News

POST TYPE

YOUTH

တရုတ် ခေတ်လူငယ်များ၏ ချစ်သူရှာဖွေရေးလမ်းကြောင်း
28-Apr-2018



တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ပြည်သူ့ရင်ပြင်တွင် လူသွားလမ်းဘေး တစ်ဖက်တစ်ချက်၌ ထီးလေးတွေ အစီအရီဖွင့်ပြီး ချထားကြသည်။ ထီးလေးတွေပေါ်တွင် စာလေးတွေကပ်ထားသည်။ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ပညာရေးနှင့် အလုပ်အကိုင်တွေကို ရေးသားဖော်ပြထားသည်။ ထိုထီးလေးများသည် ချစ်သူရွေးစရာ ကြော်ငြာထီးလေးတွေ ဖြစ်ကြသည်။ 

တရုတ်နိုင်ငံတွင် ရှေးက အောင်သွယ်ဖြင့် ကြင်ဖက်ရှာကြသည်။ ယခုတော့ မျိုးဆက်တွေပြောင်း၊ ခေတ်တွေပြောင်းသွားပြီ။ ကလေးတွေကို ကိုယ့်ကြင်ဖော်ကိုယ်ရှာသည့်ခေတ်ရောက်လာသည်။ မိဘတွေပေးစားမှ ယောကျာ်းယူရမည့်ခေတ်တွေ ကုန်သွားပြီဖြစ်သည်။

တရုတ်နိုင်ငံတွင် ယနေ့ခေတ်စားနေသည့် အခြားကြင်ဖော်ရှာနည်းမှာ Online dating ဖြစ်သည်။ လွတ်လပ်သော တရုတ်လူငယ်တွေက အိမ်ထောင်ဖက်ကို အင်တာနက်ကတစ်ဆင့် ရှာဖွေလာခြင်းဖြစ်သည်။ နည်းပညာဖြင့် ကြင်ဖော်ရှာကုမ္ပဏီတွေကလည်း အွန်လိုင်းထဲ ရောက်လာကြသည်။ အိမ်တွင် ထိုင်ရာမထ ကြင်ဖက်ရှာနိုင်သည့်ခေတ်ကို ရောက်လာပြီ။

အွန်လိုင်းတွင် ကြင်ဖက်ရှာနည်းက ပိုပြီးအချက်အလက်တွေစုံလာသလို ပုံတွေကိုလည်းတွေ့နိုင်သည်။ အစစ်အမှန်အာမခံရန် ကုမ္ပဏီတွေက ကြားဝင်ပြီး ပွဲစားလုပ်လာကြသည်။ တရုတ်နိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံခန့်ရှိပြီး အသက် ၂၅ နှစ်မှ ၅၄ နှစ်အတွင်း လူငယ်ဟု သတ်မှတ်နိုင်သည့်အရွယ် ထက်ဝက်ခန့်ရှိသည်။ လက်မထပ်ရသေးသူ အရေအတွက် သန်း ၂၀၀ ခန့်ရှိကြောင်း အစိုးရကထုတ်ပြန်ထားသည်။ လက်မထပ်ရသေးသူများသည် ၂၀၁၆ ခုနှစ်တွင် အွန်လိုင်းအောင်သွယ်လုပ်ငန်း ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပြီး ကြင်ဖော်ရှာနေကြသည်မှာ ၅၄ သန်းခန့်ရှိသည်။ လာမည့် ၂၀၂၂ ခုနှစ်တွင် နောက်ထပ် ၂၄ သန်းခန့် ထပ်တိုးလာလိမ့်မည်ဟု ခန့်မှန်းထားသည်။ တရုတ်တွင် ထူထောင်ထားသည့် ကြင်ဖော်ရှာ အကျိုးဆောင်လုပ်ငန်းများအနေနှင့်လည်း သန်း ၁၀၀ ခန့်အထိ အကျိုးဆောင်ပေးနိုင်ရန် မျှော်လင့်ထားကြသည်။

တရုတ်တွင် ၁၉၈၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်ကြား မွေးဖွားသည့် လူငယ်မျိုးဆက်တို့သည် တရုတ်နိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်။ တရုတ်လက်ထပ်သည့် ပျမ်းမျှ အသက်အရွယ်ကလည်း အမျိုးသားက ၂၂ နှစ်၊ အမျိုးသမီးက ၂၀ နှစ်ဖြစ်လာသည်။ စမတ်ဖုန်းတွေကို လူငယ်တိုင်းလိုလို သုံးလာနိုင်သည့်ခေတ်တွင် သူတို့အတွက် ဖုန်းကတစ်ဆင့် ကြင်ဖက်ရှာရေးကလည်း သိပ်ပြီးမခက်ခဲသည့် လုပ်ငန်းတစ်ခုဖြစ်လာသည်။ 

တရုတ်နိုင်ငံ အွန်လိုင်းကြင်ဖက်ရှာ Website များအနက် Baihe သည်ထင်ရှားသည်။ သူတို့လိုင်းတွင် လာဆက်သွယ်သူတိုင်းသည် နာမည်အမှန်နှင့် အချက်အလက်မှန်များကို ပေးထားရသည်။ Baihe ကို ၂၀၀၅ ခုနှစ်ကတည်းက ထူထောင်ထားသည်။ ယခုဆိုလျှင် သူတို့နှင့်ချိတ်ဆက်ပြီး အကျိုးဆောင်ပေးနေရသူပေါင်း သန်း ၁၀၀ ခန့်ရှိသည်။ အွန်လိုင်းသာမက Offline ဟုခေါ်သည့် ပြင်ပဝန်ဆောင်မှုပါနှစ်မျိုးစလုံးကို လုပ်ဆောင်ပေးနေသည်။ Baihe အနေနှင့် အောင်သွယ်လုပ်ငန်းသာမက အကြံပေးခြင်း၊ ငွေကြေးကူညီခြင်း၊ မီဒီယာကို သတင်းထုတ်ပြန်ခြင်း စသည့် ဝန်ဆောင်မှုများကိုပါ ဆက်လုပ်နိုင်ရန် စီစဉ်ထားသည်။ 

အခြား ကြင်ဖက်ရှာ Website တစ်ခုဖြစ်သည့် Jiayuan.com ကိုလည်း Baihe ကပင် ပိုင်ဆိုင်သည်။ သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိသည်။ မြို့ကြီးပေါင်း ၇၁ မြို့တွင် စတိုးဆိုင်နှင့် အကျိုးဆောင်လုပ်ငန်းများကိုလည်း ဖွင့်လှစ်ထားသည်။ ၂၀၀၃ ခုနှစ်ကတည်းက ထူထောင်ထားပြီး ကြင်ဖက်တို့၏ အချက်အလက်များကို အတိအကျ ဖော်ပြပေးထားသည်။ 

တရုတ်နိုင်ငံသည် ရှေးရိုးစွဲအစဉ်အလာကို မစွန့်နိုင်သေးသောကြောင့် လက်ထပ်မည့်ကြင်ဖက်၏ ပညာအဆင့်၊ နိုင်ငံခြားတွင် ပညာသင်ဖူးခြင်း၊ ယခင်ရည်းစား ရှိ၊ မရှိ၊ မိသားစုနောက်ခံတို့ကို အလေးပေးကာ သိလိုကြသည်။ ကြင်ဖက်ရှာကုမ္ပဏီများအနေနှင့် မိမိတို့ထံ ဆက်သွယ်လာသည့် ဖောက်သည်များထံက အချက်အလက်တို့ကို ထိန်းသိမ်းကာ ပဏာမ အွန်လိုင်းတွင် တွေ့ဆုံနိုင်ရန် စီစဉ်ပေးရသည်။ အချို့သောသူများက ရည်းစားထားရုံအဆင့်လောက်သာဖြစ်ပြီး၊ အချို့က လက်ထပ်ရန်အထိ ရည်ရွယ်ကာ အွန်လိုင်းကုမ္ပဏီများကို အသုံးချကြသည်။ 

များသောအားဖြင့် သမီးရည်းစားဖြစ်သူများသည် ကော်ဖီဆိုင်တစ်ဆိုင်တွင် ချိန်းတွေ့ရန်ဖြစ်သော်လည်း ဖုန်းပွတ်ပြီး အရသာခံနေသည့်လူငယ်များမှာ ဖုန်းပေါ်တွင်သာ ချိတ်ဆက်ပြီး သာယာနေကြသည်များလည်း ရှိနေပြန်သည်။

အွန်လိုင်းကတစ်ဆင့် ရည်းစားရှာလိုသူများသည် ဘဏ်တွင် ငွေစာရင်းဖွင့်ထားရသည်။ ကုမ္ပဏီကို ဆက်သွယ်လျှင် ဘဏ်စာရင်းကို သတ်မှတ်ထားသည့်ငွေဖြည့်ပေးကြရသည်။ ၂၀၁၃ ခုနှစ်တွင် အွန်လိုင်းကြင်ဖက်ရှာကုမ္ပဏီများသည် တရုတ်ယွမ်ငွေ ၁ ဒသမ ၉၃ ဘီလီယံခန့် ပွပေါက်တိုးသွားခဲ့ကြရသည်။ ၂၀၁၇ ခုနှစ်ရောက်သည့်အခါတွင် ယွမ် ၄ ဘီလီယံတိုးသွားသည်။ ထိုကြင်ဖော်ရှာလုပ်ငန်း မည်မျှဖွံ့ဖြိုးလာသည်ကို ခန့်မှန်းကြည့်နိုင်သည်။ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ၅ ဘီလီယံခန့်ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ 

အွန်လိုင်းပေါ်ကတစ်ဆင့် လက်ထပ်လိုသောကြောင့် ကြင်ဖက်ရှာနေသည့်နှုန်းက တိုးပွားနေသလို တရုတ်နိုင်ငံတွင် အိမ်ထောင်ကွဲလိုသည့်နှုန်းတွေကလည်း တိုးပွားနေသည်။ လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက လက်ထပ်ပြီး ၃ ဦးတွင် ၁ ဦးခွဲနှုန်းခန့် ကွာရှင်းပြတ်စဲနေကြသည်။ 

“ပြဿနာက လက်ထပ်ဖို့က မဖြစ်မနေလုပ်ရမယ့် တာဝန်ကြီးတစ်ခုလိုဖြစ်နေပြီး အမှန်တော့ လူငယ်တွေက တစ်ယောက်တည်း နေချင်ကြတာများတယ်။ ဒါကြောင့် ရည်းစားဖြစ်လည်း လက်ထပ်ဖို့ နေ့ရွှေ့ ညရွှေ့ လုပ်နေကြတာများတယ်” ဟု အကျိုးဆောင်လုပ်ငန်းလုပ်နေသည့် ဝမ်ကပြောသည်။ အိမ်ထောင်ကွဲတွေ များလာရခြင်းမှာ ယောကျာ်းနှင့် မိန်းမ ခွဲခြားဆက်ဆံမှုများနှင့် လူမှုရေးဖောက်ပြန်မှုများကြောင့်ဖြစ်ကြောင်း သူက ဆိုသည်။

အိမ်ထောင်ကွဲခြင်း ပြဿနာများကို လေ့လာကြည့်သည့်အခါတွင်လည်း မချစ်မနှစ်သက်ဘဲ လက်ထပ်ခဲ့ရသည့် စုံတွဲတွေကများသည်။ စီးပွားရေးအဆင်ပြေစေရန် လှုပ်ရှားရုန်းကန်နေကြရသဖြင့် အိမ်ထောင်ရှင်များအနေနှင့် ကလေးကို ချက်ချင်းမလိုချင်ကြပေ။ သို့သော် မိဘတွေက ဖိအားတွေပေးပြီး အတင်းကလေး ယူခိုင်းသည့်အခါတွင်လည်း ပြဿနာဖြစ်ကြရသည်။ ထို့ကြောင့် ရည်မှန်းချက်ကြီးမားသည့် တရုတ်စီးပွား ရေးသမားလူငယ်များနှင့် ပညာတတ် လူတန်းစားကြားတွင် လက်ထပ်ရေးနှင့် အိမ်ထောင်ပြုရေးတို့မှာ သိပ်ပြီးအရေးမပါသလို ဖြစ်နေရပြန်သည်။ 

တရုတ်နိုင်ငံ အွန်လိုင်းကြင်ဖက်ရှာလုပ်ငန်းများ ဖြစ်သည့် Momo, Tantan, Jiayuan, Baihe တို့သည် သူတို့နည်း သူတို့ဟန်များဖြင့် အကျိုးဆောင်လုပ်ငန်းများကို လုပ်ဆောင်ပေးနေကြသည်သာဖြစ်သည်။ သို့သော် တက္ကသိုလ်ကျောင်းသားအဆင့်တွေက သူတို့ထံ အလာနည်းသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် စာတွေပိနေသောကြောင့်ဖြစ်သည်။ အွန်လိုင်းတွင် ရည်းစားရှာပြီးလည်း သွားမတွေ့ကြသည်က များသည်။ 

၂၀၁၇ ဩဂုတ်လက အွန်လိုင်းချိန်းတွေ့ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းမှ လူပေါင်း ၆၀၀ ခန့်ကို ရဲကဖမ်းလိုက်သည်။ သူတို့လုပ်ဆောင်နေမှုများကို မရိုးသားသောကြောင့်ဟု အကြောင်းပြသည်။ ထိုလိုင်းများကို သုံးနေသူများမှာ ယောကျာ်းလေးများဖြစ်ပြီး လက်ဆောင်များဝယ်ရခြင်း၊ မရှိသည့် မိန်းကလေးများ၏ မပေါ့်တပေါ်ပုံများနှင့် ဗီဒီယိုများကို အသုံးပြုခြင်းကြောင့် ရဲက အရေးယူခြင်းဖြစ်သည်။

တရုတ်တွင် တစ်အိမ်ထောင်ကလေးတစ်ယောက်နှုန်း ပေါ်လစီကြောင့် မိန်းကလေးအရေအတွက်က ရှားပါးလာသည်။ ထို့ကြောင့် အိမ်ထောက်ဖက်ရှာရခြင်းမှာ မိဘများအတွက်လည်း သောကရောက်ရသည်။ သို့သော် တရုတ်လူငယ်တွေက ကြင်ရာထက် ပညာကို ပိုမက်နေသည်။ ပညာတတ်အောင်လုပ်မည်။ နိုင်ငံခြားထွက်မည်။ အလုပ်အကိုင်ကောင်းကောင်း ဝင်ငွေကောင်းကောင်း ရအောင်လုပ်မည်ဆိုသည့် စိတ်ဓာတ်တွေကြောင့် လူငယ်တို့၏ အွန်လိုင်းကြင်ဖက်ရှာလုပ်ငန်းမှာ အချို့သောလူငယ်များအတွက် ကစားစရာတစ်ခုပမာ ဖြစ်နေရသည်။

E-01

(Ref: South China Morning Post)