News

POST TYPE

YOUTH

ကိုယ်ပိုင်ဟန်ဖြင့် ဘဝကို တည်ဆောက်ကြသူများ
06-Apr-2018



ရေမွှေးဖြင့် ဘဝကိုစိန်ခေါ်ခဲ့သူ

ရှီတယ်ရှား၏ အဓိကပန်းတိုင်မှာ ရေမွှေးထုတ်လုပ်ချင်သူဖြစ်သည်။ သူက ရေမွှေးကို ဝါသနာပါသည်။ ထို့ကြောင့် နွေရာသီကျောင်းပိတ်ရက်တွင် ရေမွှေးလုပ်သည့်လုပ်ငန်းထဲဝင်ကာ လေ့လာမိသည်။ ရေမွှေးကို လေ့လာရင်းက စီးပွားရေးလုပ်ငန်းအသွင်ပြောင်းပြီး ငွေရှာသည်။ ငွေရလာပြန်တော့လည်း ကလေးဆေးရုံတွေကို အရုပ်လေးတွေ လိုက်လှူကာ ပျော်မွေ့တတ်သူဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်တစ်ရက်တွင် ရှားသည် အိန္ဒိယနိုင်ငံ အထက်တန်းစာမေးပွဲဖြေပြီးခါစ ဖြစ်သည်။ ထိုစာမေးပွဲသည် CGSE အဆင့် စာမေးပွဲနှင့် ညီသည်။ စာမေးပွဲဖြေအပြီး A levels စာမေးပွဲကို ဆက်ဖြေရန် စာရင်းသွင်းပြီး ကျောင်းသုံးလနားထားသဖြင့် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ အနီးနားတွင် ဖယောင်းတိုင်လုပ်ငန်း၊ ဂရပ်ဖစ်ဒီဇိုင်းသင်တန်း၊ အချက်အပြုတ်သင်တန်းတွေရှိသည်။ မိခင်ဖြစ်သူက ကျောင်းပိတ်ရက်တွင် သင်တန်းတစ်ခုခု တက်ထားစေချင်သည်။

တစ်နေ့ သူလက်ကမ်းကြော်ငြာတစ်ခုရလိုက်သည်။ ရေမွှေးလုပ်နည်းသင်တန်းဖြစ်သည်။ သူက ရေမွှေးလုပ်ငန်းကို စိတ်ဝင်စားသည်။ ဓာတုဗေဒ သဘောတရားတွေနှင့်လည်း ပတ်သက်နေသည်။ သူက ရေမွှေးလုပ်နည်းသင်တန်းကို သွားတက်သည်။

သင်တန်းက နှစ်ရက်သာကြာသည်။ ရေမွှေးလုပ်နည်း၊ စပ်နည်း၊ ရောနည်းတွေကို သင်ပေးခြင်းဖြစ်သည်။ သင်တန်းက ရက်တိုတိုလေးဖြစ်သော်လည်း သူသဘောတရားတွေကို ရလိုက်သည်။ ထို့ကြောင့် အိမ်ပြန်ရောက်လာသည့်အခါတွင် ဖခင်ဖြစ်သူကို ရေမွှေးထဲထည့်ရသည့် ပစ္စည်းများ၊ ဆေးများ သွားဝယ်ခိုင်းသည်။ ကုန်ကြမ်းတွေ အိမ်ရောက်လာသည့်အခါတွင် ရှားတစ်ယောက် အိမ်တွင် ရေမွှေးတွေ စမ်းထုတ်တော့သည်။ သူထုတ်ထားသည့် ရေမွှေးတွေကိုလည်း အမည်တွေ အမျိုးမျိုးလျှောက်ပေးသည်။ စပယ်၊ နှင်းဆီ၊ လိုင်လီ၊ စတော်ဘယ်ရီ စသည်ဖြင့်ပေးပြီး ဖော်မြူလာတွေကို မှတ်သားထားသည်။ သူထုတ်လုပ်ထားသည့်ရေမွှေးတွေကို သူငယ်ချင်းများအား နမူနာပေးပြီး စမ်းသုံးခိုင်းသည်။ အစောပိုင်းတွင် စီးပွားရေးကို စိတ်ကူးမိခြင်းမရှိသေး။ ထုတ်လုပ်နိုင်ရေးအတွက် တီထွင်နိုင်ရေးကိုသာ စိတ်သန်ပြီး လုပ်ဆောင်နေခြင်းဖြစ်သည်။

သူ့ရေမွှေးတွေကို သူငယ်ချင်းတွေကလည်း ကြိုက်လာသည်။ အချင်းချင်းလက်တို့သဖြင့် ဝယ်လိုမှုတွေ ရှိလာသည်။ ထုတ်ရောင်းကြည့်ရာ အကျိုးအမြတ်တွေ ရှိလာသည်။ ရလာသည့် အကျိုးအမြတ်တွေကို ကလေးဆေးရုံသို့ အရုပ်လေးများဝယ်ပြီး လိုက်လှူသည်။ ထိုအလှူကပင် သူ့စီးပွားရေးကို လူတွေပိုပြီး သိလာစေသည်။

သူက ရေမွှေးထုတ်သည့် ဖော်မြူလာတွေကို တစ်ဦးတည်းသိမ်းထားသည်။ မည်သူ့ကိုမှမပေး။ သူ့ရေမွှေးတွေက ဈေးလည်းသက်သာသဖြင့် ဆိုင်ကြီးတွေက ဝယ်ယူရန်ကမ်းလှမ်းလာသည်။ သူက အစောပိုင်းတွင် သူငယ်ချင်းတွေ၏ မွေးနေ့တိုင်းကို ရေမွှေးတွေ လက်ဆောင်ပေးရာက ပိုပြီးနာမည်ရလာပြန်သည်။ သူငယ်ချင်းနှင့် မိသားစုတွေက သုံးစွဲရင်း သတင်းဖြန့်ပေးကြသည်။

အိမ်တွင်းထုတ်လုပ်ငန်းလေးဖြစ်သဖြင့် ကျယ်ပြန့်စွာ မလုပ်နိုင်သေး။ တစ်ယောက်တည်း အိမ်တွင်ထုတ်လုပ်နေရသဖြင့် နွေရာသီနားရက်လည်း အနားမယူနိုင်တော့။ သူက အားလပ်ရက်ကို စီးပွားရေးအတွက် စမ်းသပ်ချိန်ကာလတစ်ခုအဖြစ် ပြောင်းလဲလိုက်နိုင်ခဲ့သည်။

ရေမွှေးကို အမှာတွေကျလာသော်လည်း သူ့တွင် အစုအပြုံလိုက် ထုတ်လုပ်နိုင်သည့် အင်အားလည်း မရှိ၊ ငွေကြေးလည်းမရှိ ဖြစ်နေသည်။ လက်ဆောင်ပေးလိုသူတွေကလည်း သူ့ဆီကို တိုက်ရိုက်လာဝယ်ကြသည်။ ရေမွှေးက ကိုယ်တိုင်သုံးရန် ထုတ်လုပ်ခြင်းသာဖြစ်ကြောင်း ပြောကြားချက်က လူတွေကို ပိုစိတ်ဝင်စားစေခဲ့သည်။ သူ့ရေမွှေးကို ဆိုရှယ်မီဒီယာပေါ်တွင် သူငယ်ချင်းတွေက သတင်းဖြန့်ပေးသော်လည်း သူက ဆိုရှယ်မီဒီယာပေါ်တွင် မကြော်ငြာရဲပေ။ တစ်ဆင့်စကားဖြင့်သာ သူ့ရေမွှေးက နာမည်ကျော်နေခြင်းဖြစ်သည်။

သူ တက္ကသိုလ်ရောက်လာသည့်အခါတွင်လည်း တီဗီလိုင်းတွေက သူ့ကိုစိတ်ဝင်စားစွာဖြင့် ရိုက်ကူးရန်နှင့် အင်တာဗျူးရန် ကမ်းလှမ်းကြသည်။ ထို့ပြင် သူ့ကျောင်းကပါ သူ့ကို ကျောင်းသားများအား ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို မည်သို့ထူထောင်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင် လုပ်မည်နည်းဆိုသည့် ဟောပြောပွဲတွေကို စီစဉ်ပေးပြီး ဟောပြောပို့ချခိုင်းသည်။

သူ့လုပ်ငန်းတွင် အမှားတွေများစွာကို သင်ခန်းစာယူပြီး အောင်မြင်လာရခြင်းဖြစ်သည်။ စာတွေ့နှင့် လက်တွေ့ကို အကြိမ်ကြိမ် ပေါင်းစပ်နိုင်စေရန် လေ့ကျင့်ဖော်စပ်နိုင်ခြင်းက အောင်မြင်မှုကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ကိုလည်းတက်၊ အလုပ်ကိုလည်း ကြိုးစားရင်းက ဒုတိယနှစ်ရောက်မှ သူ့ဘဝကို မည်သည့်ပညာ ဆက်လက်သင်ယူရမည်ကို ဆုံးဖြတ်နိုင်ခဲ့သည်။

သူက ကျောင်းတွင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရပ်တွေကိုလည်း လေ့လာသင်ယူခဲ့သည်။ ဈေးကွက်နှင့် ငွေကြေးဆိုင်ရာသင်တန်းတွေတက်ခဲ့သည်။ သူ့တွင် လုပ်ငန်းကရှိနေပြီ။ ကိုယ်ပိုင်ငွေဖြင့် လုပ်ငန်းကြီးတစ်ခုကို စတင်ရန် သူအားယူနေပြီဖြစ်သည်။ သူ ယခုသင်ယူနေသည်မှာ ကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး စီမံအုပ်ချုပ်သူဘဝမျိုးကို ရောက်ရန်ဖြစ်သည်။ 

ဘဝဆိုသည်မှာ အလွယ်တကူဖြစ်လာသည်ဆိုခြင်းကို ရှားက လက်မခံ။ သူက အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်ရုန်းကန်ရင်းက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ သူ့စိတ်ကူး သူ့လုပ်ဆောင်ချက်များကို သဘောကျသဖြင့် ငွေထုတ်ပေးရန် ကမ်းလှမ်းလာသူများလည်းရှိသည်။ သို့သော် သူက သူ့ကိုယ်ပိုင်ငွေကြေးများဖြင့်သာ စွန့်စားလုပ်ဆောင်သွားရန် ဆုံးဖြတ်ထားသည်။ ရှားက

“ကျွန်မ စိန်ခေါ်မှုတွေကို ကြုံတွေ့လာရတိုင်း အကောင်းမြင်ကြည့်တယ်။ ကျွန်မ ကျော်လွှားနိုင်မယ်လို့ ယုံကြည်စိတ်ထားတယ်။ ပြီးတော့ ကျော်လွှားပစ်လိုက်တယ်”ဆိုသည့်စကားမှာ လူငယ်အမျိုးသမီးတစ်ယောက်၏ အားမန်ပါသော လေးစားဖွယ်ရာစကား ဖြစ်သည်။

E-01