News

POST TYPE

YOUTH

လူငယ် အွန်ထရယ်ပရယ်နား သူဌေးများ
28-Apr-2018 tagged as



ကြော်ငြာစိတ်ကူး 

သူ့အမည်က အက်ဟော်လန်ဖြစ်သည်။ DrivenMedia ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသည်။ သူ့အသက်က ၂၃ နှစ်သာရှိသေးသည်။ 

မနက်တိုင်း ရုံးချိန်ကျောင်းချိန်တွင်ကားတွေ ပိတ်ကျပ်ပြီးနေတတ်သည်။ ထိုအချိန်တွင် လူတိုင်း၏ ခေါင်းထဲတွင် မည်သို့ဖြစ်နေမည်နည်း။ အက်ဟော်လန်ကတော့ ပိတ်နေသည့်ယာဉ်ကြောထဲတွင် စိတ်ကူးတစ်ခု လက်ခနဲ တောက်လိုက်သည်။

သူက အလုပ်ကို စိတ်ဝင်စားသူဖြစ်သောကြောင့် စေ့စပ်ထားသူကိုပင် ဆုံးရှုံးခဲ့ရသည်။ မီးပွိုင့်တွင် ပိတ်မိနေစဉ် ပတ်ဝန်းကျင်၌ ရပ်ထားရသော ဘတ်စ်ကားကြီးတွေ ကုန်တင်ကားကြီးတွေကိုလည်း သူတွေ့နေရသည်။ သူ့အမြင်ထဲရောက်လာသည့် ကားတွေကို နေ့စဉ်အရေအတွက်အားဖြင့် တွက်ဆကြည့်နေမိသည်။ ကြည့်ရင်းဖြင့် DrivenMedia ကိုထူထောင်ရန် စိတ်ကူးရသွားသည်။

သူက ကုန်တင်ကားများနှင့် ဘတ်စ်ကားများ၏ ဘေးနှစ်ဖက်နှင့် နောက်ဘက်ကို အလကားလွှတ်ပေးထားမည့်အစား ကြော်ငြာများ လိုက်ထည့်လိုက်လျှင်ဆိုပြီး စိတ်ကူးရသွားသည်။ အဝေးပြေးလမ်းမကြီးများပေါ်တွင် ထောင်ထားသည့် ဘီလ်ဘုတ်များထက် သူ့ကားပေါ်မှ ကြော်ငြာဘုတ်တွေက နေရာအနှံ့၊ ဒေသအနှံ့ ပေါက်ရောက်နိုင်သဖြင့် ပိုပြီးထိရောက်မည်ဟု သူက တွက်ဆသည်။ 

သူက ကြော်ငြာတွေလိုက်ကောက်တော့သည်။ ကြော်ငြာလိုသူများအနေနှင့် သူ့ကိုတစ်နှစ်စာ စာချုပ်ရသည်။ ကားတစ်စီးအတွက် ကြော်ငြာခမှာ စတာလင်ပေါင် ၇၈၀၀ ဖြစ်သည်။ ယင်းငွေကို ကြော်ငြာလိုသည့် ကုမ္ပဏီက ပေးရပြီး၊ သူက ကားပိုင်ရှင်တွေကို တစ်စီးလျှင် စတာလင်ပေါင် ၅၅၀၀ ပြန်ရှင်းပေးသည်။ 

လော်ရီကြော်ငြာဆိုပြီး သူ့လုပ်ငန်းက နာမည်တွင်သွားသည်။ ကုန်တင်ထရပ်ကားကြီးများသည် တစ်နေ့လျှင် အနည်းဆုံး လမ်းပေါ်တွင် ငါးနာရီရှိနေသည်။ တစ်ပတ် ငါးရက်ထွက်ကြရသည်။ သူက ကားများတွင် GPS စနစ်တွေကို တပ်ပေးထားပြီး သူ့ကြော်ငြာကားတွေ ဘယ်နှကြိမ်၊ ဘယ်နှနာရီ လမ်းပေါ်တွင် ရှိနေသည်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ သူ့ကြော်ငြာလုပ်ငန်းကို ဗြိတိန်တွင် ဖြတ်သွားဖြတ်လာလူပေါင်း ၅၅,၀၀၀ ခန့် နေ့စဉ်တွေ့မြင်နေကြရသည်။ 

ဟော်လန်သည် ဒါဘီတက္ကသိုလ်တွင် ပညာသင်ခဲ့သည်။ သူ့ကြော်ငြာလုပ်ငန်းသည် ယနေ့ဆိုလျှင် ဈေးအသက်သာဆုံးနှင့် အထိရောက်ဆုံးဖြစ်နေသည်။ သူ လုပ်ငန်းကို စတင်လုပ်စဉ်က ရင်းနှီးမြှုပ်နှံမှုမှာ စတာလင်ပေါင် ၃၀,၀၀၀ ခန့်ဖြစ်သည်။ လုပ်ငန်းကတစ်ဆင့် ၂၀ ရာခိုင်နှုန်း ပုံမှန်အမြတ်ငွေပြန်ဝင်နေသည်။ ပထမဆုံး ကားစင်းရေ ၁၀၀ ခန့်ဖြင့် ကြော်ငြာလုပ်ငန်းကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။ 

သူသည် လူငယ်တစ်ဦးဖြစ်သော်လည်း သူ့အပေါ် ဆက်သွယ်မည့်ကြော်ငြာရှင်ရော ကားသမားတွေအပေါ်ပါ အကောင်းဆုံးဆက်ဆံပြီး ယုံကြည်မှုတစ်ခုကို ရအောင်တည်ဆောက်နိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း DrivenMedia ၏ အကြီးအကဲတစ်ဦးအဖြစ် အားလုံးက လက်ခံလာသလို သူ့အတွက်အနာဂတ်ကလည်း လမ်းပွင့်နေပြီဖြစ်သည်။ 

E-01

  • TAGS