အင်တာနက်ထဲဝင်မွှေသည်။ ရုပ်ရှင်အကြောင်းဆိုလျှင် Netflix ထဲ ဝင်ကြည့်သည်။ ဂီတအတွက်ဆိုလျှင် Spotify ထဲဝင်လေ့လာသည်။ သူတို့၏ ပြဋ္ဌာန်းစာအုပ်များကို လေ့လာရသည်ထက် ပိုပြီး ခရီးရောက်ကြောင်း ကောင်းကောင်းသိသွားသည်။ 

သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ရန် စိတ်ကူးရကာ တိုင်ပင်ကြသည်။ အသက် ၁၉ နှစ်အရွယ်တွင် Teenage Tourist ဆိုသည့် လုပ်ငန်းစုကို စတင်ထူထောင်နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဈေးကွက်ကုမ္ပဏီတစ်ခုဖြစ်သည့် Iconic Matter ကိုလုပ်ကိုင်နေသူ ရော့ဘီရိုင်းအား သူတို့ လုပ်ငန်းကို ပြန်လည်ရောင်းချနိုင်ခဲ့သည်။ 

မယ်ဒီယန်နှင့် သူငယ်ချင်းဖြစ်သူ ဒေးဗစ်တို့သည် ကျောင်းအတူတက်နေကြသူများဖြစ်သည်။ သူတို့ နှစ်ဦးစလုံးသည် Website ကိုထူထောင်ပြီး စီးပွားဖြစ်လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရန် ဆန္ဒပြင်းထန်နေသူများဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်ကတည်းက နည်းပညာနှင့် ရူးသွပ်ခဲ့ရာတွင်လည်း သူတို့တူညီကြသည်။ ထို့ကြောင့် နှစ်ယောက်ပေါင်းပြီး Perlego ဆိုသည့်အဖွဲ့ကို ထူထောင်ခဲ့ကြသည်။ သူတို့အဖွဲ့က အွန်လိုင်းပေါ်ကတစ်ဆင့် စာအုပ်များကို စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်း၊ e-Book များကို ဖတ်နိုင်စေရန် အကူအညီပေးခြင်းစသည့် လုပ်ငန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ထူထောင်ခဲ့ကြသည်။ 

သူတို့ Website ထဲကို စာလာဖတ်သူများကို လစဉ်သတ်မှတ်ထားသည့် အခကြေးငွေယူသည်။ ထိုငွေ ပမာဏက ဖတ်စာအုပ်တွေကို ဝယ်ဖတ်ရသည့် ငွေပမာဏထက် များစွာနည်းသည်။ သူတို့က စာအုပ်ထုတ်ဝေသူများကို ဖတ်သူများထံကရသည့်ငွေထဲမှ ၆၅ ရာခိုင်နှုန်း ပြန်ပေးသည်။ ကျောင်းသား ဖတ်စာအုပ်မကိုင်ချင်သည့် ကျောင်းသားများလည်း သဘောကျ၊ ထုတ်ဝေသူတွေလည်း ဝင်ငွေရသဖြင့် သူတို့ Perlego လုပ်ငန်းက ပိုပြီးတွင်ကျယ်လာသည်။ 

တစ်နှစ်ခန့်အကြာတွင် သူတို့အဖွဲ့ကို ၁၂ ဦးအထိ တိုးမြှင့်နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံငွေကလည်း ပေါင် ၈၅၀,၀၀၀ ခန့်ဖြစ်လာသည်။ လုပ်ငန်းရှင်ကြီးတွေကလည်း သူတို့ကို ကူညီထောက်ပံ့ကြသည်။ ကမ္ဘာ့အကြီးဆုံး e-Book လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Ingram ကလည်း သူတို့နှင့် ပူးပေါင်းသည်။ ထို့ကြောင့် ယနေ့ဆိုလျှင် Perlego တွင် e-Book လုပ်ငန်းရှင်ပေါင်း ထောင်ချီကာ ပူးပေါင်းလုပ်ဆောင်နေကြပြီဖြစ်သည်။

ဖွံ့ဖြိုးလာသည့် e-Book လုပ်ငန်းနှင့် ကျောင်းသုံးပုံနှိပ်လေ့လာရေးလုပ်ငန်းများကို သူတို့နှစ်ယောက်က တစ်ကမ္ဘာလုံးတွင် ဖြန့်ချိနိုင်ရန် ကြိုးစားနေသည်။ အမေရိကန်ပြည်ထောင်စုကိုလည်း လုပ်ငန်းခွဲသွားဖွင့်ထားသည်။ Perlego ကို သူတို့က ကျောင်းသားဘဝ ခံစားချက်ဖြင့် ဖွင့်လှစ်ထူထောင်ခဲ့သည်။ ယခုတော့ ခံစားချက်က သူတို့နှစ်ယောက်စလုံးကို သူဌေးဖြစ်သွားစေခဲ့သည်။

E-01

(Ref: StartUps)